ဆည်းပူးလေ့လာ နိုင်ငံရေးပညာ

ဆည်းပူးလေ့လာ နိုင်ငံရေးပညာ


အခန်း (၂)

နိုင်ငံတော် (The State) ဆိုရာဝယ် (အပိုင်း-၂)

နိုင်ငံတော်ဆိုင်ရာ သီအိုရီများ

နိုင်ငံတော်ဆိုတဲ့ သဘောတရားကို အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များစွာ ရှိသလို၊ နိုင်ငံတော်ဆိုင်ရာ သီအိုရီများစွာလဲ ရှိပါတယ်။ ဒီသီအိုရီတွေရဲ့ မြစ်ဖျားခံလာမှုတွေ၊ ဖွံ့ဖြိုးတိုးတက်လာမှုတွေနဲ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုတွေကလဲ ကွဲပြားခြားနားပါတယ်။ နိုင်ငံတော်ဆိုတာ လူ့အဖွဲ့ အစည်းနဲ့ သီးခြားကွဲပြားနေတဲ့ အရာလား (သို့မဟုတ်) လူ့အဖွဲ့အစည်းထဲကနေ ပေါ်ထွက်လာတဲ့ အရာလား။ နိုင်ငံတော်ဆိုတာ အများပြည်သူရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ အရာလား (သို့မဟုတ်) လူတစုနဲ့ လူတန်းစားတခုကို ကိုယ်စားပြုတာလား စတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို သီအိုရီတခုချင်းဆီက ကွဲပြားခြားနားစွာ အဖြေပေးထားကြပါတယ်။

နိုင်ငံတော်ပေါ်ပေါက်လာခြင်းရဲ့ သမိုင်းအစ (Origins of the State)နဲ့ပတ်သက်ပြီး၊ social contract theory, evolutionary theory, divine rights theory နဲ့ force theory လေးမျိုးရှိကြောင်း နိုင်ငံရေးပညာရှင်အများစုက လက်ခံထားကြပါတယ်။ နိုင်ငံရေးပညာရှင် အယ်ဒရူးဟေ၀ပ်ကတော့ နိုင်ငံတော်ဆိုင်ရာ သီအိုရီတွေဟာ ခေတ်ပြိုင်သီအိုရီတွေလို့ သတ်မှတ်ပြီး၊ pluralist theory, capitalist theory, leviathan theory နဲ့ patriarchal theory လေးမျိုးကို ခေတ်ပြိုင် နိုင်ငံတော်သီအိုရီများအဖြစ် တင်ပြရေးသားခဲ့ပါတယ်။ လက်ဝဲနိုင်ငံရေးကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ Clyde Barrow ကတော့ Marxism, Neo-Marxism နဲ့ Post-Marxism သီအိုရီသုံမျိုးကို Critical theories of the State အဖြစ် ရေးသားဖော်ပြခဲ့ပါတယ်။

(၁) နိုင်ငံတော်ပေါ်ပေါက်လာခြင်း၏သမိုင်းအစ

ဆိုင်ရာသီအိုရီများ

(က) Social contract theory

social contract theory အရ နိုင်ငံတော်ဆိုတာ လူတွေ ဖန်တီးထားတဲ့ အင်စတီကျူးရှင်း တခုဖြစ်ပါတယ်။ တန်ခိုးရှင်တွေက ဖန်ဆင်းထားတဲ့ အင်စတီကျူးရှင်း မဟုတ်ပါဘူး။ နိုင်ငံတော်ဆိုတာ လူမှုဆက်နွယ်မှုတွေ၊ ဆက်စပ်မှုတွေက တဆင့် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီသီအိုရီ သဘောတရားတွေကို နိုင်ငံရေးဒဿနိကဗေဒပညာရှင်များဖြစ်တဲ့ Thomas Hobbes, John Locke နဲ့ Rousseau တို့က ထောက်ခံအားပေးထားကြပါတယ်။

Thomas Hobbes ရဲ့ အဆိုအရ လူတွေက သူတို့ဘာသာသူတို့ အုပ်ချုပ်ခွင့်ကို အုပ်ချုပ်ရေး အစုအဖွဲ့တခုကို သွားရောက်ပေးအပ်ပြီး၊ ဒီအစုအဖွဲ့ရဲ့ အမိန့်အာဏာတွေကို လိုက်နာရန် သဘောတူလက်ခံထားတဲ့အတွက် supreme body နဲ့ အများပြည်သူအကြားမှာ social contract ဖြစ်တည်သွားတာ ဖြစ်ပါတယ်။ John Locke ရဲ့ အမြင်အရ လူတွေဟာ သဘာဝတရားက ပေးအပ်ထားတဲ့ အခွင့်အရေး (natural rights) တွေ ဖြစ်တဲ့ လူ့ဘ၀ဖြစ်တည်မှု၊ လွတ်လပ်မှု နဲ့ ပိုင်ဆိုင်မှုအခွင့်အရေးတွေကို ရယူခံစားကြပေမယ့်၊ သဘာဝတရားရဲ့ ဥပဒေကို ပြန်ဆိုအသုံးချမယ့် judicial agency မရှိတဲ့အတွက် နိုင်ငံတော်ဆိုတဲ့ အင်စတီကျူရှင်းတရပ် ပေါ်ထွက်လာတာဖြစ်ပြီး၊ social contract နှစ်ခု ဖြစ်တည်လာပါတယ်။ တခုကတော့ လူထုအကြားမှာ ဖြစ်ပြီး၊ နောက်တခုကတော့ လူထုနဲ့ အစိုးရအကြားမှာ ဖြစ်ပါတယ်။ Rousseau ရဲ့ အဆိုအရ လူတယောက်ဟာ သူ့ရဲ့ အခွင့်အရေးတွေကို အများရဲ့ သဘောဆန္ဒ (General will of the People) အတွက် ဆုံးရှုံးခံလိုက်တဲ့အခါ social contract ဖြစ်တည်လာပါတယ်။

နိုင်ငံတော်ရဲ့ အခြေခံဖြစ်တည်မှုဟာ လူထုရဲ့ သဘောထားဆန္ဒဖြစ်ကြောင်း မီးမောင်းထိုးပြ ထားတဲ့အတွက် social contract theory ကို အရေးကြီးတဲ့ သီအိုရီတခုဖြစ်ကြောင်း ရေးသားဖော်ပြကြပါတယ်။ ဒီမိုကရေစီသဘောတရားများရဲ့ အခြေခံဖြစ်ပြီး၊ ဘုရင်ဆီမှာ နတ်ဘုရားတွေက ပေးအပ်ထားတဲ့ divine rights တွေ ရှိတယ်ဆိုတဲ့ အယူအဆတွေကို အဆုံးသတ်စေခဲ့တဲ့ သီအိုရီတခုလဲ ဖြစ်ပါတယ်။ သို့ပေမယ့် အချို့သော နိုင်ငံရေးဒဿနိကဗေဒ ပညာရှင်တွေကတော့ ဒီသီအိုရီဟာ နိုင်ငံတော်ဆိုတာကို အဆုံးသတ်ခွင့်ကို ပြည်သူတွေဆီမှာ ပေးအပ်ထားတဲ့ သီအိုရီဖြစ်ပြီး၊ ပုန်ကန်ထကြွမှုတွေကို အားပေးထားတဲ့အတွက် အန္တရာယ်ရှိတဲ့ သီအိုရီတခုအဖြစ် သတ်မှတ်ပြောဆိုကြပါတယ်။

(ခ) Evolutionary theory

ဒီသီအိုရီဟာ နိုင်ငံတော်ဖြစ်တည်မှုသမိုင်းအစကို ဖော်ပြတဲ့ သီအိုရီတွေထဲမှာ သိပ္ပံနည်းကျအဖြစ်ဆုံး သီအိုရီတခုအဖြစ် လူအများက လက်ခံထားတဲ့ သီအိုရီဖြစ်ပါတယ်။ ဒီသီအိုရီအရ နိုင်ငံတော်ဆိုတာ ကာလတခုမှာ ပေါ်ပေါက်ခဲ့တာ မဟုတ်ပဲ၊ ဒီလိုပေါ်ပေါက်လာဖို့အတွက်လဲ အကြောင်းအရာ တခုတည်းက ဖြစ်ပွားစေခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတော်ဖြစ်တည်လာမှုဟာ evolutionary process ကြောင့်ဖြစ်ပြီး၊ ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်း များစွာ ရှိပါတယ်။ ထင်ရှားတဲ့ အကြောင်းရင်းတွေကတော့ လူသားတွေရဲ့ လူမှုသဘာဝ၊ သွေးသားတော်စပ်မှုနှင့် ဆွေမျိုးနီးစပ်ဖြစ်မှုများ၊ ဘာသာရေး ကိုးကွယ် ယုံကြည်မှု၊ စစ်အင်အား၊ စီးပွားရေးအကျိုးခံစားခွင့် နဲ့ နိုင်ငံရေးအရ ယုံကြည်ချက် တစုံတရာရှိမှု စတာတွေ ဖြစ်ပါတယ်။

(ဂ) Divine right theory

Divine Right Theory ရဲ့ အခြေခံသဘောတရားကတော့ ဘုရားသခင်ဟာ အချို့လူတွေကို အုပ်ချုပ်ခွင့် ပေးထားတယ် ဆိုတာပါပဲ။ ဒါကို "divine right of kings" လို့လဲ ခေါ်ဝေါ်ပါတယ်။ သီအိုရီအရ ဘုရင့်နေပြည်တော်ရဲ့ အုပ်ချုပ်ခွင့်ဟာ ဘုရားသခင်ဆီက တိုက်ရိုက်ဆင်းသက်လာတဲ့အတွက်၊ ဘုရင်တွေအနေနဲ့ ဘုရားသခင်အပေါ်မှာသာ တိုက်ရိုက်တာဝန်ခံမှုရှိရမှာ ဖြစ်ပြီး၊ ပြည်သူလူထုက အုပ်ချုပ်ခွင့်ပေးအပ်တဲ့ ဆန္ဒသဘောထားဟာ အရေးမကြီးဘူးလို့ ဆိုထားပါတယ်။ ဒါကြောင့် ဘုရင်ကို ဖယ်ရှားရန်ကြိုးစားတာ၊ ဘုရင့်အာဏာကို ကန့်သတ်ဖို့ကြိုးစားတာတွေဟာ ဘုရားသခင်ရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့အတွက် ကြီးမားသော ပြစ်မှုမြောက်တယ်လို့ ဆိုပါတယ်။ ဒီသီအိုရီဟာ နိုင်ငံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး ကာလရှည်လျားစွာ အသုံးပြုခဲ့တဲ့ doctrine ဖြစ်ပါတယ်။ ဒီသီအိုရီကို (၁၆၈၈-၈၉) ခုနှစ် Glorious Revolution ကာလမှာ အင်္ဂလန်နိုင်ငံမှာ စွန့်ပယ်ခဲ့ပြီး၊ အမေရိကန်နဲ့ ပြင်သစ် တော်လှန်ရေးတွေအပြီးမှာ ဒီသီအိုရီရဲ့သဘောတရားတွေ တစတစ အားနည်းလာခဲ့ရာက ၂၁ရာစု အစပိုင်းမှာတော့ အနောက်နိုင်ငံတွေအားလုံးက အသုံးပြုခြင်း လုံးဝမရှိတော့ပါဘူး။


(ဃ) Force theory

ဒီသီအိုရီက နိုင်ငံတော်ဆိုတာ အင်အားပြိုင်ဆိုင်မှုရဲ့ ရလဒ်အဖြစ် ပေါ်ထွက်လာတယ်လို့ အဆိုပြုထားပါတယ်။ ဒီသီအိုရီအရ ရှေးခေတ်လူ့အဖွဲ့အစည်းတွေမှာ အင်အားကြီးမားမှုက အလွန် အရေးကြီးပါတယ်။ ကိုယ်ကာယအားကြီးသူတွေဟာ သူ့အနီးမှာ လူအများဝန်းရံခစားလာအောင် ပြုလုပ်နိုင်ပြီး၊ အာဏာတည်ဆောက်လို့ရပါတယ်။ ယှဉ်ပြိုင်တိုက်ခိုက်အနိုင်ယူတဲ့နည်းလမ်းနဲ့ လူမျိုးစုတွေရဲ့ အုပ်ချုပ်သူ အကြီးအကဲတွေ ပေါ်ထွက်လာပါတယ်။ လူမျိုးစုတခုနဲ့ တခုတိုက်ခိုက်တဲ့ အခါမှာလဲ အင်အားကြီးသူတွေက အင်အားနည်းသူတွေကို လွှမ်းမိုးအနိုင်ယူနိုင်ပါတယ်။ ဒီလိုနဲ့ စစ်ပွဲတွေ ပေါ်ထွက်လာပြီး၊ မင်းဧကရာဇ်တွေ၊ နန်းတော်တွေ ပေါ်ထွက်လာပါတယ်။ နိုင်ငံတော်ဆိုတာကို အနိုင်ရတဲ့ လူမျိုးစုရဲ့ ခေါင်းဆောင်က သူအုပ်ချုပ်သိမ်းပိုက်ထားတဲ့ နယ်မြေကို အခြေခံပြီး တည်ထောင် ပါတယ်။ ဒီလိုတည်ထောင်ပြီးတဲ့အခါ နယ်မြေတွေ စုစည်းသိမ်းပိုက်ချိန်တုန်းက အသုံးပြုခဲ့တဲ့ စစ်အင်အားကို အသုံးချပြီး ပြည်သူ့ရေးရာတွေကို ထိန်းချုပ်ပါတယ်။ နောက်ပိုင်းမှာ ဒီလိုသဏ္ဍာန်နဲ့ ပေါ်ပေါက်လာတဲ့ နိုင်ငံတွေအချင်းချင်း တခုနဲ့တခုအသိအမှတ်ပြုရာက နိုင်ငံတော်တရပ်အဖြစ် ဆက်လက်တည်မြဲသွားပါတယ်။ နိုင်ငံတော်ပေါ်ပေါက်လာခြင်းရဲ့ သမိုင်းအစကို supreme force အဖြစ် ဒီသီအိုရီက သတ်မှတ်ထားပါတယ်။

အခုဆက်လက်ပြီး ခေတ်ပြိုင်သီအိုရီများကို ဖော်ပြပါမယ်။


(၂) ခေတ်ပြိုင်သီအိုရီများ


(က) Pluralist theory

လူ့အဖွဲ့အစည်းဆိုင်ရာ သီအိုရီ (Theory of society) ရှုထောင့်ကကြည့်မယ်ဆိုရင် Pluralism သဘောတရားက လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေမှာ အာဏာခွဲဝေမှု ကျယ်ပြန့်သွားကြောင်း ဖော်ညွန်းထားပါတယ်။ နိုင်ငံတော်ဆိုင်ရာ သီအိုရီ အနေနဲ့ ကြည့်မယ်ဆိုရင်တော့ Pluralism သဘောတရားက နိုင်ငံတော်တွေမှာ အုပ်စုတစုစုကို ဘက်လိုက်မှုမရှိကြောင်း အဆိုပြုထားပါတယ်။ Schwarzmantel က Pluralism သီအိုရီအရ နိုင်ငံတော်ဆိုတာ လူ့အဖွဲ့အစည်းရဲ့ ကျေးကျွန် ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ ဒီသီအိုရီမှာ assumption နှစ်ခုရှိပါတယ်။ ပထမတခုက နိုင်ငံတော်ဆိုတာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရရဲ့ လက်အောက်မှာ ရှိပြီး၊ ရွေးကောက် တင်မြှောက်ခြင်း မခံထားရတဲ့ state bodies တွေဖြစ်တဲ့ စစ်တပ်၊ ရဲ၊ ပြည်သူ့ဝန်ထမ်းနဲ့ တရားစီရင်ရေးဝန်ထမ်းတွေဟာ နိုင်ငံရေးအရ neutral ဖြစ်ရပါမယ်။ ဒုတိယတခုကတော့ ဒီမိုကရေစီဖြစ်စဉ်ဟာ ထိရောက်မှုရှိရမှာဖြစ်ပြီး၊ အများပြည်သူက ရွေးချယ်လိုက်တဲ့ အစိုးရရဲ့ political direction အတိုင်း နိုင်ငံတော်က လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။

ဒီသဘောတရားတွေအပေါ်မှာ အခြေခံပြီး၊ neopluralist theory of the state ကို ဖော်ထုတ်သူတွေလဲ ရှိလာပါတယ်။ Robert Dahl, Charles Lindblom နဲ့ J. Galbraith စတဲ့ သဘောတရားရေးရာ ပညာရှင်များက ခေတ်သစ်စက်မှုနိုင်ငံတွေရဲ့ ဖြစ်တည်မှုတွေဟာ ပိုမို ရှုပ်ထွေးပြီးလာကြောင်း လက်ခံယုံကြည်လာခဲ့ကြပါတယ်။ neopluralists တွေက စက်မှုနိုင်ငံတွေရဲ့ အစိုးရနဲ့ ဆက်နွယ်ပတ်သက်မှုတွေမှာ စီးပွားရေးလုပ်ငန်းတွေဟာ အခြားအုပ်စုတွေထက်ပိုပြီး အခွင့်ထူးခံ အခြေအနေတွေ ဖြစ်လာကြောင်း သတိပြုမိလာကြပါတယ်။ (၁၉၇၇) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ In Politics and Markets ဆိုတဲ့ စာအုပ်ထဲမှာ Charles Lindblom က ဘယ်လိုအတွေးအခေါ်နဲ့ အိုင်ဒီရော်လော်ဂျီတွေရှိတဲ့ အစိုးရတွေကိုပဲ ဖြစ်ဖြစ်၊ ငွေရှင်ကြေးရှင်တွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေက တစုံတရာ လွှမ်းမိုးမှု ရှိလာကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

(၂) Capitalist theory

(၁၉၆၉) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ The State in Capitalist Society ဆိုတဲ့ စာအုပ်ထဲမှာ စာရေးသူ Miliband က နိုင်ငံတော်ဆိုတာ အုပ်ချုပ်တဲ့ လူတန်းစားရဲ့ အေးဂျင့်တခုသာဖြစ်ကြောင်း ဆိုထားခဲ့ပြီး၊ အုပ်ချုပ်သူလူတန်းစားကို ရွေးချယ်ရာမှာ အခွင့်ထူးခံလူတွေနဲ့ အခွင့်ထူးခံ မဟုတ်သူတွေကို အချိုးကျကျ ရွေးချယ်ထားခြင်း မရှိတာကြောင့် နိုင်ငံတော်ဟာ အရင်းရှင်စနစ်ကို ဘက်လိုက်တဲ့ အင်စတီကျူရှင်းတခု ဖြစ်သွားရကြောင်း ဆိုထားပါတယ်။ အုပ်ချုပ်သူ လူတန်းစားထဲမှာ အရင်းရှင်လူတန်းစားရဲ့ ကိုယ်စားလှယ်တွေလို့ ဆိုနိုင်တဲ့ ဗျူရိုကရက်အရာရှိများ၊ ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေးသမားများ စတာတွေ အများအပြား ပါဝင်နေခဲ့ရင် နိုင်ငံတော်ဟာ အရင်းရှင်စနစ်ကို ဘက်လိုက်တဲ့ အေးဂျင့်တခုဖြစ်သွားနိုင်ကြောင်း ဆိုခဲ့ပါတယ်။

(၁၉၆၈) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Political Power and Social Classes စာအုပ်ကို ရေးသားခဲ့တဲ့ Poulantzas ကတော့ နိုင်ငံတော်ဟာ အလုပ်သမားလူတန်းစားကို ဒီမိုကရက်စီအခွင့်အရေးများ တိုးချဲ့ပေးအပ်ခြင်း၊ လူမှုဖူလုံရေး ၀န်ဆောင်မှုများ ပေးအပ်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိအောင် ပြုလုပ်ပေးပြီး၊ အရင်းရှင်လူတန်းစားကို အလုပ်သမားလူတန်းစားက တော်လှန်ဆန့်ကျင်ခြင်း မပြုစေရန် ထိန်းသိမ်းထားပေးတယ်လို့ ဆိုခဲ့ပါတယ်။ ဒီနည်းနဲ့ နိုင်ငံတော်ဟာ အရင်းရှင်စနစ်ရဲ့ ရေရှည် အကျိုးစီးပွားကို ကာကွယ်ပေးတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

(၃) Leviathan theory

ဒီသီအိုရီရဲ့ အခြေခံသဘောတရားကတော့ နိုင်ငံတော်ဆိုတာရဲ့ အခန်းကဏ္ဍကြီးထွားလာတဲ့အခါ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ စီးပွားရေးရာ လုံခြုံရေးကို ခြိမ်းချောက်နိုင်တယ်လို့ ဆိုတာပါတယ်။ ဒီသီအိုရီကို မော်ဒန်နိုင်ငံရေးမှာ New Right theory ဆက်စပ်နိုင်ပါတယ်။ New Right သီအိုရီကို လက်ခံသူများက နိုင်ငံတော်ရဲ့ ပါဝါတစထက်တစ ကြီးမားလာရခြင်းဟာ demand-side နဲ့ supply-side pressures တွေကြောင့်လို့ ဆိုထားပြီး၊ စီးပွားရေးရာ လုံခြုံရေးကို ထိခိုက်နိုင်ကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။ သူတို့ရဲ့ အဆိုအရ Demand-side pressures တွေဟာ လူ့အဖွဲ့အစည်းကနေ မွေးဖွားလာတာဖြစ်ပြီး၊ များသောအားဖြင့် ရွေးကောက် တင်မြှောက်တဲ့ ဒီမိုကရေစီ စနစ်ကနေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အရွေးခံရဖို့အတွက် နိုင်ငံရေးသမားတွေဟာ အစိုးရအသုံးစရိတ်တွေ တိုးမြှင့်ရေး၊ ဆင်းရဲနွမ်းပါးသူများ အတွက် social welfare programs များ တိုးမြှင့်ချမှတ်ရေး စတာတွေကို ကတိပေးကြပါတယ်။ ရေရှည်မှာကျတော့ ဒီမူဝါဒတွေဟာ အခွန်တိုးမြှင့်ကောက်ခံရခြင်းနဲ့ ငွေကြေးဖောင်းပွမှု မြင့်တက် လာခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ Supply-side pressures တွေကတော့ နိုင်ငံတော်ရဲ့ အင်စတီကျူရှင်းတွေနဲ့ ၀န်ထမ်းတွေဆီကနေ ပေါ်ထွက်လာတာဖြစ်ပါတယ်။

(၄) Patriarchal theory

Patriarchy ဆိုတာကို တိုက်ရိုက်ဘာသာပြန်ဆိုရင် ဖခင်မှ အုပ်စိုးခြင်း ဖြစ်ပါတယ်။ မိသားစုတွင်းမှာ ဖခင်နဲ့ ခင်ပွန်းတွေက ကလေးတွေနဲ့ ဇနီးသည်တွေကို ဦးဆောင်ပြီး၊ ကလေးတွေနဲ့ ဇနီးသည်တွေက ဖခင်နဲ့ ခင်ပွန်းတွေကို အရိုအသေပေး လိုက်နာရတဲ့ နောက်လိုက်တွေ ဖြစ်နေရင် ဒီမိသားစုမှာ Patriarchal စနစ်ကျင့်သုံးနေပြီလို့ ဆိုနိုင်ပါတယ်။ လူ့အဖွဲ့အစည်းအနေနဲ့မှာတော့ Patriarchy ဆိုတာကို အမျိုးသားများက အုပ်စိုးခြင်းလို့ သတ်မှတ်ပါတယ်။ ဆိုရှယ်လစ်အမျိုးသမီးဝါဒီ (Socialist Feminists) တွေက Patriarchy နဲ့ အရင်းရှင်စနစ် (Capitalism) ကို လူ့အဖွဲ့အစည်းကို စိုးမိုးနေတဲ့ စနစ်ဆိုးနှစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ကြပါတယ်။ Radical Feminists တွေက အမျိုးသားတွေ ဦးဆောင်အုပ်စိုးနေတဲ့ နိုင်ငံတော်မှာ ကျားမတန်းတူညီမျှမှု မရှိနိုင်ကြောင်းနဲ့ ကျားမခွဲခြားမှုဟာ စနစ်တကျ ပုံသွင်းထားမှုရှိနေကြောင်း ရှုမြင်ကြပါတယ်။

လက်ဝဲအမျိုးသမီးဝါဒီတွေက အစဉ်အလာဓလေ့ထုံးစံတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေကို သမီးတွေ၊ ဇနီးသည်တွေ၊ မိခင်တွေအဖြစ် အိမ်မှုကိစ္စတာဝန်တွေ၊ မိသားစုတာဝန်တွေထဲမှာ နှစ်မြှုပ်ထားကြပြီး၊ နိုင်ငံရေးနဲ့ စီးပွားရေးရာတွေမှာ အမျိုးသမီးတွေရဲ့ ပါဝါကြီးထွားလာမှုကို ပိတ်ဆို့လေ့ရှိကြောင်းနဲ့ နိုင်ငံတော်ကို အမျိုးသားတွေက အုပ်စိုးခွင့်ရရေးကိုသာ လုပ်လေ့ရှိကြောင်း ယုံကြည်လက်ခံထားကြပြီး၊ နိုင်ငံတော်ဆိုတာကို အမျိုးသားတွေကပဲ operate လုပ်နေခဲ့ရင် အမျိုးသားတွေအတွက်ပဲ လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို လက်ခံစရာ မလိုအပ်ကြောင်း ထောက်ပြခဲ့ကြပါတယ်။



ခင်မမမျိုး (၁၃၊ ၁၀၊ ၂၀၁၂)





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: