မှာတမ်းစကား လက်ဆောင်ပါးလိုက်တဲ့ အဘိုးအို (ကဗျာ)




 
ဆံဖြူသွားကျိုး အဖိုးအိုက
ဒီမယ်......ငါ့မြေး
အဖိုးဟာ လောကဓံရဲ့
ထုနှက် ရိုက်ပုတ်တဲ့ဒဏ်တွေကို ခံနိုင်စွမ်းပေမယ့်
ပျိုးမြစ်ခြင်းကို တိုက်စားလာတဲ့
ဇရာရဲ့ ဖိစီးမှုဒဏ်ကို မတွန်းလှန်နိုင်တော့ဘူး။
ဇရာဒဏ်ကို မလှန်နိုင်တော့
အဖိုးဟာ မခွဲချင်ပဲနဲ့
ငါ့မြေးတွေကို ခွဲခွါရတော့မယ့်အချိန်က
တဖြည်းဖြည်းနဲ့ နည်းကပ်လို့လာပါပြီး။
ဒီအတွက်.....အဖိုးမတုန်လှုပ်ပါဘူ
အဖိုးရင်ထဲ မကောင်းဖြစ်နေမိတာက
အဘိုးမရှိတဲ့နောက် လောကအလယ်မှာ
ငါ့မြေးတို့ ဘယ်လိုရပ်တည် ဘယ်လိုစခန်းသွား
ဘယ်လိုရှင်သန်နေထိုင်သွားကြမလဲ ဆိုတာ
အဖိုးတွေးမိလေတိုင်း မျက်ရည်ဝိုင်းခဲ့ရပါတယ်။
အဖိုးစဉ်းစားနေမိတယ်
တိုင်းပြည် တကယ်ဆင်းရဲလို့
တကယ်မရှိလို့ လူတွေဒုက္ခရောက်တယ် ဆိုရင်
ဖြေသာပါတယ်....ငါ့မြေး၊
မြေပေါ်မြေအောက် သံယဇာတ ပေါကြွယ်လျှက်နဲ့
နိုင်ငံရေး စစ်ရေးပဋိပက္ခတွေတင်းမာမှုကြောင့်
အများပြည်သူ ဒုက္ခပင်လယ်ကြောထဲမှာ
နစ်တချီ မြှပ်တလှည့် ကယ်သူမဲ့ကာ
ဒုက္ခရောက်နေကြရတယ် ဆိုတော့
အဘိုးရင်ထဲ ဖြေမသာဘူး....ငါ့မြေး။
ဒီတော့.....နောက်ဆုံးအနေနဲ့
အဘိုးရဲ့မှာတမ်း စကား
ငါ့မြေးတွေကို
လက်ဆောင်စကား ပါးချင်တာက
ညီညွှတ်ကြပါ သွေးစည်းကြပါ
အကျိုးနဲ့အကြောင်း အဆိုးနဲ့အကောင်းတွေကို
ပိုင်းခြားဝေဖန်နိုင်တဲ့ လူစွမ်းဖြစ်အောင်ကျိုးစားကြပါ။
နောက်တခု.....အများအကျိုးကိုဆောင်ပါ
လူပေါ် လူဇော်မလုပ်ပါနဲ့၊
အခုဘဝအတွက်ကော နောင်ဘဝအတွက်ပါ
ငါ့မြေးအနာဂတ် ကောင်းစေလိုရင်
မကောင်းမှုရှောင် ကောင်းမှုဆောင်
ရိုးရိုးကျင့် မြင့်မြင့်ကြံ
မြတ်ဗုဓ္ဒရဲ့ အဆုံးအမကိုနာခံပြီး
ကောင်းမှုတခု နေ့စဉ်အမြဲပြုပါ.....ငါ့မြေး။
( ကိုဗလိုင် )

No comments: