ပြည်သူလူထုကို စော်ကားတဲ့ ဌေးဦး

အင်္ဂါနေ့၊ မေလ ၈၊ ၂၀၁၂

ပြည်သူလူထုကို စော်ကားတဲ့ ဦးဌေးဦးသို့... ( ဟာဂျူလီ(ကသာ)၏ပေးစာ )

ဦးဌေးဦးခင်ဗျာ..
တစ်သက်နဲ့တစ်ကိုယ် ကြံ့ဖွံ့အပါအ၀င် ဘယ်အစိုးရကိုမှ အဆက်အသွယ်မလုပ်ဖူးခဲ့တဲ့ မောင်ဂျူ ဒီတစ်ခါတော့ အရှက်အကြောက်အသာထားပြီး စာလွှာလေးပါးလိုက်ပါရစေ။ ဒီအပါတ် တွဲ(၃) အမှတ်(၆))ထုတ်တဲ့ လျှပ်တစ်ပြက်ဂျာနယ်မှာ ဦးဌေးဦးပြောခဲ့တဲ့ စကားလေးကို နားခါးလွန်းလို့လည်း ဒီစာလေးရေးဖြစ်လိုက်တာပါ။ ဦးဌေးဦးပြောတာက
“Bi-electionမှာတော့ သူတို့ အကုန်ရတယ်။ သို့သော်လည်း ရပုံရနည်းတွေက လူထုကနေ ဘာကြောင့် ထည့်တယ်ဆိုတဲ့ဥစ္စာတွေသည် waveကြောင့်လည်းဖြစ်နိုင်တယ်။ wave ဆိုတာ လှိုင်းကြီးပေါ့။ ဆူနာမီပေါ့။ အမြဲတမ်းဆူနာမီတော့ မရှိဘူး။ မဟုတ်ဘူးလား။ ဆူနာမီရှိရင်တော့ အကုန်လုံးပျက်ဆီးတာပဲ။ ဒါသူ့ကိုပျက်ဆီးတယ်လို့ ပြောတာမဟုတ်ဘူးနော်။ ပြည်သူလူထုကိုထင်မြင်ယူဆတာ။ ...........................”...တဲ့။
ဟုတ်ကဲ့ ဦးဌေးဦးက မဲပေးတဲ့လူထုတွေဟာ ဆူနာမီမုန်တိုင်းလို ရက်စက်တယ်လို့ဆိုလိုလိုက်ခြင်းဟာ ရိုးသားစွာမဲပေးတဲ့လူထုအပေါ်မှာ မိုက်ရိုင်းပြလိုက်တဲ့ စကားလို့ယူဆပါတယ်။ ဆူနာမီမုန်တိုင်းဆိုတာဟာ လူသားတွေကို အသေဆိုးနဲ့သေအောင်၊ အပြစ်မဲ့တဲ့လူသားတွေရဲ့စည်းစိမ်တွေကို ပျက်ဆီးအောင်၊ သားတစ်ကွဲ မယားတစ်ကွဲ ဘ၀တွေ အလဲလဲ အပြိုပြိုဖြစ်အောင် တိုက်ခတ်ခဲ့တယ်ဆိုတာ လူ့အတွေးလူ့အခေါ်ရှိတဲ့သူတိုင်း သိကြပါတယ်။ ပိုရှင်းအောင်ပြောရရင်တော့ လူ့လောက၀န်းကျင်မှာ သဘာဝ အဇာတသတ်လို့ပဲပြောရမှာပါ။ အဲဒီလို အင်မတန်လူရွံ့မုန်းတဲ့ အမည်နာမနဲ့ မဲပေးတဲ့လူထုကို ဥပမာပေးလိုက်တာဟာ ဦးဌေးဦးတစ်ယောက် လူကြီးမဆန်မှုကိုပြလိုက်တာပဲလို့မြင်မိပါတယ်။ နောက်ပြီး ပြောရရင် ဦးဌေးဦးဆိုတာဟာ ပါတီကြီးတစ်ခုရဲ့ အကြီးမြင့်ဆုံးခေါင်းဆောင်ပါ။
အဲဒီလို ပါတီတစ်ခုရဲ့ အကြီးအကဲက လူထုကိုဒီလို ထပ်တူပြပြောဆိုလိုက်တာဟာ လူထုကို စော်ကားတာ ချိုးဖဲ့တာဖြစ်လို့ မောင်ဂျူအနေနဲ့ ဦးဌေးဦးရဲ့ ဥပမာစကားကို ဆန့်ကျင်ပါတယ်။ ရှုံ့ချပါတယ်။ အထင်သေးပါတယ်။ ဒီစကားကို ဦးဌေးဦးက မသိလို့ ခိုင်းနှိုင်းခဲ့တာလား။ သိသိကြီးနဲ့ကေးဝဋ်ပုဏ္ဏားလို အမာရွတ်မြင်တိုင်း အခဲမကြေလို့ပြောတာလားဆိုတာကတော့ ဦးဌေးဦး အသိဆုံးပဲဖြစ်ပါလိမ့်မယ်။
ဘယ်လိုပဲဆိုဆိုပါ။ မသိလို့ပါလို့ ဆင်ခြေပေး ရင်လည်း မောင်ဂျူတို့လူထုက ပြောစရာရှိပါတယ်။ ပါတီအကြီးအကဲ တစ်ယောက်ဟာ ကိုယ်ခိုင်းနှိုင်းတဲ့ စကားလုံးရဲ့ အဓိပ္ပါယ် မသိလောက်အောင် ညံ့ဖျင်းနေသလားလို့ တွေးရမှာပါ။ တကယ်လို့ သိသိကြီးနဲ့ပြောတာပါလို့ ဆိုခဲ့ရင်လည်း ခင်ဗျားအထင်သေးချိုးဖဲ့ခဲ့တဲ့ လူထုဟာ ခင်ဗျားတို့အပေါ်မှာလည်း ဘယ်သောအခါမှ ထောက်ခံမှာ မဟုတ်ပါဘူး။ အဲဒီလိုခိုင်းနှိုင်းမိုက်မဲပြတဲ့ ဦးဌေးဦးကို ခွဲစိပ်ဝေဖန်ပြရရင် ခုအချိန်အထိ ဦးဌေးဦးဟာ ကိုယ့် အခြေအနေနဲ့ ကိုယ့်အဖွဲ့အခြေအနေကို ကိုယ် နားမလည်သေးတဲ့လူလို့ပဲ သုံးသပ်ရမှာပါ၊
ဒီတော့ဦးဌေးဦးကို စကားလေးတစ်ခွန်း လောက် လက်ဆောင် ပေးပါရစေ။ (လာတ်ထိုးတာ မဟုတ်ဘူးနော်) “လောကကြီးမှာ ကိုယ့်ကိုကိုယ်ဘာမှန်းမသိတဲ့သူတွေဟာ လောကမှာ အညံ့ဖျင်းဆုံးဖြစ်လေသည်” ဆိုတဲ့စကားလက်ဆောင်လေးပါ။ ဦးဌေးဦး စာများများဖတ်ပြီး အတွေးအခေါ်အမြန်ပြည့်ဖြိုးနိုင်ပါစေ...။
ဟာဂျူလီ(ကသာ)
(ယခုဖော်ပြသော ပေးစာသည် သက်ဆိုင်ရာ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။)