လူတယောက်ရဲ့
ဘ၀မှာ တစိမ့်စိမ့်နဲ့
ပြန်လည်လွမ်းဆွတ်မိတတ်တဲ့
ဘ၀ဟာ ကျောင်းသားဘ၀လို့
ဆိုလေ့ရှိကြပါတယ်။ မူလတန်း၊
အလယ်တန်း၊ အထက်တန်း ကျောင်းသားဘ၀တွေက
အစပြုလို့ တက္ကသိုလ်ကျောင်းသားဘဝ
တွေအထိ ကျောင်းသားဘ၀ရဲ့
အမှတ်တရတွေက ရင်ထဲမှာ အတိုင်းအတာ
တခုအထိ နေရာယူထားတတ်ပါတယ်။
ကျွန်မရဲ့ ရင်ထဲမှာ
ဒီလိုနေရာယူထားတဲ့
ကျောင်းသားဘ၀လေးတခု ရှိပါတယ်။
အဲဒါကတော့ မွေးဖွားရာဇာတိ၊
တောင်ကြီးမြို့က အထက (၄)
ဆိုတဲ့
ကျောင်းတော်ကြီးမှာ ပညာရည်နို့
သောက်စို့ခဲ့ရတဲ့ ကျောင်းသားဘ၀လေးပါပဲ။
ဒီကျောင်းတော်ကြီးမှာ
(၁၂)
တိတိ
ပညာသင်ယူခဲ့ရပါတယ်။ သူငယ်တန်းကနေ
ဆယ်တန်းအထိ ပုံမှန်ဆိုရင်
(၁၁)
နှစ်သာ
ရှိပေမယ့်၊ ရှစ်လေးလုံးလူထုအရေးတော်ပုံကာ လမှာ
ကျောင်းတွေကို တနှစ်ပိတ်လိုက်တာကြောင့်
စာမေးပွဲမကျပါပဲ လေးတန်းကို
နှစ်နှစ်တက်လိုက်ရပြီး၊
ဆယ့်နှစ်နှစ် ဖြစ်သွားခဲ့တာပါ။
ဒီကျောင်းတော်ကြီးကနေ
လူ့ဘ၀အတွက် အရေးပါတဲ့
အခြေခံပညာအုတ်မြစ်ကို
ကျွန်မရဲ့ ဘ၀ထဲမှာ စိုက်ထူပေးခဲ့ပါတယ်။
သင်ရိုး ညွန်းတန်းပညာ တင်သာမကပဲ
လူ့ဘ၀ခရီးလမ်းမှာ လိုအပ်တဲ့
အခြားသင်ခန်းစာတွေကိုလဲ
ဒီကျောင်းတော်ကြီးနဲ့
ကျောင်းတော်ကြီးရဲ့ ဥယျာဉ်မှူးဆရာ၊
ဆရာမတွေဆီကနေ ပေးအပ်ခဲ့ဖူးပါတယ်။
ကျောင်းတော်ကြီးနဲ့ ဝေးသွားခဲ့တာ
ရာသီတွေအလီလီ ရှိခဲ့ပြီဖြစ်ပေမယ့်လဲ
ကျောင်းတော်ကြီးက ပေးအပ်ခဲ့တဲ့
ပညာရပ်တွေ၊ သင်ခန်းစာတွေ၊
စိတ်ဓာတ်အမွေတွေကတော့
ကျွန်မရဲ့ ဘ၀ထဲမှာ
ရှိနေဆဲ.................။
ဆရာ၊
ဆရာမတွေကလဲ ကျွန်မရဲ့
နှလုံးသားထဲမှာ
ရှိနေဆဲ....................... .။
(၁)
လူထုစကားပြောပညာ
တခါက
ဥရောပတိုက်၊ နိုင်ငံတနိုင်ငံမှာ
ပြုလုပ်တဲ့ လူထုဖိုရမ်တခုကို
ကျွန်မ သွားတက်ဖြစ်ခဲ့ပါတယ်။
ဒီလိုဖိုရမ်တွေမှာ ကမ္ဘာအနှံ့က
လူထုလှုပ်ရှားမှု တက်ကြွသူတွေ
အစုံအလင် တက်ရောက်ကြပါတယ်။
သိန်းပေါင်းများစွာသော
ကမ္ဘာတ၀ှမ်းက လူတွေစုစည်းပြီး
ကျားမတန်းတူညီမျှမှုအရေး၊
ကမ္ဘာ့ပတ်ဝန်းကျင်အရေး၊
လူ့အခွင့်အရေး၊ လူသားချင်းစာနာမှု၊
ဖွံ့ဖြိုးတိုးတက်မှု၊
လူမှုတရားမျှတမှုအရေး စတဲ့
ကဏ္ဍမျိုးစုံကို ဟောပြောပွဲတွေ၊
အလုပ်ရုံဆွေးနွေးပွဲတွေ၊
ကင်ပိန်းတွေ ပြုလုပ်ပြီး
ပညာပေးမျှဝေတာ၊ လူထုအင်အားပြတာတွေ
ပြုလုပ်ကြပါတယ်။ ကမ္ဘာ့စီးပွားရေးကို
နိုင်ငံကြီးတချို့ကပဲ
ချုပ်ကိုင်ထားတာတွေ၊
ကမ္ဘာ့လူ့အခွင့်အရေး
ချိုးဖောက်မှုတွေကို
ကန့်ကွက်ဆန္ဒပြကြပါတယ်။
ဖိုရမ်ကျင်းပရာ နေရာတ၀ိုက်မှာ
လှည့်လည်ဆန္ဒထုတ်ဖော်
ကြတာတွေရှိသလို၊
လမ်းလျှောက်ချီတက်ပွဲတွေနဲ့
ဆန္ဒထုတ်ဖော်တာ၊ တနေရာမှာ
စုဝေးဟောပြောတာတွေလဲ
ပြုလုပ်ကြပါတယ်။ ဒီလိုဖိုရမ်တခုမှာ
လမ်းလျှောက်ဆန္ဒထုတ်ဖော်ပြီး၊
စုဝေးကြချိန်မှာ မမျှော်လင့်ပဲ
ကျွန်မရဲ့ နာမည်ကို
မိုင်ခရိုဖုန်းကနေ ခေါ်သံထွက်လာပါတယ်။
စင်ပေါ်လှမ်းကြည့်လိုက်တော့
အီတလီက သူငယ်ချင်း။ သူခေါ်လို့သာ
စင်ပေါ်ရောက်သွားပါတယ်။
ဘာပြောရမယ်မှန်း စင်ပေါ်ရောက်ချိန်အထိ
ကျွန်မ မသိပါဘူး။ များသောအားဖြင့်
လူထုစည်းဝေးပွဲတွေ၊
အစည်းအဝေးတွေမှာ စကားပြောရမယ်ဆိုတိုင်း
အရေးကြီးတဲ့ အချက်အလက်တွေ
မကျန်ရစ်အောင် ကြိုတင်ပြင်ဆင်လေ့ရှိတာကြောင့်
ပြင်ဆင်ထားမှု မရှိပဲ ရုတ်တရက်
သိန်းပေါင်းများစွာသော
လူအုပ်ကြီးရှေ့ရောက်သွားချိန်မှာ
အနည်းငယ် လန့်နေမိပါသေးတယ်။
ဒါပေမယ့်
အံ့သြဖွယ်ကောင်းလောက်အောင်ကို
ကျွန်မရဲ့ အတွေးထဲမှာ အထက
(၄)
က
ရုတ်ခြည်း ၀င်လာခဲ့ပါတယ်။
မူလတန်းတုန်းက အဖြစ်အပျက်ကလေးပါ။
ကျွန်မတို့ကျောင်းရဲ့
မူလတန်းဆောင်တွေဘက်မှာ
ကွင်းပြင်လေးတခုရှိပါတယ်။
အဆောင်တခုနဲ့ တခုကြားမှာ
မြေမညီတာကြောင့် ကွင်းပြင်လေးကနေ
သုံးတန်းဆောင်လို့ ပြောလေ့ရှိကြတဲ့
ကျောင်းဆောင်အိုကြီးတခုဘက်ကို
သွားရင် လှေကားထစ် အမြင့်ကြီးတွေကို
တက်သွားရပါတယ်။ ကျွန်မနှစ်တန်းတုန်းက
ကျောင်းမှာ ကဗျာရွတ်ပြိုင်ပွဲတခုလုပ်ပါတယ်။
ကဗျာရွတ်မယ့်သူက အဲဒီလှေကားထိပ်ကနေ
ရွတ်ရပါတယ်။ ပရိတ်သတ်ကတော့
ကွင်းပြင်လေးမှာ
ထိုင်ပြီးနားထောင်ကြရတယ်။
အဲဒီပြိုင်ပွဲတုန်းက
အတန်းပိုင်ဆရာမ၊ ဒေါ်ခင်ခင်စိုးက
လှေကားပေါ်မတက်ခင်မှာ မကြောက်ဖို့
ပြောခဲ့ဖူးပါတယ်။ ဆရာမရဲ့
အားပေးစကားကြောင့် အားတင်းပြီး
လှေကားထိပ်ကနေ ပရိသတ်ကို
ကဗျာရွတ်ပြခဲ့ဖူးပါတယ်။
ဒီအဖြစ်အပျက်ကို ကျွန်မ
သတိသွားရလိုက်ပါတယ်။ ဒီလို
သတိရစိတ်နဲ့အတူ ကဗျာတပုဒ်ကို
ကျွန်မ စရွတ်လိုက်ပါတယ်။
ကျွန်မ နာမည်ခေါ်ပြီး
မိတ်ဆက်ပေးစဉ်တုန်းက ကျွန်မနာမည်
ရှေ့စာလုံးလေးကို ခေါ်ပြီး
အားပေးအော်ဟစ်နေတဲ့ ပရိသတ်ကြီးက
ကဗျာလေးထဲမှာ စတင် နစ်ဝင်သွားပါတယ်။
အဲဒီမှာတင် ကျွန်မ သိလိုက်ပါပြီ။
ပရိသတ်ရဲ့ စိတ်ဝင်စားမှုက
ကိုယ့်အပေါ်မှာ နစ်မြောလာပြီဆိုတာကို
သိတာနဲ့ တပြိုင်နက် လူထုကို
စကားပြောနေသူတယောက်ရဲ့
အရှိန်ကလဲ မြင့်တက်လာလေ့ရှိစမြဲ။
နောက်တခါကတော့
ယူကေနိုင်ငံ၊ စကော့တလန်နယ်၊
ဂလက်စဂိုမြို့မှာ ဖြစ်ပါတယ်။
မြန်မာအရေးနဲ့ ပတ်သက်ပြီး
ကမ္ဘာတ၀ှမ်းက ကမ္ဘာ့ပြည်သူတွေက
သွေးစည်းညီညွတ်မှုကို
ပြသခဲ့ကြတဲ့ ၂၀၀၇ခုနှစ်၊
အောက်တိုဘာလကပါ။ ဂလက်စဂိုမြို့လယ်ခေါင်က
ရင်ပြင်မှာ မြို့လူထုက
စုဝေးရောက်ရှိလာပါတယ်။
ရာဂဏာန်းသာ ခန့်မှန်းထား
ပေမယ့် တီဗွီသတင်းဌာနတွေအပါအ၀င်
လူအများစုဝေးလာကြတာ
ထောင်ဂဏာန်းဖြစ်သွားပါတယ်။
နိုင်ငံခြားသားတွေ ရှေ့ကနေ
ပြောသွားကြတာမှာ
မြန်မာက
ပြောမယ်ဆိုတော့ လူထုက
ငြိမ်ကျသွားပါတယ်။ အဲဒီတုန်းက
အခြေအနေက လူထုကြီးကို
စိတ်အားတက်ကြွစွာနဲ့ တင်ပြဖို့
ကောင်းတဲ့ ကိစ္စမဟုတ်။
မြန်မာ့အရေးကို စိတ်ဝင်စားသူတွေကို
ကျေးဇူးတင်ကြောင်းကိုလဲ
ပြသဖို့လိုသလို၊ winning
the hearts and minds strategy ကို
အသုံးပြုရမယ့် အခြေအနေလဲ
ဖြစ်ပါတယ်။ ဒီအတွက် စိတ်ခံစားမှုကို
ထင်ဟပ်ပြရင်း၊ ကိုယ်ပေးချင်တဲ့
သတင်းစကားကို ထိရောက်အောင်
ပေးနိုင်ဖို့ လိုပါတယ်။
ပရိသတ်ရှေ့ကို
ထွက်စဉ်အချိန်မှာပဲ ဒါကို
ဘယ်လိုလုပ်မလဲလို့ ကျွန်မ
စဉ်းစားနေခဲ့မိပါတယ်။
အဲဒီအချိန်မှာ ကျွန်မအတွေးထဲကို
အထက (၄)က
ရုတ်ခြည်းဝင်ရောက်သွားခဲ့ပြန်ပါ တယ်။
ဆယ်တန်းတုန်းက ရှမ်းပြည်နယ်၊
တောင်ကြီးမြို့၊ ဘောလုံးကွင်းမှာ
ကျင်းပတဲ့ အမျိုးသားနေ့
အခမ်းအနားမှာ အခြေခံပညာရေး
ကျောင်းသူအနေနဲ့ အဆိုတင်သွင်းဖို့
ရွေးချယ်ခံခဲ့ရပါတယ်။ ဒီတုန်းက
ကျွန်မဖတ်ကြားတင်သွင်းရမယ့်
အဆိုကို သံနေသံထားနဲ့
စနစ်တကျဖြစ်အောင်
အထက်တန်းမြန်မာစာပြနှစ်ဦးဖြစ် တဲ့
ဆရာမဒေါ်ခင်မေရီနဲ့ ဆရာမ
ဒေါ်မြင့်မြင့်သန်းတို့က
တာဝန်ယူပြီး လေ့ကျင့်ပေးခဲ့ပါတယ်။
သံနေသံထား၊ စကားဖြတ်၊
ပရိသတ်ဘက်ကို လှည့်ပတ်ကြည့်ရှုရမယ့်
အချိန်၊ ရေချိန်အနိမ့်အမြင့်
စတာတွေကို ဆရာမတို့တွေက
အကြိမ်ကြိမ်အခါခါ ပြန်ဖတ်ခိုင်း၊
ပြောခိုင်းနဲ့ လေ့ကျင့်ပေးခဲ့ပါတယ်။
ဒါကို တွေးမိသွားရာက သံနေသံထားကို
အသုံးပြုဖို့ သတိရသွားခဲ့ပါတယ်။
ဆရာမတို့ရဲ့ ကျေးဇူးကြောင့်
အဲဒီနေ့ကပွဲ အောင်မြင်ခဲ့တယ်လို့
ဆိုရပါမယ်။ သံနေသံထားနောက်ကို
လိုက်ရင်း ပရိသတ်ရဲ့ အမူအယာ
အပြောင်းအလဲ၊ မျက်ဝန်းအလင်းအလက်
အနေအထားကို ကျွန်မတွေ့မြင်ခဲ့ရလို့ပါပဲ။
သိန်းနဲ့ချီ၊
ထောင်နဲ့ချီတဲ့ ပရိသတ်တွေတင်
မဟုတ်ပါဘူး။ လူထုစကားပြောပညာဆိုတာက
လူတယောက် ဘ၀အတွက် အရေးပါတဲ့
ပညာရပ်တခုပါ။ တာဝန်ယူလုပ်ဆောင်ရတဲ့
အလုပ်တွေမှာ မူတည်ပြီး
အစည်းအဝေးတွေမှာ အမှာစကားပြောရတာ၊
တင်ပြဆွေးနွေးရတာတွေကို
လုပ်ငန်းခွင်မှာ ကြုံတွေ့ကြရစမြဲပါပဲ။
ယူကေနိုင်ငံက တက္ကသိုလ်တွေမှာ
တက္ကသိုလ်ကျောင်းထွက်တယောက်အတွက်
လုပ်ငန်းခွင်ကို သယ်ဆောင်
သွားရမယ့် အရည်အချင်းတွေ
သတ်မှတ်လေ့ကျင့်ပေးလေ့ရှိပါတယ်။
အဲဒီမှာ မပါမဖြစ်ကတော့
presentation
skills ပါပဲ။
နိုင်ငံရေးနဲ့ လူမှုရေးရာ
ကျောင်းသားတွေအတွက်ကတော့
Public
Speaking skills မြင့်တက်လာအောင်
လေ့ကျင့်ပေးမှုတွေပါ ရှိပါတယ်။
ဒါတွေကို တက္ကသိုလ်မှာမဟုတ်ပဲ
အခြေခံပညာ ကျောင်းသားဘ၀မှာကတည်းက
အကျွမ်းတ၀င်ရှိလာအောင်
တောင်ကြီး၊ အထက (၄)
ကျောင်းတော်ကြီးရဲ့
စကားရည်လုပွဲတွေ၊ ဟောပြောပွဲတွေ၊
ကဗျာရွတ်ပွဲတွေက
သင်ကြားလေ့ကျင့်ပေးခဲ့ဖူးပါတယ်။
(၂)
အခြေခံ
စစ်ပညာနှင့် ဘင်ခရာ
လူတိုင်း
အခြေခံ စစ်ပညာ သင်ကြားတတ်မြောက်ထားသင့်တယ်လို့
မဆိုချင်ပါဘူး။ ဒါပေမယ့်
အခြေခံစစ်ပညာ သင်ကြားတတ်မြောက်ထားခြင်းအာြး ဖင့်
ရရှိတဲ့ အကျိုးကျေးဇူးတွေကလဲ
အများအပြားရှိပါတယ်။ လူတွေရဲ့
လှုပ်ရှားမှုတွေက
ကွဲပြားခြားနားလေ့ရှိပါတယ်။
လူတယောက်တည်းမှာတောင်
မျဉ်းတကြောင်းထဲကို ဖြောင့်ဖြောင့်
မလျှောက်နိုင်သူတွေလဲ
ရှိပါတယ်။ ဒီလို ကွဲပြားခြားနားတဲ့
လူအများကို အလုပ်တခုမှာ
စုစည်း လုပ်တတ်လာအောင်
အခြေခံစစ်ပညာက လုပ်ဆောင်ပေးနိုင်ပါတယ်။
ရှေ့ကြည့်၊ ညာညှိ ဆိုတာကို
အမိန့်တခုရဲ့ အောက်မှာ
လုပ်ဆောင်ခြင်းလို့ တဘက်က
ဆိုနိုင်သလို၊ အခြားတဘက်ကနေလဲ
ကွဲပြားခြားနားမှုတွေကို
ချိန်ဆ ညှိနှိုင်းခြင်းလို့လဲ
မှတ်ယူနိုင်ပါတယ်။
လုပ်ငန်းခွင်တွေမှာ လူအများနဲ့
ပူးတွဲပြီး၊ ညှိညှိနှိုင်းနှိုင်းနဲ့
လုပ်ဆောင်ရလေ့ ရှိတာကြောင့်
teamwork
skills ကို
လိုအပ်ချက်တခုအနေနဲ့
ထည့်သွင်းထားတတ်ကြပါတယ်။
အခြေခံစစ်ပညာက ဒီအရည်အချင်းကို
ပံ့ပိုးပေးပါတယ်။
အမိန့်ပေးခြင်း၊
အမိန့်နာခံခြင်းဆိုတာ
နေရာတိုင်းအတွက် မကောင်းပေမယ့်၊
အသုံးဝင်တဲ့ နေရာတွေလဲ
အများအပြားရှိပါတယ်။ လူအများနဲ့
လုပ်ဆောင်တဲ့ အလုပ်တွေမှာ
အမိန့်ဆန်ဆန်ကြီး မဟုတ်ရင်တောင်
စီမံခန့်ခွဲမှုရှိဖို့တော့
လိုအပ်ပါတယ်။ ဒီစီမံခန့်ခွဲရေးရဲ့
အဓိက တာဝန်တွေထဲမှာ leadership
နဲ့
command
and control ကလဲ
အတိုင်းအတာတခု အထိတော့
ပါဝင်ပတ်သက်ပါတယ်။ ဒါကြောင့်
နိုင်ငံတကာအဆင့်မှီ
စီးပွားရေးစီမံခန့်ခွဲမှု
မဟာဘွဲ့လွန်သင်တန်း (အမ်ဘီအေ)
သင်တန်းတွေမှာ
leadership
ကို
ဘာသာရပ် တခုအနေနဲ့တောင်
ထည့်သွင်းသင်ကြားပေးလေ့
ရှိကြပါတယ်။ ဒီလို ဦးဆောင်မှု၊
အမိန့်နာခံမှု၊ အမိန့်ပေးမှု
အရည်အချင်းတွေ၊ အစုအဖွဲနဲ့
ပူးတွဲလုပ်ဆောင်နိုင်တဲ့
အရည်အချင်းတွေကို အထက (၄)၊
တောင်ကြီးရဲ့ ဘင်ခရာအဖွဲ့မှာ
စတင်ဆည်းပူးလေ့ကျင့်ခွင့်
ရရှိခဲ့ပါတယ်။
ကျွန်မတို့
ခြောက်တန်းမှာတုန်းက
ဘင်ခရာသင်တန်းတွေ ကျောင်းမှာ
ဖွင့်တော့ မောမှာစိုးလို့
စိန်ပြေးတမ်းတောင် မကစားတဲ့
ကျွန်မက မတက်ချင်ခဲ့ပါဘူး။
ဒါပေမယ့် ကျောင်းအုပ်ဆရာမကြီး
ဒေါ်အေးချစ်က အေတခန်းလုံး
ပါရမယ်လို့ ဆိုထားကြောင်း
ဆရာမတွေက ပြောကြပါတယ်။
ကျန်းမာရေးမကောင်းသူအချို့က
လွဲလို့ တော်တော်များများပါတာကြောင့်
မလွန်ဆန်သာပဲ ပါလိုက်ရပါတယ်။
နေပူကြီးထဲမှာ အခြေခံစစ်ပညာသင်တန်း
တက်ကြရပါတယ်။ သက်သာ၊ အေးစေ
က အစပြုလို့ အုပ်စုလိုက်
ချီတက်လမ်းလျှောက်တာ၊အလေးပြုတာေ တွကိုပါ
သင်ကြရပါတယ်။ နောက်ပိုင်းကျတော့
ဘင်ခရာသင်တန်းကို ဆက်တက်ကြရပါတယ်။
ကျွန်မက ပလွေမှုတ်ရပါတယ်။
ဘင်ခရာအဖွဲ့မှာ နှစ်နှစ်တာ
ပါဝင်ခဲ့ရတဲ့ အတွေ့အကြုံလေးတွေဟာ
အသင်းအဖွဲ့နဲ့ ပတ်သက်ပြီး
ညှိနှိုင်းလုပ်ဆောင်တတ်တဲ့
အရည်အချင်းတွေ၊ ကိုယ်တယောက်တည်းကောင်းလို့
မရပဲ တသင်းလုံးကောင်းဖို့
အရေးကြီးတယ်ဆိုတဲ့ အသင်းအဖွဲ့
စိတ်ဓာတ်တွေ၊ ညီညွတ်မှုတွေ၊
ကိုယ်စားပြုဆောင်ရွက်တတ်မှု
အရည်အချင်းတွေကို တိုးစေခဲ့ပါတယ်။
ဒီတုန်းက
မမေ့နိုင်စရာ အဖြစ်အပျက်လေးတခုလဲ
ရှိခဲ့ဖူးပါတယ်။ စနေနေ့တရက်မှာ
သင်တန်းလေ့ကျင့်ဖို့ ရှိပေမယ့်လ
မေမေနဲ့ မြို့ထဲ လိုက်သွားချင်တာကြောင့်
သင်တန်းမရှိဖူးဆိုပြီး
သင်တန်းလစ်ခဲ့ဖူးပါတယ်။
တနလာင်္နေ့သင်တန်းလေ့ကျင့်ချိန်ကျ တော့
စနေနေ့ ပျက်ကွက်တဲ့လူတွေကို
ဆရာမတွေက ရိုက်နှက်ဆုံးမ
ပါတော့တယ်။ ဒီတုန်းက
ဆရာမဒေါ်ခင်နုနုက ၀ါးခြမ်းပြားနဲ့
ကျွန်မ ခြေသလုံးကို သုံးချက်လောက်
ခပ်ဆတ်ဆတ်ရိုက်ရင်း "
ကိုယ်ကပျက်ကွက်နေချိန်မှာ
သူများတွေက တဖွဲ့လုံးကောင်းဖို့
ကြိုးစား လေ့ကျင့် နေကြတယ်။
ကိုယ့်ကိုယ်ကို မရှက်ဘူးလား"
လို့
မေးလိုက်ပါတယ်။ ကျွန်မ
တော်တော်နာသွားပါတယ်။ တုတ်ထက်
စကားက ပိုနာသွားစေခဲ့တာပါ။
နောက်ပိုင်း လူသားပီပီ
သက်သာရာရဖို့ ရေသာခို
အချောင်လိုက် ချင်စိတ်လေး
ဝင်လာတိုင်း ဒီအဖြစ်အပျက်လေးကို
သတိသွားရမိပါတယ်။ သေချာတာကတော့
ကိုယ့်ကိုယ်ကို မရှက်ရအောင်
ကျွန်မ ထိန်းသိမ်းဖြစ်သွားခဲ့ပါတော့တယ် ။
(၃)
စာဖတ်၊
စာရေး ၀ါသနာနှင့် သုတေသနပညာ
ကျွန်မရဲ့
ပင်ကိုယ်က စာဖတ်၊ စာရေး
ဝါသနာပါပါတယ်။ ဒါပေမယ့်
ဝါသနာကို ပိုမိုရင့်သန်လာအောင်
ပြုစုပျိုးထောင်ပေးလိုက်တာက
ကျွန်မရဲ့ ကျောင်းတော်ကြီးပါပဲ။
ငါးတန်းကနေ ဆယ်တန်းအထိ
ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊
ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊
ဗဟိုအဆင့် စာစီစာကုံးပြိုင်ပွဲပေါင်း
မြောက်မြားစွာမှာ တခါတရံလဲ
ကိုယ့်ဆန္ဒနဲ့၊ တခါတရံလဲ
ဆရာမများရဲ့ တိုက်တွန်းချက်တွေနဲ့
ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ် ။
ခေါင်းစဉ်မျိုးစုံနဲ့
ပြိုင်ပွဲတွေဖြစ်တာကြောင့်
မဖြစ်မနေ စာတွေဖတ်ခဲ့ရပါတယ်။
စာရေးလေ့ကျင့်ရပါတယ်။
အချက်အလက်တွေ စုစည်းရပါတယ်။
ပြိုင်ပွဲတွေမှာ ဆုရဖို့အတွက်
ကျောင်းစာပြင်ပ စာများစွာကို
ဖတ်ရှုလေ့လာ၊ အချက်အလက်တွေ
စုစည်းရာက မှတ်စုစာအုပ်လေးတွေ
သုံးဖြစ်လာခဲ့ပါတယ်။
ဘယ်စာရေးဆရာက ဘယ်ခုနှစ်က
ဘယ်စာအုပ်ထဲမှာ ဘယ်လိုရေးထားခဲ့တယ်ဆိုတာကို
မှတ်စုစာအုပ်လေးနဲ့ မှတ်တတ်လာတဲ့
အလေ့အထဟာ နောင်တချိန်မှာ
ကျွန်မ အသက်မွေးဝမ်းကျောင်းရမယ့်
သုတေသီသမား တယောက် ဘ၀ရဲ့
အခြေခံဖြစ်လာလိမ့်မယ်ဆိုတာ
ကျွန်မ ဒီတုန်းက မသိခဲ့ပါဘူး။
ကျောင်းက နံရံကပ်စာစောင်လေးတွေ၊
ကဗျာစာအုပ်ထုတ်ဝေရေးတွေမှာ
ပါဝင်ဖြစ်ခဲ့တာတွေက တဆင့်
နောင်တချိန်မှာ အွန်လိုင်းမဂ္ဂဇင်းတခုရဲ့
အယ်ဒီတာလုပ်ဖြစ်သွားလိမ့်မယ်လို့ လဲ
မသိခဲ့ရိုး အမှန်ပါ။
အင်တာနက်ဆိုတာတောင် ဘာမှန်းမသိတဲ့
ဒီကာလတွေက ဘလော့ဂါဆိုတာ
ဖြစ်လာမယ်လို့လဲ ယောင်လို့တောင်
တွေးမိခဲ့မှာ မဟုတ်ပါဘူး။
ဒါပေမယ့် အထက
(၄)
ကျောင်းတော်ကြီးမှာ
ကျွန်မဘ၀ အနာဂတ်ရဲ့ အရိပ်အယောင်တွေ
စပြေးနေခဲ့တယ်ဆိုတာ
နောက်ပိုင်းပြန်စဉ်းစားမိမှပဲ
ရေးရေးလေး မြင်မိလာပါတော့တယ်။
စာစောင်တွေ၊ မဂ္ဂဇင်းတွေထဲမှာ
ကျွန်မရဲ့ စာတိုပေစလေးတွေ
ပါရင် အမောတကော သွားပြေးပြောဖို့
ဆရာမတွေ ကျွန်မဘေးမှာ
မရှိနေတော့ပါဘူး။ ဒါပေမယ့်
စာတိုပေစလေးတွေ ရေးဖြစ်လာတဲ့အခါတိုင်း
ကျွန်မသွားပြေးပြောလေ့ရှိတဲ့
ခုနစ်တန်းဆရာမ ဒေါ်နော်စာထူး၊
ရှစ်တန်းဆရာမ ဒေါ်ခင်နှင်းရီ၊
ဒေါ်မိမိလှိုင်၊ ကိုးတန်း-ဆယ်တန်းဆရာမ
ဒေါ်ခင်မေရီ၊ ဒေါ်မြင့်မြင့်သန်းတို့ရဲ့
ပုံရိပ်တွေကိုတော့ မနေ့ကအလား
မြင်ယောင်မိဆဲပါပဲ။
(၄)
ကိုယ်စားပြုစိတ်
အပြိုင်အဆိုင်စိတ်ရှိတာက
မကောင်းပေမယ့် ကိုယ်စားပြုစိတ်
ရှိတာကတော့ ကောင်းတယ်လို့
ကျွန်မယူဆပါတယ်။ မြို့နယ်၊
ခရိုင်၊ ပြည်နယ်၊ ဗဟိုအဆင့်
ပြိုင်ပွဲတွေကို
သွားရောက်ယှဉ်ပြိုင်ရခါနီးတိုင်း
ဆရာမကြီး ဒေါ်အေးချစ်က မှာတဲ့
စကားတခွန်းရှိပါတယ်။
ကျောင်းဂုဏ်ဆောင်နိုင်အောင်
ကြိုးစား ဆိုတဲ့ စကားပါ။
ဒီစကားက ကျွန်မအတွက်တော့
အလွန်အရေးကြီးခဲ့ပါတယ်။
အထက (၄)
အတွက်
ပထမဆုရအောင် ယူခဲ့ပါမယ်
ဆိုတဲ့ စကားကို အကြိမ်ပေါင်းမြောက်မြားစွာ
ကျွန်မ ပြန်ပြောခဲ့ဖူးပါတယ်။
အပြောနဲ့ အလုပ်ညီဖို့ကိုလဲ
အကြိမ်များစွာ ကြိုးစားခဲ့ဖူးပါတယ်။
ဒီလို ကိုယ်စားပြုစိတ်ကို
ကျောင်းတော်ကြီးက ခွဲခွာပြီးချိန်မှာလဲ
ကျွန်မဆက်လက်သယ်ယူသွားခဲ့ပါတယ်။
အချိန်ကာလ၊ အခြေအနေတွေအရ
နိုင်ငံရပ်ခြားရောက်သွားချိန်မှာ
အထက (၄)
ကနေ၊
မြန်မာနိုင်ငံကို ကိုယ်စားပြုမှုဆီကို
ထပ်ဆင့် ရွေ့လျောသွားခဲ့ပါတယ်။
ပညာသင်ယူချိန်မှာ မြန်မာကျောင်းသား၊
ပညာသင်ကြားပေးချိန်မှာ
မြန်မာဆရာမ၊ အခြားအလုပ်ခွင်တွေမှာ
မြန်မာလူမျိုး ဆိုတာကို
ကျွန်မရဲ့ ရင်ထဲမှာ
ကိုယ်စားပြုဖြစ်သွားပါတယ်။
နိုင်ငံတကာ
အလုပ်ခွင်တွေမှာ တဦးနဲ့
တဦးမိတ်ဆက်ကြရင် ဘာလူမျိုးလဲဆိုတာကို
မေးလေ့ရှိပါတယ်။ နောက်ပိုင်း
ကွဲကွာပြီး အချိန်ကာလကြာသွားရင်
ကိုယ့်နာမည်ကို မမှတ်မိကြတော့ပေမယ့်
မြန်မာတယောက်နဲ့ ဆုံခဲ့ဖူးတယ်၊
အလုပ်တူတူ လုပ်ခဲ့ဖူးတယ်ဆိုတာကိုတော့
သူတို့တွေ မှတ်မိကြလိမ့်မယ်လို့
တွေးမိခဲ့ပါတယ်။ ဒီအခါမှာ
မြန်မာဆိုတာကို သူတို့စိတ်ထဲမှာ
ဘယ်လိုအမှတ်ပေးထားခဲ့မလဲ။
တော်တယ်လို့ မသတ်မှတ်ရင်တော့
လူပျင်း၊ လူဖျင်း၊ လူညံ့လို့
မသတ်မှတ်ခံရအောင် ကြိုးစားဖို့
လိုတယ်ဆိုတဲ့ စိတ်က ကျွန်မရဲ့
အတွေးထဲမှာ ခိုဝင်နေပါတယ်။
ဒီလို ကိုယ်စားပြုစိတ်ကို
ကျောင်းတော်ကြီးက ကျွန်မရဲ့
ရင်ထဲမှာ မွေးမြူပေးခဲ့တာပါပဲ။
(၅)
သင်ကြားခြင်းအနုပညာ
ဆရာဆိုတာ
တပည့်တယောက်ရဲ့ နှလုံးသားမှာ
အမြဲတမ်းစွဲထင်ကျန်ရစ်သွားစေတဲ့
ပုံရိပ်တခုပဲ ဆိုတဲ့ စကားတခွန်းကို
ကြားဖူးပါတယ်။ ကျောင်းတော်ကြီးမှာ
ဆယ့်နှစ်နှစ်တာ ဖြတ်သန်းခဲ့ရတဲ့
ဘ၀ထဲမှာ ဆရာ၊ ဆရာမ များစွာနဲ့
ဆုံဆည်းခဲ့ရပါတယ်။
စာသင်ကြားဟန်အမျိုးမျိုး၊
ဆုံးမနည်းအမျိုးမျိုးတွေ
အကြားမှာ ပညာအမွေတွေ ရခဲ့ပါတယ်။
ငယ်စဉ်တုန်းကတော့
ပညာသင်ယူခဲ့ရတယ်လို့ပဲ
ထင်ခဲ့တာပါ။ ဒါပေမယ့်
သင်ကြားခြင်း အနုပညာအမွေကိုပါ
ရရှိခဲ့တယ်ဆိုတာ ကိုယ်တိုင်ဆရာဖြစ်မှပဲ
ရိပ်မိသိရှိလာခဲ့တာပါ။
ရံဖန်ရံခါမှာ မသိလိုက်၊
မသိဘာသာနဲ့ ငယ်ဆရာတယောက်ယောက်ရဲ့
သင်နည်းသင်ဟန်တွေကို
အသုံးပြုမိသွားတာတွေလဲ
ရှိပါတယ်။ ဥပမာ-
ပထမနှစ်
ဘောဂဗေဒ ကျောင်းသားတွေကို
ကျူတိုရီယာယ် ၀င်တုန်းက
စာရှင်းပြတဲ့အခါ ဥပမာလေးတွေ
ပေးတော့ ကိုယ်က သဌေး၊ ထုတ်လုပ်သူ၊
လုပ်ငန်းရှင် ပုံစံမျိုးလေးနဲ့
ရှင်းပြတော့ ကလေးတွေက
ရယ်ရယ်ပြုံးပြုံး ဖြစ်ကုန်ကြပါတယ်။
တက္ကသိုလ်မှာတုန်းကလဲ ဘယ်ဆရာမှ
ဒီလို မသင်ဖူးပါဘူးဆိုပြီး
ပြန်စဉ်းစားမိတော့မှ
ဆယ်တန်းတုန်းက ဘောဂဗေဒ
ဆရာမဒေါ်လှမျိုးနွယ်ရဲ့သင်ဟန်လေး တခုမှန်း
အမှတ်သွားရမိပါတယ်။
ဂိမ်းသီအိုရီတွေ
သင်တော့လဲ သဘောသဘာဝကိုက
တော်တော်ရှုပ်ထွေးတာကြောင့်
သင်ရိုးညွှန်းတန်း ဆွဲစဉ်ကတည်းက
course
director နဲ့
ညှိပြီး၊ တပတ်တခါကို
လေ့ကျင့်ခန်းတွေပေး၊
စာမေးပွဲတွေစစ်၊ မပေါ့ဆရဲအောင်
course
work မှာ
၅ %
အမှတ်ယူတာတွေ
လုပ်ဖြစ်ပါတယ်။ ကလေးတွေကတော့
စိတ်ညစ်ကြပါတယ်။ ဒါပေမယ့်လဲ
တချိန်ကျရင်တော့ လုပ်ငန်းခွင်ကျရင်
သူတို့သဘောပေါက်သွားမှာလို့ပဲ
သဘောထားလိုက်မိပါတယ်။
ဒီနည်းကတော့ အိမ်စာအပေးကြမ်း၊
ခဏခဏ ပုစ္ဆာတွေ တွက်ခိုင်းတဲ့
အထက်တန်း သင်္ချာဆရာမ ဒေါ်တင်မာညွန့်ဆီက
အမွေရခဲ့တာနဲ့ တူပါရဲ့။
(၆)
မှတ်သားဖွယ်ရာ
ဆုံးမစကားများ
တောင်ကြီး၊
အထက (၄)
ကျောင်းတော်မှာ
ပညာရင်နို့ သောက်စို့ခဲ့ရတဲ့
ဆယ့်နှစ်နှစ်တာကာလမှာ ဆရာ၊
ဆရာမများရဲ့ ဆုံးမစကားများစွာကို
နာယူခဲ့ရပါတယ်။ အချို့စကားတွေကျတော့လဲ
မသိစိတ်မှာ စွဲမြဲသွားပြီး
လိုက်နာဖြစ်သွားပါတယ်။
တချို့စကားတွေကျတော့လဲ
သိစိတ်မှာပါ စွဲမြဲပြီး
မှတ်မှတ်ရရ ကျန်ရစ်နေခဲ့ပါတယ်။
အချိန်ကာလ၊ အခြေအနေပေါ်မှာ
မူတည်ပြီး ကျောင်းသားတယောက်နဲ့တယောက်
မှတ်မိနေတဲ့ အဖြစ် အပျက်လေးတွေ၊
ဆုံးမစကားလေးတွေကတော့
တူညီနိုင်မှာ မဟုတ်ပါဘူး။
ကျွန်မမှာလဲ မမေ့နိုင်တဲ့
ဖြစ်ရပ်လေးတွေနဲ့ စကားလေးတွေ
ရှိပါတယ်။
(က)
ဆရာဆိုတာ
ကျောသား၊ ရင်သား မခွဲရဘူး
လေးတန်းတုန်းကပါ။
ကျွန်မက လေးတန်းဘီမှာ တက်ရပါတယ်။
အတန်းပိုင်ဆရာမက ဆရာမဒေါ်ခင်ငြိမ်းပါ။
ဆရာမနဲ့က တော်တော်ကို
ရင်းနှီးပါတယ်။ စာကြိုးစားတဲ့
ကျွန်မတို့ရှေ့ဆုံးတန်းက
မိန်းကလေးတွေကို ဆရာမကလဲ
ချစ်ပါတယ်။ တော်တော်အလိုလိုက်တာပါ။
မုန့်လဲ ၀ယ်ကျွေးတတ်ပါသေးတယ်။
လေးတန်း ပထမနှစ်မှာ
ရှစ်လေးလုံးအရေးတော်ပုံနဲ့
ကြုံပြီး ကျောင်းပိတ်သွားတာမို့
နှစ်နှစ်လောက် ဆရာမနဲ့
တွေ့လိုက်ရတာလဲ ပါမယ် ထင်ပါတယ်။
တနေ့တော့ ဆရာမက အင်္ဂလိပ်စာ
meanings
တွေ
ကျက်လာခိုင်းပါတယ်။ ကျွန်မ
မကျက်သွားမိပါဘူး။ စာမကျက်လာရင်
ရိုက်မယ်လို့ ပြောထားဖူးပေမယ့်
ရင်းနှီးနေတော့ တကယ်ရိုက်မယ်လို့
မထင်ထားပါဘူး။ ဒါပေမယ့်
ဆရာမက တကယ်ကို ရိုက်တာကြောင့်
လေးတန်းကျောင်းသူ ထုံးစံအတိုင်း
ဆရာမကို စိတ်ကောက်လိုက်ပါတော့တယ်။
ဆရာမကလဲ သိပါတယ်။ ဒါပေမယ့်
မသိချင်ယောင်ဆောင်နေပါတယ်။
ကျွန်မလဲ မပေါ့ရဲတော့ပါဘူး။
စာသေချာကျက်ဖြစ်ပါတယ်။
ဒီတုန်းက အေခန်းနဲ့ ဘီခန်းက
အမှတ်ပေါင်းပြိုင်နေကျပါ။
စာမေးပွဲတခုမှာ အေခန်းထက်
အမှတ်ပေါင်း ပိုများသွားတာကြောင့်
ဆရာမက အင်္ဂလိပ်စာသဒ္ဒါစာအုပ်အတွဲလေးကို
ဆုပေးပါတယ်။ ပြီးတော့ ပြောပါတယ်။
"ဆရာဆိုတာ
ကျောသား၊ ရင်သားမခွဲရဘူး။
ဆုပေးစရာရှိရင်ပေးရတယ်၊
ဒဏ်ပေးစရာရှိလဲ ပေးရမှာပဲ"တဲ့။
(ခ)
ကိုယ့်ဘ၀ကိုယ်
တန်ဖိုးမထားရင် ဘယ်သူက
လာထားမှာလဲ
ကျွန်မရဲ့
ကျောင်းသားဘ၀မှာ စိတ်အလေဆုံးအချိန်က
ခြောက်တန်းကာလ တခုပဲ
ရှိခဲ့ဖူးပါတယ်။ ဒီတုန်းက
ဘင်ခရာသင်တန်းတွေ တက်နေတာ၊
ပြင်ပကျောင်းစာတွေ
အဖတ်များနေတာတွေကြောင့်
စာကို ကျွန်မ စိတ်မ၀င်စားခဲ့ပါဘူး။
ယောက်ျားလေးသာ ဖြစ်ခဲ့ရင်
ကျောင်းပြေးဖြစ်မယ့်
အချိန်တွေလို့ ထင်ပါတယ်။
ကျွန်မက ဘူးဆိုရင် ဖရုံမသီးတတ်တဲ့
လူမျိုးဆိုတော့ စိတ်မ၀င်စားတော့ဘူးဆိုရင်လဲ
ဟန်ဆောင်ပန်ဆောင်တောင်
စိတ်ဝင်စားသယောင် လုပ်ပြလို့
မရတော့ပါဘူး။ အဲဒီမှာတင်
စည်းကမ်းအရမ်းကြီးတဲ့
ဆရာမဒေါ်ခင်နုနုနဲ့ ဆုံကြပါတော့တယ်။
ဆရာမတို့ မိသားစုနဲ့
ကျွန်မမိသားစုနဲ့
အရမ်းရင်းနှီးတာကြောင့်
စိတ်လေနေတဲ့ ကျွန်မကို ဆရာမကလဲ
အရမ်းဖိပါတယ်။ တကြိမ်မှာတော့
စာသင်ချိန်မှာ ပြတင်းပေါက်ဘက်
ငေးနေမှုနဲ့ တချိန်လုံး
မတ်တပ်ရပ်ခိုင်းထားပြီး
ဆရာမက ဆူပါတယ်။ "
ဒီအရွယ်လေးမှာကတည်းက
စာကို စိတ်မ၀င်စားရင်
ဘ၀ပျက်သွားမှာပေါ့။ ကိုယ့်ဘ၀ကိုယ်
တန်ဖိုးမထားရင် ဘယ်သူက
လာထားမှာလဲ"
တဲ့။
ဒီစကားရဲ့ လေးနက်မှုကို
အခုအချိန်မှာ သေချာတွေးမိလာပါတယ်။
ဒီတုန်းကလဲ ကျွန်မကို
ထိသွားစေတယ် ထင်ပါရဲ့။
ခြောက်တန်းနှစ် အတန်းတင်စာမေးပွဲကြီးမှာ
တကျောင်းလုံး အဆင့်နှစ်ရသွားခဲ့ပါတယ်။
(ဂ)
လုပ်ရင်ဖြစ်မယ်ဆိုတာ
ယုံပါတယ်
ကျွန်မတို့ခေတ်တုန်းက
ကိုးတန်း၊ ဆယ်တန်းမှာ သိပ္ပံ၊
ဝိဇ္ဇာ ကိုးဘာသာလုံးသင်ရပါတယ်။
မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊
သမိုင်း-
ပထ၀ီ-
အီကို
သုံးဘာသာတွဲ၊ ဓာတု-ရူပ-ဇီဝ
သုံးဘာသာတွဲ ဆိုပြီးတော့ပါ။
တရားဝင် ငါးဘာသာဆိုပေမယ့်
သင်ရတာက ကိုးဘာသာဖြစ်နေပါတယ်။
စမ်းသပ်ဆဲကာလမှာ သင်ရိုးညွှန်းတန်းတွေက
ဖြတ်ညှပ်ကပ်တွေပါ။ သင်ခန်းစာတခုနဲ့
တခုကြား အဆက်ပြတ်နေတာတွေတောင်
ရှိပါသေးတယ်။ ကျွန်မက
အလယ်တန်းကာလကတည်းက
ကိုယ်ဘာပညာရပ်တွေကို
အားသာတယ်ဆိုတာ ရိပ်မိနေတာကြောင့်
ကိုးတန်းရောက်ရင် ၀ိဇ္ဇာတွဲပဲ
ယူမယ်လို့ စဉ်းစားထားပြီးသားပါ။
ဒါပေမယ့် ကံဆိုးစွာ ကိုးဘာသာကြီးနဲ့
တွေ့တော့ ဓာတု-ရူပ-ဇီဝ
ဘာသာတွေကို စိတ်မပါပဲ
သင်ရကိန်းကြုံပါတော့တယ်။
စိတ်မ၀င်စားတဲ့ ဘာသာရပ်ဖြစ်နေတော့
ဘယ်လိုမှ အာရုံစိုက်လို့
မရပါဘူး။
အထူးသဖြင့်
ဓာတုဗေဒ ဘာသာရောက်ရင်
ဆရာမဒေါ်စိုးစိုးနိုင်က
သဘောအရမ်းကောင်းတော့ ကျွန်မက
ခိုးအိပ်ပါတယ်။ ဆရာမကလဲ
အမြဲနှိုးရပါတယ်။ ကျွန်မနာမည်ခေါ်ပြီး
ဒီအတန်းထဲ ရှိသေးလားလို့တောင်
မေးယူရတဲ့အထိပါ။ ဒီလိုနဲ့
စာမေးပွဲကြီးနီးလို့
အနီးကပ်စာမေးပွဲတွေဖြေတဲ့အချိန် အထိ
ကျွန်မက ဓာတုအမှတ်က ၂၀
မကျော်ပါဘူး။ ဒီတုန်းက
သုံးဘာသာတွဲဆိုတော့ ၃၃
မှတ်ဖိုးပဲ ဖြေရတာပါ။ ကျွန်မက
စာကျက်ချိန်မှာ ဓာတုစာအုပ်ကိုပါ
မကိုင်တာပါ။ ဒါပေမယ့်
စာမေးပွဲကြီးနီးလို့
ကျောင်းပိတ်တော့မယ့် အချိန်မှာ
ဆရာမက ကျွန်မကို ပြောပါတယ်။
"သမီးက
တော်ပြီးသားပါ။ သမီး
လုပ်ရင်ဖြစ်မယ်ဆိုတာ ဆရာမ
ယုံပါတယ်"
တဲ့။
ဆရာမကို ပြန်ကြည့်မိရင်း
ကျွန်မ ဘာပြောရမှန်း မသိခဲ့ပါဘူး။
ဒါပေမယ့် စားမေးပွဲကြီး
မတိုင်ခင် တပတ်လောက်မှာ
ဓာတုဗေဒကို ကျွန်မအသည်းအသန်
ကျက်မှတ်လေ့လာမိသွားပါတယ်။
စာမေးပွဲအားလုံးမှာ ဓာတုဗေဒအမှတ်
၂၀ မကျော်လို့ သိပ္ပံတွဲ အမှတ်
၇၀ နဲ့ ၈၀ ကြားမှာပဲ ရှိနေတဲ့
ကျွန်မကို နောက်ဆုံးစာမေးပွဲမှာ
သိပ္ပံတွဲ (၉၆)
မှတ်
ရသွားစေခဲ့တာဟာ ကျွန်မကို
ယုံပါတယ်ဆိုတဲ့ ဆရာမ စကားရဲ့
တွန်းအားကလွဲရင်
ဘာများဖြစ်နိုင်ဦးမှာတဲ့လဲ။
(ဃ)
ပေါ့ပေါ့ဆဆ
မလုပ်ရဘူး။ အရေးကြီးတဲ့
အရာတွေကို မေ့နေရင် ကျန်တာတွေက
ကိုယ်ဘာလုပ်ထားထား၊ အလကားပဲ။
တောင်ကြီး၊
အထက (၄)
မှာ
အီကိုဆရာမ ဒေါ်လှမျိုးနွယ်ဆိုတဲ့
နာမည်ကို အထက်တန်းကျောင်းသား
မဖြစ်ခင်ကတည်းက ကျောင်းသားတွေ
ကြားဖူးလေ့ရှိပါတယ်။
အိမ်မှာတောင် ပြန်ကျက်စရာ၊
ပြန်လေ့လာစရာ သိပ်မလိုတော့ပဲ
စွဲသွားအောင် သင်ပေးတတ်ပါတယ်။
ပြီးတော့ ဆရာမကလဲ ကြိမ်လုံးကိုင်တတ်တဲ့
ဆရာမပါ။ ရံဖန်ရံခါမှ ကိုင်တာမျိုး
မဟုတ်ပါဘူး။ စာကြိုးစားတယ်ဆိုတဲ့
စာရင်းထဲမှာ ပါတဲ့ ကျွန်မတောင်မှ
ကြိမ်ဒဏ် (၁၆)ချက်
အထိ ဆက်တိုက်အရိုက်ခံရဖူးပါတယ်။
တခါမှာတော့ လပတ်စာမေးပွဲတခုမှာ
ခုံနံပါတ်မပါပဲ ကျွန်မဖြေလိုက်မိပါတယ်။
ကိုယ့်ဆရာ၊ ကိုယ့်တပည့်ုဖြစ်တာကတကြောင်း၊
ကျွန်မရဲ့ လက်ရေးကို ဆရာမက
မှတ်မိနေတာတကြောင်းကြောင့်
ကျွန်မရဲ့ အဖြေလွှာမှန်း
ဆရာမက သိပါတယ်။ အတန်းထဲမှာ
အဖြေလွှာတွေကို ဆရာမက ပြန်ပေးတော့
ကျွန်မနာမည်ခေါ်လိုက်ချိန်မှာ
ဆရာမရှေ့ ရောက်သွားခဲ့ပါတယ်။
မပြောမဆိုနဲ့ ဆရာမက လက်မောင်းကို
ဆွဲပြီး ဆိတ်ပါတော့တယ်။
အချိန်အတော်ကြာတဲ့အထိ
မလွှတ်ပါဘူး။ ရုန်းလေ၊ နာလေ။
ဆရာမက ဆုံးမစကားတွေကို
တောက်လျှောက်ဆက်ပြောပါတယ်။
"ပေါ့ပေါ့ဆဆ
မလုပ်ရဘူး။ အရေးကြီးတဲ့
အရာတွေကို မေ့နေရင် ကျန်တာတွေက
ကိုယ်ဘာလုပ်ထားထား၊ အလကားပဲ
"
လို့
ဆရာမက ပြောပါတယ်။ ဒီတုန်းက
အဖြေလွှာကို သုညပေးမယ်လုပ်လို့
မနည်းတောင်းပန်ပြီး၊
နောင်မဖြစ်စေရဘူး ကတိပေးလိုက်ရပါတယ်။
(င)
ဘယ်အချိန်မှာ
ဘယ်အရာက ကိုယ့်အတွက်
ပိုအရေးကြီးလဲဆိုတာ စဉ်းစားရတယ်။
ဦးစားပိုပေးသင့်တာကို
ဦးစားပေးရတယ်
ကျွန်မ
ဆယ်တန်းတုန်းက ဆောင်းပါးပြိုင်ပွဲတခု
ဝင်ပြိုင်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။
ဒါနဲ့ အချက်အလက်တွေ၊
စာတွေလိုက်ရှာဖတ်နဲ့
နှစ်ပတ်လောက် ကျောင်းစာမှာ
လစ်ဟင်းသွားဖူးပါတယ်။ ဒါကို
အင်္ဂလိပ်စာ သင်တဲ့ ဆရာမ
ဒေါ်တင်ညွန့်ရည်က သတိထားမိသွားပါတယ်။
တရက်တော့ ဆိုင်းမဆင့်၊
ဘုံမဆင့် ကျောက်သင်ပုန်းရှေ့ထွက်ပြီး
အင်္ဂလိပ်ကဗျာ ကျက်ခိုင်းထားတာကို
ချရေးခိုင်းပါတယ်။ ကျွန်မ
မရပါဘူး။ တခြားစာတွေ မေးတော့လဲ
မရပါဘူး။ ပေါက်တိပေါက်ရှာတွေ
ဖြေနေခဲ့တာပါ။ ဒါနဲ့
ဆရာများနားနေခန်းကနေ
တုတ်သွားယူခိုင်းပါတော့တယ်။
လက်ဝါးကို ရိုက်တာမှာ
လက်ရှောင်လိုက်တုန်း
လက်ချောင်းတွေကို ထိသွားတာဆိုတော့
အတော်ကို နာသွားတာပါ။ ဒါနဲ့
နောက်ပိုင်း ကျွန်မလဲ လူငယ်သဘာဝ
စိတ်ဆိုးပြီး ဆရာမနဲ့
စာသင်ချိန်ကလွဲပြီး
ကျန်တဲ့အချိန်တွေကို မဆုံအောင်
ရှောင်ပါတယ်။
ဆရာမအိမ်အောက်ထပ်မှာက
နယ်ကလာတဲ့ ကျောင်းသားတွေကို
အဆောင်ထားပါတယ်။ အဲဒီမှာ
ကျွန်မ သူငယ်ချင်းတချို့လဲ
ရှိပါတယ်။ တနေ့မှာတော့ ဆရာမကို
သူငယ်ချင်းတွေဆီတော့
သွားလည်ဖြစ်ပါတယ်။ ဆရာမက
အိမ်ပေါ်မှာပဲ ရှိမယ် ထင်လို့ပါ။
ဒါပေမယ့် ဆရာမက အောက်ထပ်ဆင်းအိပ်ပြီး
အဆောင်နေတပည့်တွေကို
ကိုယ်ဖိရင်ဖိ ဂရုတစိုက်
စာကျက်ခိုင်းနေချိန်
ဖြစ်တာကြောင့် ဆရာမနဲ့
တည့်တည့်သွားတိုးပါတယ်။
ကျွန်မ ရှောင်ထွက်ဖို့လုပ်ပေမယ့်
ဆရာမက သူ့နားလာခဲ့ဖို့
ခေါ်ပါတယ်။ စာခေါ်မေးတာလား
မသိလို့ ကျွန်မ ကြောက်ကြောက်နဲ့
သွားဖြစ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့
ဆရာမနဲ့ တနာရီလောက်
စကားပြောဖြစ်သွားခဲ့ပါတယ်။
"
နင်စွယ်စုံရတယ်ဆိုတာ
ငါသိတယ်။ နင်တခုခုဖြစ်လာမယ်လို့လဲ
ငါမျှော်လင့်ထားတယ်။
ဆရာဝန်လုပ်ဖြစ်ရင်
အထူးကုဆရာဝန်ဖြစ်အောင်လုပ်၊
တခြားဟာဆိုရင်လဲ ပါမောက္ခဖြစ်အောင်လုပ်။
ပြီးမှ တခြားဟာတွေလုပ်။
လူဆိုတာ ဘယ်အချိန်မှာ ဘယ်အရာက
ကိုယ့်အတွက် ပိုအရေးကြီးလဲဆိုတာကိုတော့
စဉ်းစားရမယ်။ ဦးစားပိုပေးသင့်တာကို
ဦးစားပေးရမယ်"
တဲ့။
အခုအချိန်မှာ ဆရာမလူ့လောကမှာ
မရှိတော့ပါဘူး။ ဒါပေမယ့်
ဆရာမရဲ့ စကားလေးတွေကတော့
ကျွန်မအတွက် တသက်စာ အမှတ်တရပါ။
တကယ်တော့
တောင်ကြီး အထက (၄)
ကျောင်းတော်ကြီးနဲ့
ဆရာ၊ ဆရာမတွေက ပေးအပ်ခဲ့တဲ့
အသိပညာ၊ အတတ်ပညာတွေ၊
အရည်အချင်းတွေ၊ ဆုံးမစကားတွေက
များပြားလှပါတယ်။ ဒီစာလေးတပုဒ်ထဲနဲ့
ပြီးပြည့်စုံအောင် ဖော်ကျူးနိုင်မှာ
မဟုတ်ပါဘူး။ သေချာတာကတော့
ကျောင်းတော်ကြီးဟာ ကျွန်မရဲ့
ရင်ထဲမှာ အမြဲတမ်းနေရာယူပြီးသား
ဖြစ်နေသလို၊ မြတ်ဆရာတို့ရဲ့
ဂုဏ်ကျေးဇူးတွေကိုလဲ ထာဝစဉ်
အောက်မေ့ သတိရနေမိမယ် ဆိုတာပါပဲ။
ခင်မမမျိုး
(၂၀၊
၁၀၊ ၂၀၁၂)
(နိုဝင်ဘာလ
၂၅ ရက်နေ့တွင် ကျင်းပမည့်
အထက (၄)
တောင်ကြီးမှ
ကျောင်းသားဟောင်းများရဲ့
ဒုတိယအကြိမ်အာစရိယ ပူဇော်ပွဲ
အား ဂုဏ်ပြုကြိုဆိုလျက်)
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment