စက်တင်ဘာမှာ

စက်တင်ဘာ မျှော်လင့်ချက်


စက်တင်ဘာမှာ
ပန်းပွင့်တွေ
ကြွေလွင့်ခဲ့ဖူးတယ်။

စက်တင်ဘာမှာ
ကြယ်နီတွေ
ကြွေကျခဲ့ဖူးတယ်။

စက်တင်ဘာမှာ
မျက်ရည်မိုးတွေ
ရွာကျခဲ့ဖူးတယ်။

စက်တင်ဘာမှာ
သေနတ်သံတွေ
ပေါ်ထွက်ခဲ့ဖူးတယ်။


စက်တင်ဘာမှာ
အိမ်အပြန်လမ်းတွေ
ပျောက်ကွယ်ခဲ့ဖူးတယ်။

စက်တင်ဘာမှာ
မေတ္တာပို့သံတွေ
လွှမ်းခြုံခဲ့ဖူးတယ်။

စက်တင်ဘာမှာ
တွဲလက်တွေ
ခိုင်မြဲခဲ့ဖူးတယ်။

စက်တင်ဘာမှာ
သွေးစက်တွေနဲ့အတူ
မျှော်လင့်ချက်တွေ
ပေါင်းစပ်ခဲ့ဖူးတယ်။

" ငါတို့ဒီမိုကရေစီ မရမချင်း၊
ငါတို့တခုခု
ဖြစ်သွားသည့်တိုင်အောင်မှ
ငါတို့နာမည်ခေါ်ပြီး
အမျှမဝေပါနဲ့ဦး၊
ငါတို့ဆက်ပြီး
တိုက်ပွဲဝင်နေဦးမယ်၊
လွတ်လပ်မှ
အမျှဝေပါ" တဲ့။

ရှစ်ဆယ့်ရှစ်ခု
စက်တင်ဘာမှာ
ရဲရဲနီစွေးတဲ့
ခွပ်ဒေါင်းသွေးစက်တွေကြားက
ကျောင်းသူလေး
မ၀င်းမော်ဦးရဲ့
လွတ်လပ်ရေး
မျှော်လင့်ချက်။

မိတ်ဆွေတို့ရေ …....
စစ်အာဏာရှင်
စနစ်ဆိုးအောက်က
လွတ်မြောက်ရေးဆိုတာ
မြန်မာတမျိုးသားလုံးရဲ့
မျှော်လင့်ချက် လမင်း။

အတ္တစွဲ၊ အယူအဆစွဲ
တိမ်မည်းတွေနဲ့
လွှမ်းခြုံကြချိန်မှာ
လမင်းကြီး
မသာနိုင်သော်ငြား
လမင်းဆိုတာ
ကွယ်ပျောက်ရိုးထုံးစံမရှိ။

နေ၀င်ချိန်မှာ
လထွက်မယ်၊
တိမ်မည်းတွေ
လွင့်ပြယ်ချိန်မှာ
လကို မြင်ရမယ်။

စက်တင်ဘာမျှော်လင့်ချက်တွေ
ဆုပ်ကိုင်ထားသရွေ့
တို့ပန်းတိုင်ကို
ရောက်မည်မလွဲ။

                                                    ခင်မမမျိုး (၂၊ ၉၊ ၂၀၁၁)

လွတ်လပ်မှ အမျှဝေပါ။

No comments: