ဆည်းပူးလေ့လာ နိုင်ငံရေးပညာ

အခန်း (၂)

နိုင်ငံတော် (The State) ဆိုရာဝယ် (အပိုင်း-၁)

နိဒါန်း

နိုင်ငံတော်ရဲ့ သဘောသဘာဝ၊ ပါဝါနဲ့ တာဝန်ဝတ္တရား စတာတွေကို နိုင်ငံရေးဒဿနိကဗေဒ ပညာရှင်များက ရေးသားဖော်ပြခဲ့ကြပါတယ်။ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူတဦးချင်းစီရဲ့ တာဝန်နဲ့ အခွင့်အရေးများဟာလဲ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက နိုင်ငံရေးဒဿနိကဗေဒ ပညာရဲ့ Philosophical discourse အနေနဲ့ ရှိနေခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး လူအများက အမြင်အမျိုးမျိုးနဲ့ ရှုမြင်သုံးသပ်ကြပါတယ်။ classical Marxists နဲ့ revolutionary socialists တွေက နိုင်ငံတော်ဆိုတာကို agent of capitalism အနေနဲ့ မြင်ပါတယ်။ evolutionary socialists တွေက နိုင်ငံတော်ဆိုတာကို ဒီမိုကရေစီနည်းလမ်းနဲ့ ပြောင်းလဲပြီး၊ တနည်းအားဖြင့်ဆိုလျှင် နိုင်ငံတော်အားပြောင်းလဲခြင်း (state transformation) ပြုလုပ်ပြီး agent of capitalism ကနေ agent of 'the people' ဖြစ်အောင် လုပ်ဆောင်ရမယ်လို့ မြင်ကြပါတယ်။ အချို့ကတော့ နိုင်ငံတော်ဆိုတာကို local level မှာ ဒီမိုကရက်တစ်ယူနစ်တွေနဲ့ global level မှာ နိုင်ငံတကာ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေ ဖွဲ့စည်းပြီး အစားထိုးရမယ်လို့ မြင်ကြပါတယ်။ လစ်ဘရယ် ဒီမိုကရက်တွေကကျတော့ နိုင်ငံတော်ဆိုတာကို လူ့အဖွဲ့အစည်းရဲ့ 'referee' အနေနဲ့ ရှုမြင်သုံးသပ်ကြပါတယ်။

ယုံကြည်တဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီများပေါ် မူတည်ပြီး ဘယ်လိုပဲ အမြင်တွေ ကွဲပြားပေမယ့်၊ အများစုက လက်ခံထားရတဲ့ တူညီချက်တခုကတော့ နိုင်ငံတော်ရဲ့ အရိပ် (shadow of the state) ဟာ လူတွေရဲ့ ဘ၀ကို လွှမ်းမိုးထားတယ် ဆိုတာပါပဲ။ ပညာရေးကနေ စီးပွားရေးစီမံခန့်ခွဲမှု၊ လူမှုဖူလုံရေးကနေ အညစ်အကြေးစွန့်ပစ်မှု၊ ပြည်ထဲရေးကနေ ပြည်ပရန်ကာကွယ်ရေး စတဲ့ ကဏ္ဍအားလုံးမှာ နိုင်ငံတော်က ပုံဖော်ဆောင်ပြီး ထိန်းချုပ်ထားပါတယ်။ နောက်ဆုံးလူတဦးချင်းစီရဲ့ ဘ၀ရေးရာဖြစ်တဲ့ လက်ထပ်ထိမ်းမြားမှု၊ ကွာရှင်းပြတ်စဲမှု၊ ကိုယ်ဝန်ဖျက်ချမှုနဲ့ ဘာသာရေးယုံကြည် ကိုးကွယ်မှုတွေမှာလဲ နိုင်ငံတော်က ပါဝင်ဆောင်ရွက်တဲ့ အခန်းကဏ္ဍတွေ ရှိနေပြန်ပါတယ်။ ဒါကြောင့် နိုင်ငံရေးကို လေ့လာမယ်ဆိုရင် နိုင်ငံတော်အကြောင်းကို မလွဲမသွေလေ့လာဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး လေ့လာသူတယောက်ဟာ နိုင်ငံတော်ရဲ့ သဘော သဘာဝ၊ အခန်းကဏ္ဍနဲ့ ပါဝါချိန်ခွင်လျှာတွေကို သိရှိနားလည်ထားသင့်ပါတယ်။

အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်

နိုင်ငံရေးပညာရှင် Andrew Heywood က နိုင်ငံတော်ဆိုတဲ့ အနက်အဓိပ္ပာယ်ကို idealist perspective, functionalist perspective နဲ့ organizational perspective စတဲ့ ရှုထောင့်အမြင် သုံးမျိုးကနေ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ idealist perspective နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ဂျာမန်ဒဿနိကဗေဒပညာရှင်တဦးဖြစ်တဲ့ Georg Hegel ရဲ့ စာတွေမှာ တွေ့မြင်နိုင်ပါတယ်။ Hegel က မိသားစု၊ လူ့အဖွဲ့အစည်း နဲ့ နိုင်ငံတော် ဆိုတာတွေကို လူမှုဖြစ်တည်မှု (social existence) ရဲ့ ဖြစ်တည်မှု သုံးရပ်အဖြစ် ရေးသားဖော်ပြခဲ့ပါတယ်။ Hegel က မိသားစုတခုအတွင်းမှာ နေထိုင် ဖြစ်တည်ကြတဲ့ မိသားစုဝင်တွေဟာ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေရဲ့ အကျိုးစီးပွား အတွက် ကိုယ်ပိုင် အကျိုးစီးပွားတွေကို ဘေးဖယ်ထားလေ့ရှိကြောင်း အဆိုပြုခဲ့ပြီး၊ မိသားစုဆိုတာကို ' sphere of particular altruism' လို့ သတ်မှတ်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာတော့ လူတွေဟာ အခြားသူတွေရဲ့ အကျိုးစီးပွားထက် ကိုယ်ပိုင်အကျိုးစီးပွားကို ဦးစားပေးရှိကြောင်း ဆိုခဲ့ပြီး၊ လူ့အဖွဲ့အစည်းဆိုတာကို 'universal egoism' လို့ သတ်မှတ်ခေါ်တွင်ခဲ့ပါတယ်။ နိုင်ငံတော် ဆိုတာကိုတော့ အပြန်အလှန်ကိုယ်ချင်းစာတရား (mutual sympathy) က မောင်းနှင်ထားတဲ့ လူ့အဖွဲ့အစည်းတရပ်အဖြစ် သတ်မှတ်ပြီး၊ 'universal altruism' လို့ ခေါ်တွင်ခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ အနက်အဓိပ္ပာယ်ကို functional perspective ကနေ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကတော့ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ အင်စတီကျူးရှင်းတွေရဲ့ ရည်ရွယ်ချက် တာဝန်တွေကို ဦးစားပေးဖော်ပြကြပါတယ်။ ဒီရှုထောင့်အရ နိုင်ငံတော်ရဲ့ အဓိကတာဝန်ဟာ social order ကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ဒီရှုထောင့်ကို ခေတ်သစ်မတ်စ်ဝါဒီအများစုက လက်ခံထားကြပြီး၊ နိုင်ငံတော်ဆိုတာ အရင်းရှင်စနစ် (capitalist system) ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မောင်းနှင်ပေး တဲ့ ယန္တရားလို့ အဓိပ္ပာယ်ဖွင့်ဆိုထားကြပါတယ်။

နောက်ထပ်ရှုထောင့်တမျိုးကတော့ နိုင်ငံတော်ဆိုတာကို နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုက အသိအမှတ်ပြုလက်ခံထားတဲ့ နိုင်ငံရေးအင်စတီကျူရှင်းတခုလို့ အနက်အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့ organizational perspective ပဲ ဖြစ်ပါတယ်။ ဒီရှုထောင့်အရ နိုင်ငံတော်ဆိုတာမှာ အစိုးရယန္တရားတွေ ဖြစ်တဲ့ ဗျူရိုကရေစီ၊ စစ်တက်၊ ရဲ၊ တရားရုံး စတာတွေ ပါဝင်ပြီး၊ ဒီလိုအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တရားတွေကို ပြည်သူလူထုရဲ့ အခွန်ဘဏ္ဍာတွေနဲ့ ထောက်ပံ့ထားကြောင်း ဖွင့်ဆိုထားပါတယ်။ ဒီရှုထောင့်ကို ကမ္ဘာ့နိုင်ငံအများစုမှာ လက်ခံထားကြပါတယ်။

ဒီလို ရှုထောင့်အမျိုးမျိုးကနေ အနက်အဓိပ္ပာယ်တွေ ဖွင့်ဆိုထားတဲ့ နိုင်ငံတော်ဆိုတဲ့ စကားလုံးမှာ ယေဘုယျအားဖြင့် သွင်ပြင်လက္ခဏာ ငါးမျိုးရှိပါတယ်။ ပထမတမျိုးကတော့ အချုပ်အခြာအာဏာ (Sovereignty) ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတွင်းမှာ ရှိတဲ့ အုပ်စုနဲ့ အဖွဲ့အစည်းတွေအားလုံးရဲ့ အထက်မှာ နိုင်ငံတော်တည်ရှိပြီး၊ နိုင်ငံတော်မှာ အကြွင်းမဲ့အာဏာ (absolute power) ရှိပါတယ်။ ဒုတိယသွင်ပြင်လက္ခဏာတရပ်ကတော့ နိုင်ငံတော်ဟာ ပြည်သူ့ရေးရာဌာနများကို ကိုယ်စားပြု ပါတယ်။ ပြည်သူ့ရေးရာဌာနများဟာ တဦးချင်းအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်တဲ့ မိသားစု၊ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း စတာတွေနဲ့ မတူညီပဲ အများပြည်သူရဲ့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက် ရပါတယ်။

တတိယသွင်ပြင်လက္ခဏာတရပ်ကတော့ တရားဝင်ခွင့် (legitimacy) ကို ကျင့်သုံးမှုဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက်များဟာ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုရမှာ ဖြစ်ပြီး၊ အများပြည်သူရဲ့ ကောင်းကျိုးအတွက် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ စတုတ္ထသွင်ပြင်လက္ခဏာတရပ်ကတော့ နိုင်ငံတော်မှာ တရားဥပေဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်တဲ့ စွမ်းရည် (capacity) ရှိရမှာဖြစ်ပါတယ်။။ ပဉ္စမသွင်ပြင်လက္ခဏာတရပ်ကတော့ နိုင်ငံတော်မှာ နယ်မြေပိုင်နက်နဲ့ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရှိရမှာ ဖြစ်ပါတယ်။ သီအိုရီအရတော့ နိုင်ငံတော်ဆိုတာ နိုင်ငံတကာအဆင့်မှာ autonomous entity ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံတော် (The State) နဲ့ အစိုးရ (Government) ဆိုတာက အချို့က ရောထွေးပြီး ပြောတတ်လေ့ရှိကြပါတယ်။ အစိုးရကို ဆန့်ကျင်တာကိုလဲ နိုင်ငံတော်ကို ဆန့်ကျင်တယ်လို့ ယူဆထား တာတွေ ရှိပါတယ်။ သို့ပေမယ့် အစိုးရနဲ့ နိုင်ငံတော်အကြားမှာ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ ပထမတချက်က နိုင်ငံတော်ဆိုတဲ့ အနက်အဓိပ္ပာယ်ဟာ အစိုးရဆိုတဲ့ အနက်အဓိပ္ပာယ်ထက် ပိုပြီး ကျယ်ဝန်းပါတယ်။ အစိုးရဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတရပ်သာ ဖြစ်ပါတယ်။ ဒုတိယ တချက်ကတော့ နိုင်ငံတော်ဆိုတာ စဉ်ဆက်မပြတ်ဖြစ်တည်နေတဲ့ ရေရှည် entity တခုဖြစ်ပြီး၊ အစိုးရဆိုတာကတော့ ယာယီဖြစ်တည်မှုဖြစ်ပါတယ်။ အစိုးရတွေဟာ အသစ်ဖွဲ့စည်းလိုက်၊ ပျက်ပြယ်လိုက်သဘောသဘာဝရှိပြီး၊ အစိုးရရဲ့ စနစ်တွေဟာလဲ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လို့ ရပါတယ်။

တတိယတချက်ကတော့ အစိုးရဆိုတာ နိုင်ငံတော်ရဲ့ အာဏာကို အသက်သွင်းပေးရတဲ့ ယန္တရားတခုဖြစ်ပြီး၊ နိုင်ငံတော်ရဲ့ ဦးနှောက်လို့လဲ သတ်မှတ်ခေါ်တွင်ကြပါတယ်။ စတုတ္ထအချက်ကတော့ နိုင်ငံတော်ဟာ impersonal authority ကို ကျင့်သုံးပြီး၊ state bodies တွေရဲ့ ၀န်ထမ်းတွေဟာ political neutral ဖြစ်ဖို့လိုပါတယ်။ တက်လိုက်ဆင်းလိုက်ဖြစ်နေတဲ့ အစိုးရတွေရဲ့ ပါတီနိုင်ငံရေး အယူအဆတွေကို state bodies တွေက resist လုပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ- စစ်တပ်၊ ရဲ စတဲ့ state bodies တွေဟာ အစိုးရတရပ်ရဲ့ လက်ကိုင်ဒုတ် မဖြစ်ရပါဘူး။ ပဉ္စမအချက်ကတော့ နိုင်ငံတော်ဟာ အများပြည်သူရဲ့ ရေရှည်အကျိုးစီးပွားကို ကိုယ်စားပြုပြီး၊ အစိုးရကတော့ အုပ်ချုပ်ရေးအာဏာ လက်ဝယ်ရလာတဲ့ partisan sympathy ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။


ခင်မမမျိုး (၁၂၊ ၁၀၊ ၂၀၁၂)





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: