ဒို ့မယံုဘူး (ဒီမွာကုတ္ပါ)

အစိုးရရဲ့ လုပ်ဆောင်မှုတွေကို အမေရိကန် သံသယရှိ

အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ်က စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ မြန်မာအစိုးရကို တိုက်တွန်း လိုက်ပါတယ်။

မြန်မာအစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေး၊ အမျိုးသား ရင်ကြားစေ့ရေးတို့ လုပ်ဆောင် ရာမှာ အရင်းခံစိတ်၊ စစ်မှန်တဲ့ တာဝန်ခံ စိတ်တွေနဲ့ အမြန်ဆုံး အခိုင်အမာ ဆောင်ရွက် ပြဖို့ လိုတယ်လို့ မြန်မာ နိုင်ငံ ကနေ ပြန်မထွက်ခွါခင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူပြော ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဆောင်ရွက် ရာမှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက် မရှိ ပြန်လွှတ် ပေးပြီး ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး သမားတွေ အားလုံးနဲ့ အဓိပ္ပါယ် ရှိတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်တာ အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ခိုက် နေမဲ့အစား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုတယ်လို့ မစ္စတာ မစ်ချဲလ် က ပြောပါတယ်။
မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် ဆက်ပြီး ထိန်းသိမ်း ခံနေရတဲ့ ကိစ္စ၊ တိုင်းရင်းသား နယ်မြေတွေမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေ အပါအဝင် ဒေသခံတွေ အပေါ် လူ့အခွင့် အရေး ချိုးဖေါက်မှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေနဲ့ အတူ တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပွား နေတဲ့ ကိစ္စ၊ မြောက်ကိုးရီးယား အစိုးရနဲ့ မြန်မာ အစိုးရ အကြား ဆက်ဆံရေး ပွင့်လင်းမှု မရှိတဲ့ ကိစ္စ စတာတွေ အပေါ် စိုးရိမ်မကင်း ဖြစ်မိတာနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ပြောပြ ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်း စုကြည် နဲ့ရော အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တွေနဲ့ပါ တွေ့ဆုံ ခဲ့ပြီး မြန်မာ နိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ် ပြောင်းလဲမှုအပေါ် အန်အယ်လ်ဒီ ရဲ့ သဘောထား၊ အန်အယ်လ်ဒီရဲ့ အနာဂါတ်ရေးနဲ့ အမေရိကန် အစိုးရရဲ့ ပေါ်လစီတွေအကြောင်း ဆွေးနွေး ပြောဆို ခဲ့တယ်လို့ မစ္စတာ မစ်ချဲလ်က ပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာ ပြည်သူတွေ၊ တိုင်းရင်းသား လူမျိုးစုတွေ အတွက် အရေးပါတဲ့ အခန်း ကဏ္ဍမှာ ဆက်ရှိ နေတယ်၊ အများ ယုံကြည် လက်ခံ နိုင်လောက်တဲ့ ဘယ်လို ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းမှု မျိုးမှာ မဆို ဒေါ်အောင်ဆန်း စုကြည်ကို ထည့်သွင်း သင့်တယ် ဆိုတာ သူ့ခရီးစဉ်အတွင်း တွေ့ရှိ ခဲ့တယ်လို့ မစ္စတာ မစ်ချဲလ်က ပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ဟာ တွေ့ဆုံ ညှိနှိုင်းမှု ကနေ ငြိမ်းချမ်းတဲ့ နိုင်ငံရေး နည်းနဲ့ ဆောင်ရွက် သွားဖို့ အပြည့်အဝ သံန္နိဌာန် ချထား တယ်ဆိုတာ ထင်ရှား နေတယ် လို့လည်း သူ့ရဲ့ ကြေညာချက် ထဲမှာ ပြောထား ပါတယ်။
အမေရိကန် အစိုးရ အနေနဲ့ မြန်မာ အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံမှု ပေါ်လစီကို ဆက်ထားမှာ ဖြစ်သလို ဒဏ်ခတ် ပိတ်ဆို့မှု တွေကိုလည်း ဆက်လုပ် မယ်လို့ ပြောပါတယ်။
အမေရိကန် ခရီးစဉ် အပေါ် အန်အယ်လ်ဒီရဲ့ အမြင်
အမေရိကန် ဘက်က မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ဆောင်ချက်တွေကို သံသယ ရှိတယ် ဆိုပေမဲ့ အန်အယ်လ်ဒီ ကတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတကြီးတို့ တွေ့ဆုံမှု၊ ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံမှု တွေ အပြီး ထုတ်ပြန်တဲ့ သတင်းတွေ အပေါ် အခြေခံပြီး အပြုသဘောပဲ မြင်တယ်၊ ဒါဟာ အစ ဖြစ်တယ်လို့ အန်အယ်လ်ဒီ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
အမေရိကန် အထူး ကိုယ်စားလှယ်ရဲ့ ကြေညာချက်ထဲမှာ အစိုးရရဲ့ လုပ်ဆောင်မှုအပေါ် ပြင်းထန်တဲ့ ထောက်ပြ ပြောဆိုမှု ရှိပေမဲ့ ဒါကို အစိုးရ အဖွဲ့ထဲမှာ လည်း သဘောထား ကွဲလွဲနေတာတွေကို ညှိနှိုင်း ဆောင်ရွက်ဖို့ လိုတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
မစ္စတာ မစ်ချဲလ်ရဲ့ အခု ခရီးစဉ်က မြန်မာ့ အနာဂါတ်ရေး အတွက် အရေးပါတဲ့ ခရီးစဉ် ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

No comments: