လုပ်ဖို့ အစီအစဉ် မရှိ
2012-05-01
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အနေနဲ့ လောလောဆယ်မှာ ပါတီနိုင်ငံရေး လုပ်ဖို့ အစီအစဉ် မရှိသေးဘဲ လွှတ်တော်ပြင်ပ နိုင်ငံရေးမှာ ပြည်သူတွေနဲ့ တသားထဲနေပြီး ဆက်လက် လှုပ်ရှားသွားမှာ ဖြစ်ကြောင်း ဒီကနေ့ ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့တွင် ကျင်းပသော ကမ္ဘာ့ 
အလုပ်သမားနေ့ မေးဒေးနေ့ အခန်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် 
ကိုကိုကြီး မိန့်ခွန်းပြောဆိုနေစဉ်။ ၂၀၁၂ ခုနှစ် မေလ ၁ ရက်။
    
    
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေး အတွက် 
သွားရောက်တဲ့  ရှမ်းပြည်နယ် ခရီးစဉ်အတွင်း ရပ်စောက်မြို့ကို 
ရောက်ရှိချိန်မှာ ဒေသခံပြည်သူတွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ကြောင်း ၈၈ 
မျိုးဆက် ကျောင်းသားများအဖွဲ့ဝင် ကိုအံ့ဘွယ်ကျော်က ပြောပါတယ်။
"အခုလက်ရှိ နိုင်ငံရေး အခြေအနေမှာ ကျွန်တော်တို့ ၈၈ မျိုးဆက်အနေနဲ့ ပါတီ 
ဖွဲ့ပြီးတော့ သွားမသွားဆိုတဲ့ ကိစ္စမျိုးတွေ၊ ဒီမိုကရေစီ 
ပြုပြင်ပြောင်းလဲရေး အခြေအနေမှာ ပြည်သူလူထု အနေနဲ့ ဘယ်လို ကဏ္ဍမျိုးကနေ 
ပါဝင်သင့်သလဲဆိုတဲ့ ကိစ္စမျိုးတွေ အဲဒီလို မေးခွန်းမျိုးတွေကို မေးကြတယ်ဗျာ။
 ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ လောလောဆယ်မှာ ပါတီဖွဲ့ဖို့
 အတွက် အခြေအနေ မရှိသေးဘူး ဆိုတဲ့ အကြောင်း၊ ပြီးတော့ လွှတ်တော် 
နိုင်ငံရေးတခု ရှိနေသလိုပဲ ကျွန်တော်တို့က လွှတ်တော် ပြင်ပ နိုင်ငံရေးကို 
ဆက်ပြီးတော့ လုပ်နေအုန်းမယ့် အဖွဲ့အစည်းတခု ဖြစ်တယ်ဆိုတဲ့ အကြောင်း 
ဖြေကြားခဲ့ကြပါတယ်။"
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် (၈) ဦးဟာ ရပ်စောက်မြို့ မင်္ဂလာရန်အောင် 
စာသင်တိုက်မှာ ဒေသခံပြည်သူတွေ တောင်သူလယ်သမားနဲ့ ကျောင်းသားလူငယ်တွေကို  
တရင်းတနှီးတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။