Published on September 15, 2011 by နော်နိုရင်း (DVB မှကူးယူသည်)
မြန်မာနိုင်ငံမှာ  “အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေ ရောက်နေပြီ”လို့  မြန်မာ့ဒီမိုကရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ  ဒီနေ့ ပထမဆုံးစတင်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ  ပြေကြားလိုက်ပါတယ်။ရန်ကုန်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်က ဒီမိုကရေစီနေ့  အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားရာမှာ  ထည့်သွင်း ပြောကြားလိုက်တာပါ။
“အခုဆိုလို့ ရှိရင် ကျမတို့နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ  ရောက်နေပါတယ်။ အပြောင်းအလဲ ဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။  ဒါပေမယ့် ကျမကလည်း လူသိရှင်ကြား ပြောပြီးသား ဖြစ်ပါတယ် …  အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေ ရောက် နေပြီလို့ ကျမယုံကြည်တယ်။
“ဒီအပြောင်း အလဲတွေဟာ ပြည်သူအတွက် အကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်းဆုံး  ဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းနဲ့ လုပ်မလဲဆိုတာ လူတိုင်းလူတိုင်းဟာ  တာဝန်သိသိနဲ့ လေးလေးနက်နက် စဉ်းစားရမှာဖြစ်ပါတယ်။ တချို့ကျတော့  ပုံစံမပြောင်းနိုင်ဘူး၊ ဒီပုံစံ ဒီပုံစံပဲ။ ဒီအခြေအနေလည်း  ဒီပုံစံပဲ၊ ဟိုအခြေအနေလည်း ဒီပုံစံပဲ လုပ်မယ်ဆို တာ မဖြစ်နိုင်ပါဘူး။  ဒါဟာ အခြေအနေကို ဆင်ခြင်သုံးသပ်နိုင်တဲ့ အရည်အချင်း အားနည်း  တာလို့ပဲ ပြောရမှာပဲ။”
မြန်မာနိုင်ငံမှာ  ဒီမိုကရေစီရေး လိုအပ်ချက်ကြောင့် အဖွဲ့ချုပ်ဟာ အနှစ် ၂၀  ကြံ့ကြံ့ခံ ချီတက်ခဲ့တယ်ဆိုပေမယ့် ဒီမိုကရေစီအနှစ်သာရကို  နားမလည်ကြသူတွေ ရှိနေတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က  ပြောကြားပါတယ်။
“ဒီ လောက်ကြာကြာ ချီတက်ပြီးတဲ့အချိန်ထိတောင်မှ တချို့က တကယ်တော့ ဒီမို  ကရေစီရဲ့ အနှစ်သာရကို သိပ်နားမလည်သေးဘူး။ ဒါပေမယ့်  တခုတော့ရှိတယ်နော်၊ သင် ယူချင်တဲ့လူဆိုရင်ဘယ်အချိန်မဆို  သင်ယူလို့ရတယ်။ အသက်အကန့်အသတ်မရှိပါဘူး။ အချိန်အကန့်အသတ်မရှိပါဘူး။  နောက်ဆုံးကျတော့ ဆန္ဒပါပဲ။”
“ဒီလိုနေ့ မျိုးမှာ ကျမတို့က သံန္နိဋ္ဌာန်ချရမှာက ကျမတို့က ဒီမိုကရေစီရဖို့ဆိုပြီး  လုပ်ခဲ့တဲ့ အဖွဲ့ဖြစ်တယ်။ ဒီမိုကရေစီရတဲ့အထိ ကျမတို့ဟာ  ခိုင်ခိုင်မာမာနဲ့ မှန်ကန်တဲ့စိတ် ဓာတ်နဲ့ လုပ်သွားမယ်။ မှန်ကန်တဲ့  စိတ်ဓာတ်ဆိုတာဟာ တာဝန်သိစိတ်ကို အခြေခံတယ်။ တာဝန်သိစိတ်  မရှိလို့ဆိုလို့ရှိရင် ဘယ်လိုမှ ကိုယ်လုပ်တဲ့အလုပ်ဟာ မှန်ကန်နိုင်မှာ  မဟုတ် ပါဘူး။ ကိုယ့်တာဝန်ဟာ ဘာလဲဆိုတာ သေသေချာချာ  လေ့လာသုံးသပ်တတ်တဲ့၊ သုံးသပ် နိုင်တဲ့ အရည်အချင်းလည်း  ရှိဖို့လိုပါတယ်။”
ဒီမိုကရေစီ နေ့အခမ်းအနားကို မန္တလေးနဲ့ ဒီ့ပြင်မြို့တွေမှာလည်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေမှာ ကျင်းပကြပါတယ်။
မြန်မာအစိုးရက ဒီအခမ်းအနားကို မြန်မာနိုင်ငံမှာ ဒီနေ့ တရားဝင် စတင်ကျင်းပပါတယ်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့  (ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ကောက်နုတ်ချက်)
Published on September 15, 2011 by ဒီဗွီဘီ
ဒီ နေ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို ရန်ကုန်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပါတယ်။ ဒီအခမ်းအနားမှာ  အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်  ပြောကြားသွားတဲ့ မိန့်ခွန်းကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။“ကျမတို့ရဲ့  ဒီမိုကရေစီတော်လှန်ရေးဆိုတာ တကယ်တော့ စိတ်ဓာတ်တော်လှန်ရေးပဲ  ဖြစ်တယ်။ ဒီမိုကရေစီ ခိုင်မာအောင် လုပ်ဖို့ဆိုလို့ရှိရင်  ကိုယ့်စိတ်တွေက တကယ့်ကို ဒီမိုကရေစီနဲ့ ဆီလျော်တဲ့စိတ်တွေ  ဖြစ်ရမယ်။ ဒီမိုကရေစီနဲ့ဆီလျော်တဲ့ စိတ်ဓာတ်တွေကို  ကျမတို့မွေးမြူရမယ်။ ကျမတို့ပါးစပ်ကနေပြီးတော့  ဘယ်လိုပဲပြောနေပြောနေ စိတ်ကနေ ပြီးတော့ မပါလို့ ရှိရင် ကျမတို့  အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျမတို့  စိတ်ဓာတ်တော်လှန်ရေးဆိုတာ စိတ်ကိုပြောင်းလဲ ခြင်းပဲ။  တော်လှန်ရေးဆိုတာဟာ အခြေအနေတခုကို သိသိသာသာ တခါတည်း  ပြောင်းလဲပစ်လိုက်တာ ပဲ။ ထင်သာမြင်သာဖြစ်အောင်လို့ အပြောင်းအလဲ  အကြီးကြီး ဖြစ်အောင်လို့ လုပ်လိုက်တာပဲ။”
ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်ဓာတ်တွေကို မွေးမြူရမယ်။“ကျမတို့  ဒီမိုကရေစီ ရချင်တယ်ဆိုရင်၊ ဒီမိုကရေစီ ခိုင်မြဲချင်တယ်ဆိုရင်  ကျမတို့ရဲ့စိတ်တွေကို ဒီမိုကရေစီနဲ့ထိုက်တန်အောင်လို့ လုပ်ရမယ်။  ဒီမိုကရေစီနဲ့ မသင့်လျော်တဲ့ စိတ်တွေ၊ ဒီမိုကရေစီနဲ့  မသင့်လျော်တဲ့ အမြင့်တွေကို ကျမတို့ ကပြောင်းကပြန်ကို  ဖြစ်အောင်လုပ်ပြီးတော့ ပြန်လှန်ပြီးတော့ တော်လှန်ပစ်လိုက်ရမယ်။  တော်လှန်ပြီးတော့မှ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ စိတ်ဓာတ်တွေကို  ကျမတို့ မွေးမြူရမယ်။”
ဒီမိုကရေစီအပြောင်းအလဲကို တခြားနိုင်ငံက စနစ်တွေထက် ပိုကောင်းတဲ့ စနစ်မျိုး ဖြစ်စေချင်တယ်။“မေတ္တာတရားအ ပေါ်မှာ တည်ရှိရမယ်။ ဒါဟာတော့ ကျမတို့ မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီစနစ်ရဲ့ အထူးလက္ခဏာအခုအနေနဲ့တောင် ကျမဖြစ်စေချင်တယ်။  ဒီမိုကရေစီစနစ်ဆိုတာ မေတ္တာတရား ပါရမယ် လို့ တကယ်တော့ မရှိကြပါဘူး။  ဒါပေမယ့် ကျမတို့က တခြားဒီမိုကရေစီ အခွင့်အရေးတွေ၊ ဒီမိုကရေစီ  ကျင့်သုံးကျင့်နည်းတွေ၊ ဒီမိုကရေစီတာဝန်တွေအပြင် မေတ္တာတရားပါ  ထည့်နိုင်မယ်ဆိုလို့ရှိရင် အခု လက်ရှိ  အခြားဒီမိုကရေစီစနစ်တွေထက်သာတဲ့ ဒီမိုကရေစီစနစ်တခုကို  ထူထောင်နိုင်မယ်လို့ ကျမ ဒီလိုပဲ ယုံကြည်ပါတယ်။”
နိုင်ငံရေးအပြောင်းအလဲတွေမှာ တိုင်းပြည်မနာဖို့၊ ပြည်သူတွေ မနာတဲ့ အပြောင်းအလဲမျိုးဖြစ်ဖို့ လိုတယ်။“ဒီမိုက ရေစီစနစ်ရဲ့ အရေးအကြီးဆုံး လက္ခဏာတခုက ဘာလဲဆိုတာ  ဒီမိုကရေစီစနစ်အောက်မှာ ဆိုလို့ရှိရင် အစိုးရအပြောင်းအလဲများ  လုပ်တဲ့နေရာမှာ တိုင်းပြည်လည်း မနာဘူး၊ ပြည်သူလည်း မနာဘူး၊  အားလုံးအေးအေးချမ်းချမ်း သိက္ခာရှိရှိနဲ့ လုပ်သွားနိုင်တာ  ဖြစ်ပါတယ်။ အစိုးရများဆိုတာ သူ့အချိန်နဲ့သူ ဆိုလို့ရှိရင်  ပြောင်းလဲကြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေ ဒီလူတွေပဲ  အုပ်စိုးနေတယ်ဆိုတာတော့ ဒီမိုကရေစီ မဟုတ်တော့ဘူး။  ဒီမိုကရေစီစနစ်ကို လက်ခံတယ်ဆိုလို့ရှိရင် အစိုးရ အပြောင်းအလဲတွေကို  လည်း လက်ခံရမယ်။ အဲဒီတော့ ဒီအပြောင်းအလဲတွေဟာ ညင်သာရမယ်၊  ငြိမ်းချမ်းရမယ်၊ သိက္ခာရှိရ မယ်၊ ပြည်သူကို မထိရဘူး၊ နိုင်ငံကို  မထိရဘူး။ ဆင်းသွားတဲ့ အစိုးရကိုလည်း မထိရဘူး။ တက်သွားတဲ့  အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေ မပေးရဘူး။ အာလုံးဟာ  မျှတတဲ့ အခြေခံအပေါ်မှာ တည်ရှိရယ်။”
ဒီမိုကရေစီနစ်မှာ အရေးကြီးတဲ့ တာဝန်နဲ့ အခွင့်အရေး ချိန်ခွင်လျှာညီမျှဖို့ လိုတယ်။“ဘယ်လိုကိစ္စမျိုး မှာမဆို အောင်မြင်ခြင်းကို လိုချင်တယ်ဆိုရင် တာဝန်နဲ့အခွင့်အရေးဟာ  ချိန်ခွင်လျှာညီမျှရမယ်။ အခွင့်အရေးချည်းပဲ လိုချင်လို့မဖြစ်ဘူး။  အခွင့်အရေး လိုချင်တယ်ဆိုရင် တာဝန်ကို ကျေပွန်ရမယ်။ ပြီးတော့  တချို့က တာဝန်အရ လုပ်ပါတယ်ဆိုပြီး တာဝန်ဆိုတာ ဘာမှန်း တောင်မှ  မသိတာတွေရှိတယ်။ အဲဒီတော့ တကယ်ပဲ ပါးစပ်က တာဝန်အရလုပ်ပါတယ်ဆိုရင်  တာဝန်ဆို တာ ဘာလဲဆိုတာ သိရဲ့လား။ အဲဒီတော့ ဆင်ခြင်တုံတရားနဲ့  အများကြီးဆိုင်တယ်။ လူတယောက်ရဲ့ တာဝန်ဆိုတာ တချိန်နဲ့တချိန်မှာ  မတူဘူး။ ”
အဖွဲ့ချုပ်ဝင်တွေကို အမှာစကား။“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေဟာ အနှစ် ၂၀ ကျော်ကျော် ဒီမိုကရေစီအတွက်  လုပ်နေပါ တယ်၊ လုပ်လာပါတယ်လို့ ပြောပြီးမှ  အခုလိုအချိန်ရောက်တဲ့အခါမှာ ကိုယ့်ရဲ့တာဝန်ဟာ ဘာလဲ၊ ကိုယ်ဘယ်လို  ဆက်ပြီးတော့ လုပ်သွားရမယ်ဆိုတာကို ကိုယ်ပိုင်ဉာဏ်နဲ့ သိအောင်လို့  ကြိုးစားကြပါ။ လူများပြောတိုင်းလည်း နားထောင်ဖို့မလိုပါဘူး။  ကျမပြောတိုင်းလည်း ယုံစရာမဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ်  သေသေချာချာလေ့လာပါ။ လေ့လာပြီးတော့ ကိုယ်ယုံကြည်သရွေ့  ယုံကြည်သည့်အလျောက် ဆက်ပြီးတော့ ခိုင်ခိုင်မာမာနဲ့  လျှောက်လှမ်းသွားကြပါလို့ ကျမတိုက်တွန်းချင်ပါတယ်။” 
No comments:
Post a Comment