OIC ရုံး ဖွင့်မည် မဟုတ်ကြောင်း တာဝန်ရှိသူများက ဆရာတော်များကို လျှောက်ထား

မန္တလေးတိုင်း ဒေသကြီး၊ သာသနာရေး ၀န်ကြီး ဦးသန်းစိုးမြင့်က OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်မည် မဟုတ်ကြောင်း၊ ထိုအချက်ကို ၄င်း အာမခံကြောင်း၊ ထို့ကြောင့် OIC ရုံး မဖွင့်ရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် ယနေ့ ညနေ ၄ နာရီတွင် မန္တလေးမြို့၊ မစိုးရိမ် တိုက်ဟောင်း၌ မန္တလေးတိုင်း ဒေသကြီး
သံဃာ့ နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအ၀င် သံဃာ့ နာယက အဖွဲ့၊ ဆန္ဒဖော်ထုတ်မှုများကို ဦးဆောင်သော လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီ အဖွဲ့တို့ကို လျှောက်ထားခဲ့သည်။
မန္တလေးတိုင်း ဒေသကြီး သာသနာရေး ၀န်ကြီးက ထိုသို့ လျှောက်ထားစဉ်တွင် နိုင်ငံတော် အသိအမှတ်ပြု အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ငါးဖွဲ့မှ တာဝန်ရှိသူ ဘာသာရေး ခေါင်းဆောင်များလည်း ပါဝင်သည်။
ဝန်ကြီး ဦးသန်းစိုးမြင့်၏ လျှောက်ထားမှုကို လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့မှ ဆရာတော်ဦးဝီရသူက အချက် ၂ ချက်ကို တောင်းဆိုသည်။ OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်မည် မဟုတ်ကြောင်းကို နိုင်ငံပိုင် မီဒီယာများမှ ထင်သာ မြင်သာ ထုတ်ပြန်ပေးရန်၊ ယခင် တားမြစ်ခဲ့သော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြန်လည် ခွင့်ပြုရန် တောင်းဆိုသည်။ ဦးသန်းစိုးမြင့်က ယနေ့(အောက်တိုဘာ ၁၄) ညတွင် နိုင်ငံပိုင် ရုပ်သံ အစီအစဉ်များ၌ OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ကြေညာလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း မစိုးရိမ် တိုက်ဟောင်း တွေ့ဆုံပွဲသို့ သွားရောက်သတင်းရယူခဲ့သော 7Day News သတင်းထောက်က သတင်းပေးပို့သည်။
OIC ရုံး မဖွင့်ရန် အောက်တိုဘာ (၁၅)ရက်တွင် နိုင်ငံတစ်ဝန်း၌ ဆန္ဒဖော်ထုတ်မည်ဟု ယနေ့သတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် မန္တလေးနည်းတူ ရန်ကုန်နှင့် ပခုက္ကူမြို့များရှိ နာမည်ကြီး ကျောင်းတိုက်များသို့ တာဝန်ရှိသူများက OIC ရုံး ဖွင့်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် မဖွင့်ရန် ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် ယနေ့ညနေတွင် လိုက်လံ လျှောက်ထားနေကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
ဓာတ်ပုံ- မောင်တာ




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: