ရန်ကုန် အိမ်ခြံမြေဈေးကွက် နေရာကွက်၍ ဈေးကွက်လှုပ်ရှားနေ

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၀ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ 
      ။ ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်မှာ အချို့နေရာများတွင် အရောင်းအဝယ် ပုံမှန်ရှိသော် လည်း အထူးသဖြင့် စီးပွားရေး တွက်ခြေဖြင့် ဖွံ့ဖြိုးရေး စီမံကိန်းများအနီးနှင့် ဖွံ့ဖြိုးရေး ဖြစ်နိုင်ခြေနေရာများတွင် သွက်လက်စွာ ဈေးကွက်လှုပ်ရှားလျက် ရှိနေသည်။

ပါမစ်အရောင်းအဝယ် ခပ်သွက်သွက်

ပါမစ်ဖြင့် အရောင်းအဝယ် ပြုလုပ်နိုင်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ လှိုင်သာယာ၊ သန်လျင် - ကျောက်တန်းစသည့် မြို့နယ်များအတွင်းရှိ မြေကွက်များလည်း အရောင်းအဝယ် သွက်လျက် ရှိသည်။

“ပါမစ်မြေတွေ ရှိနေသေးတဲ့ မြို့နယ်တွေထဲက မြေကွက်တွေ အရောင်းအဝယ် သွက်နေတယ်။ ပါမစ်မြေဆိုတော့ မှတ်ပုံတင် စာချုပ်ချုပ်တဲ့ အဆင့် မရောက်ဘဲ ဝယ်နိုင် ရောင်းနိုင်တာကြောင့်လည်း ပါတယ်။ တန်ဖိုးကလည်း ကျပ်သိန်း ၁၀ ဂဏန်းလေးတွေ ဖြစ်တော့ အလွှာစုံ လူတန်းစားအစုံက အလွယ်တကူ ဝယ်နိုင်တာကလည်း အကြောင်းတခုအနေနဲ့ ပါတယ်” ဟု ဝါရင့် အိမ်ခြံမြေ လုပ်ငန်းရှင်တဦးက ပြောသည်။

ထို့ပြင် ထိုဈေးနှုန်းအရ ငွေကြေး အထိုက်အလျောက် တတ်နိုင်သူများအနေနှင့် မြေကွက်များများ ဝယ်ယူ မြုပ်နှံထား
နိုင်၍လည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိအခြေအနေတွင် သန်လျင်၊ ကျောက်တန်း၊ သီလဝါဘက်တွင် အရောင်းအဝယ်များ ခပ်စိပ်စိပ် ဖြစ်ထွန်းလျက် ရှိသည်။

“ဒဂုံဆိပ်ကမ်း စက်မှုဇုန်ရဲ့အရှေ့ဘက်ခြမ်း၊ ဒဂုံတံတားအဆင်း လမ်းတလျှောက်ကနေ ခရမ်း-သုံးခွ ကားလမ်းပေါ် အထိ ဥယျာဉ်မြေတွေကော၊ လယ်မြေတွေကော အရောင်းအဝယ် ဖြစ်နေတယ် ကြားတယ်။ အဲ့ဒီနေရာတွေက ရန်ကုန်မြို့ဖွံ့ဖြိုးမှုဇုန် လုပ်မယ့်နေရာတွေ ဖြစ်တာကြောင့်လို့ သိရတယ်” ဟု သန်လျင်၊ ဘုရားကုန်းကျေးရွာမှ အိမ်ခြံမြေပွဲစား ဒေါ်နီလာ က ဆိုသည်။

ယင်းနေရာများမှာ သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်သည့်အခါ မလွဲမသွေ ဖွံ့ဖြိုးလာနိုင်မည်ဟု ကြိုတင် ခန့်မှန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျောက်တန်းမြို့နယ်ရှိ စံချိန်မီ ၁-၂၊ တပ်ယာကုန်း၊ ဆမလုံ၊ လက်ယက်စမ်း၊ အောင်ချမ်းသာ တိုးချဲ့နေရာများ ဖြစ်သည်ဟု ဆိုသည်။

“သီလဝါ ဆိပ်ကမ်းနဲ့ နီးတဲ့ ကျောက်တန်းဘက်က မြေကွက်တွေလည်း အရောင်းအဝယ် ပြန်လိုက်ပါတယ်။ အဲ့ဒီ
နေရာတွေဆို ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာ နောက်ဆုံးအပတ်က စပြီး ဈေးငြိမ်သွားတာ၊ အခုမှ အရောင်းအဝယ် ပြန်ရှိ လာတာ” ဟု သန်လျင် - အောင်ချမ်းသာတိုးချဲ့ကွက်သစ်မှ ပွဲစား ဒေါ်လှဌေး က ဆိုသည်။

အရောင်းအဝယ်များ ခပ်သွက်သွက် ဖြစ်လာသော်လည်း စလမ်ဖြင့် ရောင်းဝယ်ရသည့် မြေကွက်များ ၂ဝ၁၁ ခုနှစ်၊
နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပေါက်ဈေးများကို မမီသေးဟု ဆိုသည်။

စက်မှုဇုန် မြေကွက် အရောင်းအဝယ် ပုံမှန်ရှိ

စက်မှုဇုန် မြေကွက် အရောင်းအဝယ်များမှာ ပုံမှန်ရှိနေပြီး ဈေးမကျကြောင်း မြေကွက် ဝယ်ရောင်းတဦးထံမှ သိရသည်။

“စက်မှုဇုန် မြေကွက်တွေက ပုံမှန်အရောင်းအဝယ်ရှိတယ်။ ဈေးက သိပ်မကျဘူး။ တက်ဈေးတွေနဲ့တောင် အရောင်း အဝယ်ဖြစ်တယ် ကြားတယ်။ ဒဂုံဆိပ်ကမ်းစက်မှုဇုန်မှာ ဇွန်လလောက်က ၁ ဧက ကျပ်သိန်း ၁,၅ဝဝ၊ ၁,၇ဝဝ လောက် ရှိတယ်။ အခုကျပ်သိန်း ၁,၉ဝဝ ကနေ ၂,၂ဝဝ ကြားရှိတယ်။ အုတ်တံတိုင်းခတ်၊ မြေပြင်ဆင်မှု အနေအထားပေါ် မူတည်ပြီး ဈေးနှုန်း သတ်မှတ်အရောင်းကြတာ” ဟု စက်မှုဇုန်မြေကွက်များသာ ရောင်းဝယ်မှု ပြုလုပ်သူ ဒေါ်မော်မော် က ပြောသည်။

အငှားလိုက်၊ ဈေးလည်းလိုက်

ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အတွင်း အငှားများ လိုက်လာသကဲ့သို့ ဈေးနှုန်းများလည်း လိုက်လာသည်ဟု ဆိုသည်။

“အငှားဈေးကွက်မှာ ဂိုဒေါင်အငှားတွေလည်း လိုက်လာတယ်။ အရောင်းပြခန်း လုံးချင်း အငှားတွေလည်း တက်လာ တယ်။ သင်္ကြန် မတိုင်ခင်ကထက် ပိုပြီးလိုက်လာတယ်။ မကြာခင် စတင်တော့မယ့် စီမံကိန်းတွေအတွက် ကြိုတင်
ရောက်လာကြတဲ့ နိုင်ငံခြားသားတွေက လုံးချင်းတွေမှာ သီးခြားအငှားရှိသလို ပေါင်းပြီး ငှားနေတာမျိုး၊ ကွန်ဒို တိုက်ခန်းတွေ ငှားနေကြတာမျိုးတွေ ရှိတယ်။ အချို့နိုင်ငံခြားသားတွေဆို အဆင့်မြင့် တိုက်ခန်းကျယ်တွေကို ငှားနေတာမျိုးတွေ အထိရှိလာတယ်” ဟု ဝါရင့်အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူ ဦးကျော်ကျော် က ဆိုသည်။

ထို့ပြင် ကွန်ဒိုတိုက်ခန်း ဈေးကွက်မှာလည်း တက်လို့သာ လာနေကြောင်း သိရှိရသည်။

သွားရေးလာရေး အဆင်ပြေပြီး အချက်အချာ နေရာများတွင် ကွန်ဒိုများ အဝယ် ပိုလိုက်နေသည်။ မြေဈေးနှုန်း
ကောင်းလာ၍ မြေရောင်းကာ ကွန်ဒိုများတွင် လာရောက်နေထိုင်သူများရှိပြီး ဈေးနှုန်းမှာလည်း လူလတ်တန်းစားများ တတ်နိုင်သဖြင့် ကွန်ဒိုနေ ယဉ်ကျေးမှုပင် ထွန်းကားလာသည်ဟု အိမ်ခြံမြေ ပွဲစားများက ပြောဆိုနေကြသည်။

ခန့်မှန်းတွေနဲ့ မြေကွက်ဝယ်ယူမှုများ ရှိနေ

ရန်ကုန်၏ ဆင်ခြေဖုံး အနားသတ်မြို့နယ်များမှ ဖွံ့ဖြိုးရေးဇုန်များ ဖြစ်ပေါ်လာနိုင်သည့် မြေကွက် နေရာများအနီးတွင် ခန့်မှန်း၍ ကြိုတင်ဝယ်ယူမှုများ ရှိနေကြောင်းလည်း သိရသည်။

“ဟိုတယ်ဇုန် တည်ထောင်နိုင်မယ်လို့ ထင်ရတဲ့ အမှတ် ၃ လမ်းမကြီးနဲ့ ပဲခူး-ရန်ကုန် ၆ လမ်း ဆုံတဲ့နေရာတွေ
ညောင်နှစ်ပင် စိုက်ပျိုးရေးဇုန်အနီး မြေကွက်တွေကို ဝယ်ဖို့ လိုက်ကြည့်တဲ့သူတွေ ပိုစိပ်လာတယ်” ဟု အိမ်ခြံမြေ
ဈေးကွက် စောင့်ကြည့် လေ့လာနေသူ တဦးက ဆိုသည်။

ထိုသို့ ခန့်မှန်းတွက်ချက် ဝယ်ယူမှုများမှာ ယခု စတင်နေသည့် ဟံသာဝတီ လေဆိပ် စီမံကိန်းမှ အစပြုခဲ့ခြင်းဖြစ်
ကြောင်း ၎င်းက “လေဆိပ်ကိုရောက်လာမယ့် နိုင်ငံခြားသားတွေ အနေနဲ့ မိုင်၂ဝ လောက် ဖြတ်ပြီးတာနဲ့ ဟိုတယ်ဇုန် ကို ရောက်လာစရာ ရှိတယ်။ အဲ့ဒီကတဆင့် ရန်ကုန်ထဲပဲဝင်ဝင်၊ အမြန်လမ်းမကြီးအတိုင်း နေပြည်တော်နဲ့ မန္တလေး ကိုပဲတက်တက် လမ်းဆုံနေရာဖြစ်တာလည်း ပါတယ်။ ကြိုတင် ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးနဲ့ ဒီနေရာတွေကို မျက်စိ ကျတာလည်း ဖြစ်နိုင်တယ်” ဟု သုံးသပ်သည်။

ထို့အပြင် ဖွံ့ဖြိုးမှုဧရိယာ ဖော်ဆောင်ရန် လျာထားသည့် နေရာများအနက် မရမ်းကုန်း မြို့နယ်အတွင်းရှိ ၈ မိုင် ပတ်ဝန်းကျင်နေရာများနှင့် မင်းဓမ္မလမ်း ဧရိယာ နေရာများကို ဝယ်ယူရန် အမေးအမြန်း များလာသည်ဟုလည်း သိရှိရသည်။

ရန်ကုန်တွင် တံတားကြီး ၅ စင်း တည်ဆောက်မည့် သတင်းများ ထွက်ပေါ်ပြီးနောက် ထိုတံတားများအနီးတဝိုက်တွင် လိုက်လံကြည့်ရှု ဈေးစုံစမ်းမှုများလည်း ရှိလာကြသည်။

“အများဆုံးမေးတဲ့နေရာတွေက လက်ရှိဘုရင်နောင်တံတားရဲ့  အောက်ဖက်နေရာတွေ၊ ကြည့်မြင်တိုင် တဖက်ကမ်းနဲ့ ဆက်သွယ်မယ့် တံတားသစ်စီမံကိန်း ပတ်ဝန်းကျင်၊ သန်လျင်တံတား၊ ဆိပ်ကြီးခနောင်တိုနဲ့ဆက်မယ့် တံတားနေရာ
တွေဖြစ်တယ်” ဟု ဈေးကွက်လေ့လာသူ ဦးသန်း က ဆိုသည်။

“သတင်း ထွက်ရှိမှုနဲ့ စီမံကိန်းအနေအထားတွေကြောင့် အိမ်ခြံမြေ ဈေးကွက်က ခန့်မှန်းထားသလို လေးမသွားဘဲ
နေရာကွက်ပြီး ဈေးကွက်လှုပ်ရှားမှု ရှိနေပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် အိမ်ခြံမြေ အရောင်းအဝယ်များအား ထိုက်သင့်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်
နိုင်ရေးကို အခွန်စနစ်ဖြင့် ထိန်းသိမ်း ဆောင်ရွက်ရန် စက်မှုဇုန်မြေ၊ ကွန်ဒို တိုက်ခန်းဈေးနှုန်းများနှင့် အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်နေမှုကို အစိုးရနှင့် ပုဂ္ဂလိက တာဝန်ရှိသူများပါဝင်သည့် Price Control အဖွဲ့က ပွင့်လင်း မြင်သာမှုရှိစွာ
ဆောင်ရွက်သွားမည်ဟု သတင်းများ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

သို့သော် ရန်ကုန်မှာ စီးပွားရေးမြို့တော် ဖြစ်နေခြင်း၊ ဧရိယာ ၃ဝ၆ စတုရန်းမိုင် ကျော်ကျော်တွင် လူဦးရေ ၅ သန်းခန့် ရှိနေခြင်း၊ မြို့လယ်တွင် ပျမ်းမျှလူဦးရေ သိပ်သည်းမှုမှာ ၁ စတုန်ရန်းမိုင်လျှင် ၉ သောင်းကျော် ရှိနေခြင်း စသည့် အချက်များကြောင့် အမှန်တကယ် လူနေထိုင်သည့် နေရာများ ဈေးနှုန်းကျဆင်းရန်မှာ ဖြစ်နိုင်ချေ နည်းပါးနေသေး
ကြောင်း အိမ်ခြံမြေ အကျိုးဆောင် အချို့က သုံးသပ် ပြောဆိုနေကြသည်။



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: