နိုင်ငံတော် (The State) ဆိုရာဝယ် (အပိုင်း - ၅)



ဆည်းပူးလေ့လာ နိုင်ငံရေးပညာ

အခန်း (၂)


နိုင်ငံတော်ကျရှုံးခြင်း (state failure)

နိုင်ငံတော်ဆိုတဲ့ သဘောတရားပေါ်မှာ အခြေခံပြီး၊ နိုင်ငံတော်တွေ တည်ထောင်လာကြတာကြောင့် ကမ္ဘာပေါ်မှာ နိုင်ငံတော် အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ အချို့နိုင်ငံတော်တွေက အင်အားကြီးမား လာပြီး အင်အားကြီးမားသောနိုင်ငံများ (strong states) တွေ ဖြစ်လာကြသလို၊ အချို့ နိုင်ငံတော်တွေကျ တော့ အားနည်းသော နိုင်ငံများ (weak states) တွေ ဖြစ်လာပါတယ်။ အချို့နိုင်ငံတော်တွေ ကျတော့လဲ ကျရှုံးသော နိုင်ငံများ (failed states) တွေ ဖြစ်သွားကြပြီး၊ နိုင်ငံအချို့ကတော့ ပြိုလဲသောနိုင်ငံများ (collapsed states) တွေ ဖြစ်သွားကြပါတယ်။ အချို့နိုင်ငံတွေဟာဆိုရင် အားကြီးသော နိုင်ငံအဆင့်ကို မရပဲ၊ လွတ်လပ်ရေးရစကတည်းက အားနည်းသောနိုင်ငံအဆင့်မှာပဲ ရှိပြီး၊ တဖြည်းဖြည်းနဲ့ ကျရှုံးသော နိုင်ငံအဆင့်ကို ရွေ့လျောသွားရာကနေ ပြိုလဲမှုအထိ ဖြစ်သွားတာတွေလဲ ရှိပါတယ်။ အချို့နိုင်ငံတွေ ကျတော့လဲ အားနည်းသောနိုင်ငံအဆင့်မှာပဲ ဆယ်စုနှစ်ပေါင်းများစွာ ရပ်တန့်နေပါတယ်။ ဆိုမားလီးယား၊ ကွန်ဂို၊ လိုက်ဘေးရီးယားနဲ့ ဘော့စနီးယားစတဲ့ နိုင်ငံတွေဟာ ကျရှုံးပြီး၊ ပြိုလဲသွားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ ဗဟိုအစိုးရရဲ့ ရပ်တည်နိုင်မှု ရပ်တန့်သွားပြီး၊ ပြည်သူလူထု အပေါ်မှာ အစိုးရတာဝန်ကျေပြွန်အောင် ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

နိုင်ငံတော်ကို တာဝန်ယူထားရတဲ့ အစိုးရတရပ်ဟာ ပြည်သူလူထုအတွက် ပံ့ပိုးပေးရမယ့် လုပ်ငန်းတာဝန် တွေကို မထမ်းဆောင်နိုင်တဲ့အခါ နိုင်ငံတော်အားနည်းခြင်းနဲ့ ကျရှုံးခြင်းတွေ ဖြစ်ပွားတတ်ပါတယ်။ ဒီလိုအားနည်းခြင်းနဲ့ ကျရှုံးခြင်း ဖြစ်လာတဲ့ လက္ခဏာရပ်တွေကတော့ စီးပွားရေးတည်ငြိမ်မှုမရှိခြင်း၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အားနည်းခြင်း၊ ရာဇ၀တ်မှုနှင့် အကြမ်းဖက်မှုများ ထူပြောခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာရပ်တွေရှိနေတဲ့ နိုင်ငံတွေမှာ အစိုးရရဲ့ ဖိနှိပ်မှု ယန္တရားကပါ ပေါင်းစပ်လာတဲ့အခါ လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ထွက်လာတတ်ပါတယ်။ ဒီလို ပဋိပက္ခတွေ ဖြစ်ပွားရာက စစ်ပြေးဒုက္ခသည်များ များပြားလာခြင်း၊ ရေရှည်အစာရေစာ ပြတ်လပ်မှု ဖြစ်ခြင်း၊ စီးပွားရေးအဆောက်အအုံပြိုလဲခြင်း၊ ပြည်သူအများ သေကြေပျက်စီးခြင်း၊ ရောဂါဘယဆိုးများ တိုးပွားခြင်း စတာတွေပါ ထပ်ဆင့်ဖြစ်ပွားလာတတ်ပါတယ်။ အဆိုပါအခြေအနေမှာ သက်ဆိုင်ရာ အစိုးရတွေက ဖိနှိပ်မှုယန္တရားကို ရပ်တန့်ပြီး၊ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုမရှိရင် နိုင်ငံတော်ဟာ failed states အဆင့်ကို ရောက်သွားရာက၊ collapsed states အထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှု စွမ်းရည် နဲ့ နိုင်ငံတော်ကျရှုံးမှုဟာ တိုက်ရိုက် ဆက်စပ်မှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။

နိုင်ငံတော်ကျရှုံးခြင်းကို လေ့လာတဲ့ နိုင်ငံရေးပညာရှင်တွေက ရှုထောင့်သုံးမျိုးကနေ လေ့လာ ထားကြပါတယ်။ ပထမရှုထောင့်ကတော့ နိုင်ငံတကာစနစ်မှာ ဖြစ်ပွားနေတဲ့ macro-level changes တွေကို အာရုံစိုက်ပြီး၊ ဒုတိယရှုထောင်ကတော့ နိုင်ငံတော်- လူ့အဖွဲ့အစည်းတို့အကြားက ဆက်ဆံရေး (state–society relations) ကို အထူးပြုလေ့လာထားပါတယ်။ တတိယရှုထောင့်ကတော့ အုပ်စုများ အကြားက မဟာဗျူဟာဆက်နွယ်မှု (micro-level strategic interactions) တွေကို အာရုံစိုက် ထားပါတယ်။

(၁) Macro-level perspectives

နိုင်ငံတော်တည်ဆောက်ခြင်း (state building) ရဲ့ အဓိက သွင်ပြင်လက္ခဏာတွေဖြစ်တဲ့ နိုင်ငံရေးစွမ်းဆောင်မှု၊ နိုင်ငံရေးတရားဝင်မှုနဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာရှိမှု စတာတွေ ဖွံ့ဖြိုး တိုးတက်ရေးဟာ linear process မဟုတ်ပါဘူး။ အခြေအနေတွေ ပြောင်းလဲတာနဲ့အမျှ ဒီသွင်ပြင် လက္ခဏာတွေရဲ့ ဖွံဖြိုးတိုးတက်မှုတွေကလဲ နောက်ပြန်ဆုတ်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် system structureမှာ ပြောင်းလဲသွားတဲ့အခါ နိုင်ငံတော်တည်ဆောက်ခြင်းကို သက်ရောက်မှုနှစ်မျိုး ဖြစ်ပွားနိုင် ပါတယ်။ အင်ပါယာကြီးတွေ ကျရှုံးသွားတဲ့အခါ တဘက်မှာနိုင်ငံတကာစနစ်ကို မှီခိုတဲ့ အားနည်းသော နိုင်ငံများ ပေါ်ထွက်လာပြီး၊ အခြားတဘက်မှာလဲ စီးပွားရေးစနစ်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတတ် ပါတယ်။ ဥပမာအားဖြင့် ဖော်ပြရရင် ၁၉ ရာစုတုန်းက စပိန်အင်ပါယာ ကျရှုံးသွားချိန်မှာ တောင်အမေရိကမှာ နိုင်ငံများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ ပထမကမ္ဘာစစ်ပြီး ကာလမှာတုန်းကလဲ ရုရှား၊ သြစတြီးယား-ဟန်ဂေရီနဲ့ Ottoman အင်ပါယာတို့ ပြိုကျပြီး၊ ဥရောပမှာ နိုင်ငံများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးကာလမှာ ဘယ်လ်ဂျီယံ၊ ဟော်လန်၊ ပြငသစ်၊ ဗြိတိသျှနဲ့ ပေါ်တူဂီအင်ပါယာတွေ ပြိုကျပြီး၊ အာရှနဲ့ အာဖိရိကတိုက်မှာ နိုင်ငံများစွာ ပေါ်ထွက် လာခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံကြီး ပြိုလဲသွားချိန်မှာလဲ အာရှအလယ်ပိုင်းနဲ့ အရှေ့ဥရောပတို့မှာ နိုင်ငံများစွာ ပေါ်ထွက်လာခဲ့ပါတယ်။

ဒီလို systemic transitions တွေကြောင့်၊ နိုင်ငံများစွာ ပေါ်ထွက်လာခဲ့သလို နယ်မြေပိုင်နက်နဲ့ လူမျိုးစုအရေးစတာတွေပေါ်မှာ မူတည်တဲ့ ပဋိပက္ခများစွာလဲ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီး ကာလနဲ့ ဆိုဗီယက်ယူနီယံကြီး ပြိုလဲပြီးချိန်မှာ ပေါ်ထွက်လာတဲ့ နိုင်ငံတွေကို ဦးဆောင်တဲ့ နိုင်ငံခေါင်းဆောင်တွေမှာ ပြဿနာသုံးရပ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ပထမပြဿနာကတော့ နိုင်ငံတော်ရဲ့ နယ်မြေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရမယ့် ပြဿနာဖြစ်ပြီး၊ နိုင်ငံငယ်တွေ၊ နိုင်ငံသစ်တွေ ဖြစ်တာကြောင့် ကျူးကျော်ရန်စခံရမှုတွေနဲ့ နယ်မြေပိုင်နက်အငြင်းပွားမှုတွေကို ရင်ဆိုင်ဖြေရှင်း ကြရပါတယ်။ ဒုတိယ ပြဿနာကတော့ နိုင်ငံတွင်းမှာ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေက လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှု များပြားပြီး၊ ပဋိပက္ခဖြစ်နိုင်ချေ များပြားနေတာ ဖြစ်ပါတယ်။ နောက်ဆုံး ပြဿနာကြီးကတော့ နိုင်ငံခေါင်းဆောင်အများစုဟာ လွတ်လပ်ရေးလှုပ်ရှားမှုတွေ၊ တော်လှန်ရေးတွေက ခေါင်းဆောင်တွေဖြစ်တာကြောင့်၊ စစ်ရေးနဲ့ တော်လှန်ရေး အတွေ့အကြုံများသာရှိပြီး ဒီမိုကရေစီ ယဉ်ကျေးမှုရှိတဲ့ တိုင်းပြည်တည်ထောင်မှုဆိုင်ရာ၊ နိုင်ငံအုပ်ချုပ်ရေးဆိုင်ရာ အသိပညာတွေနဲ့ အတွေ့အကြုံတွေ မရှိကြတာပဲ ဖြစ်ပါတယ်။ ဒီပြဿနာတွေက နိုင်ငံတွေကို weak states အဆင့်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရပ်တန့်နေစေရုံသာမက၊ အချို့နိုင်ငံတွေကို failed states အဆင့်အထိ ရောက်ရှိသွားစေခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးစ နိုင်ငံတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ လူမျိုးရေးအခြေပြု ပဋိပက္ခတွေဟာ ကိုလိုနီစနစ်ရဲ့ အမွေဆိုးတွေဖြစ်ကြောင်း ထောက်ပြပြောဆိုကြတဲ့ နိုင်ငံရေးပညာရှင်တွေလဲ ရှိပါတယ်။ ကိုလိုနီ လက်အောက်ခံ နိုင်ငံတွေမှာ တောင်ပေါ်မြေပြန့်ဆိုင်ရာ၊ အရှေ့အနောက်ဆိုင်ရာ၊ တောင်မြောက်ဆိုင်ရာ ခွဲခြားအုပ်ချုပ်မှုတွေ ရှိတတ်ပြီး၊ နိုင်ငံရေးပါဝါတွေကို ဒေသဆိုင်ရာကွဲပြားမှုပေါ်မှာ ခွဲခြားပေးအပ် လေ့ရှိပါတယ်။ ကိုလိုနီအင်ပါယာတွေ ပြိုကျပြီး၊ လွတ်လပ်ရေးပေးချိန်တွေမှာလဲ မြေပုံတွေပေါ်မှာ နယ်မြေတွေ ခွဲခြားပြီး၊ လွတ်လပ်ရေးပေးခဲ့တာတွေ ရှိပါတယ်။ အချို့အာရှနဲ့ အာဖရိကနိုင်ငံတွေမှာဆိုရင် လူမျိုးစုတခုထဲတင် နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံနှစ်ခုထဲမှာ ကွဲပြားစွာ ရောက်ရှိနေတတ်ပါတယ်။ ဒီလို နယ်မြေခွဲခြားသတ်မှတ်မှုတွေ၊ နိုင်ငံရေးပါဝါခွဲခြားပေးအပ်ထားမှုတွေကြောင့် လွတ်လပ်ရေးရပြီးချိန်မှာ လူမျိုးစုကွဲပြားမှုဆိုင်ရာ ပဋိပက္ခတွေ၊ သက်ဆိုင်ရာ နယ်မြေဒေသပေါ်မှာ အခြေခံပြီး လွတ်လပ်ရေး တောင်းဆိုမှုတွေ ဖြစ်ပွားလာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံရေးပညာရှင် Charles Alao ဆိုသူက အာဖရိကတိုက်မှာ ပဋိပက္ခဖြစ်ပွားတဲ့ အားနည်းသောနိုင်ငံများ ပေါ်ထွက်လာခြင်းဟာ ကိုလိုနီစနစ် ကြောင့်ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ကိုလိုနီစနစ်က သွေးခွဲထားတဲ့ လူမျိုးရေး၊ နိုင်ငံရေးနဲ့ ဘာသာရေး အုပ်စုတွေအကြားမှာ common sense of citizenship တည်ဆောက်ဖို့ ခဲယဉ်းတာကြောင့် ပဋိပက္ခတွေ ဖြစ်ပွားလာရပြီး၊ နိုင်ငံတော်ကျရှုံးခြင်းများ ဖြစ်ပွား ခဲ့ရကြောင်း ဆိုထားခဲ့ပါတယ်။

နိုင်ငံတော်ကျရှုံးခြင်းဖြစ်ပွားစေတဲ့ နောက်ထပ်အချက်တချက်ကတော့ စီးပွားရေးစနစ် ပြောင်းလဲမှုများ ဖြစ်ပါတယ်။ စီးပွားရေးအခြေအနေတွေဟာ နိုင်ငံရေးနဲ့ လူမှုရေးအခြေအနေတွေကို လွှမ်းမိုးနိုင်ပါတယ်။ အထူးသဖြင့် စီးပွားရေးရာ တန်းတူညီမျှမှု (economic equity) ဟာ နိုင်ငံတော်ကျရှုံးမှုနဲ့ဆိုင်တဲ့ အရေးဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Gurr နဲ့ Duvall ဆိုသူတို့က နိုင်ငံတော်အတွင်းမှာ စီးပွားရေးနဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာတွေကို ညီမျှစွာ ခွဲဝေမှု မရှိရင် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ခက်ခဲကြောင်း ဆိုထားခဲ့ပါတယ်။ တိုင်းပြည်မှာ ဆင်းရဲချမ်းသာကွာဟမှုကြီးမားပြီး၊ စီးပွားရေးလုပ်ပိုင်ခွင့်များကို အစိုးရဖြစ်စေ၊ လူတန်းစားတရပ်ကဖြစ်စေ၊ စစ်တပ်က ဖြစ်စေ လက်ဝါးကြီးအုပ်ထားမှုတွေ ရှိနေခဲ့ရင် ပုန်ကန်မှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက မလွဲမသွေဖြစ်လာနိုင်ကြောင်း နိုင်ငံရေးပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

(၂) Intermediate perspectives: state–society relations

ဒီရှုထောင့်က ပြည်တွင်းဖိအားများကြောင့် နိုင်ငံတော်ကျရှုံးရခြင်းကို အထူးပြုလေ့လာထားပါတယ်။ ဒီရှူထောင့်အရ နိုင်ငံတော်ကျရှုံးခြင်းဟာ political order ကို နိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူတွေက အသိအမှတ်မပြုခြင်းကြောင့် ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေအချင်းချင်း စည်းလုံးညီညွတ်စွာ အတူတကွယှဉ်တွဲနေထိုင်ဖို့အတွက် အားလုံးကလက်ခံထားတဲ့ national identity လိုအပ်ပါတယ်။ ဒါမှသာ လူမျိုးရေး၊ ဘာသာရေးကွဲပြားခြားနားတဲ့ အုပ်စုတွေအကြားမှာ inter-group cooperation ရှိလာမှာ ဖြစ်ပါတယ်။ ဒီလို national identity ပျောက်ကွယ်လာရင် state-society relations ပျက်ပြီး၊ နိုင်ငံတော်ကျရှုံးခြင်း ဖြစ်တတ်ပါတယ်။
နိုင်ငံရေးပညာရှင် Douglas Dearth ဆိုသူက နိုင်ငံတော်ကို အုပ်ချုပ်တဲ့အစိုးရအနေနဲ့ (basic obligations of statehood) ကို ပြည်သူတွေအတွက် မပံ့ပိုးပေးနိုင်ရင် နိုင်ငံတော်ကျရှုံးခြင်း ဖြစ်တတ် တယ်လို့လဲ ဆိုထားပါတယ်။ အစိုးရဟာ internal order ရှိလာအောင် ထိန်းသိမ်းနိုင်ခြင်း၊ external aggression ကို တွန်းလှန်နိုင်ခြင်း မပြုလုပ်နိုင်ရင် state-society relations ပျက်သွားတတ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပညာရှင် Pauline Baker နဲ့ John Ausink ဆိုသူတို့က နိုင်ငံတော်ကျရှုံးခြင်းဟာ အစိုးရယန္တရားပျက်ယွင်းခြင်းမှာ အစပြုကြောင်း ဆိုထားခဲ့ပါတယ်။ အစိုးရအုပ်ချုပ်ရေးယန္တရားဟာ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးနိုင်ခြင်း မရှိတော့တဲ့အခါ၊ တိုင်းပြည်တွင်းမှာ ဆင်းရဲနွမ်းပါးမှု၊ ကျေးလက်ဒေသမှ အမြောက်အမြားစွန့်ခွာမှု၊ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှု၊ စီးပွားရေး အခွင့် အလမ်း တန်းတူညီမျှ မရှိမှုတွေ ဖြစ်ပွားလာပြီး၊ လူထုက နိုင်ငံတော်ကို အယုံအကြည် ကင်းမဲ့လာ ပါတယ်။ ဒီအခါမှာ နိုင်ငံတော်ဖြစ်တည်မှုကို အသိအမှတ်ပြုမှု ကျဆင်းလာပြီး၊ နိုင်ငံတော် ကျရှုံးခြင်း ဖြစ်ပွားစေနိုင်ကြောင်း ထောက်ပြရေးသားခဲ့ကြပါတယ်။

နိုင်ငံတော်ကျရှုံးမှုဟာ အစိုးရရဲ့ နိုင်ငံရေးစနစ်အပေါ်မှာလဲ မူတည်ကြောင်း အချို့ပညာရှင်များက ဆိုထားကြပါတယ်။ Paul Brass နဲ့ Atul Kohli ဆိုသူတို့က လက်နက်ကိုင်ပုန်ကန်မှုများနဲ့ လူထုတိုက်ပွဲများ ဖြစ်ပွားလာရခြင်းဟာ လူထုရဲ့ လှုပ်ရှားမှုတွေကို အစိုးရက ကိုင်တွယ်ပုံမှာ မူတည်ကြောင်း ထောက်ပြထားခဲ့ပါတယ်။ အစိုးရဟာ နိုင်ငံသူ၊ နိုင်ငံသားရဲ့ လိုအပ်ချက်တွေကို ပံ့ပိုး ပေးခြင်း မရှိရုံသာမက၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကိုပါ ခြိမ်းချောက် လာတယ်လို့ လူထုက ယူဆလာတဲ့အချိန်မှာ state-society relations ကို ထိခိုက်ပြီး လက်နက်ကိုင် ပုန်ကန်မှု ဖြစ်ပွား တတ်ပါတယ်။ လူမျိုးစုတခုကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ အရေးပေးခြင်းဟာလဲ အခြား လူမျိုးစုတွေရဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို ဖြစ်ပွားစေတတ်ပါတယ်။ ရ၀မ်ဒါနဲ့ ဘူရန်ဒီ နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ လူမျိုးစုရေးရာ မူဝါဒ (ethnic policies) တွေမှာ အခြေခံခဲ့တာ ဖြစ်ပါတယ်။

3.      Micro-level perspectives

ဒီရှူထောင့်က လူတဦးချင်းနဲ့ အုပ်စုရေးရာ ပဋိပက္ခတွေကြောင့် နိုင်ငံတော်ကျရှုံးခြင်း ဖြစ်ပွားတတ် တာတွေကို အထူးပြုလေ့လာထားပါတယ်။ လူတဦးချင်းနဲ့ လူအုပ်စုတွေကို လူတချို့က ဆွဲဆောင် စည်းရုံးပြီး၊ အခြားအုပ်စုဝင်များကို မုန်းတီးလာအောင်၊ ကြောက်ရွံ့လာအောင် ပြုလုပ်တာတွေ ရှိတတ် ပါတယ်။ အဲဒီကနေတဆင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ လူမျိုးတုန်း သတ်ဖြတ်မှုများကို ဦးတည် သွားစေနိုင်ပါတယ်။ micro-level ရှူထောင့်အရ ဆက်နွယ်မှုဖြစ်စဉ် နှစ်ရပ်ရှိပါတယ်။ ပထမ ဖြစ်စဉ်က လက်နက်ကိုင်အင်အားစုများနဲ့ အုပ်စုများအကြားက ဆက်နွယ်မှုဖြစ်စဉ်ဖြစ်ပြီး၊ ဒုတိယဖြစ်စဉ် ကတော့ လက်နက်ကိုင်အင်အားစုများ၊ အုပ်စုများနဲ့အကြမ်းဖက်မှုရဲ့ ဦးတည်လမ်းကြောင်းကို ပြောင်းလဲ စေနိုင်သော ပြင်ပအင်အားစုများအကြားက ဆက်နွယ်မှုတွေဖြစ်ပါတယ်။ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ ‘emerging anarchy’ ဆိုတဲ့ ပြဿနာရှိတတ်ပါတယ်။ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်မှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီလိုပေါ်ပေါက်လာရင် အုပ်စုဖွဲ့ရန်ပြုမှုတွေ ပေါ်ထွက်လာပြီး၊ အကြမ်း ဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတတ်ပါတယ်။

နိုင်ငံရေးပညာရှင် Beverly Crawford နဲ့ Ronnie Lipschutz ဆိုသူတို့က ဖိနှိပ်ချုပ်ချယ်မှုရှိတဲ့ အုပ်ချုပ်ရေးယန္တရားဟာ political space တခုကို ပေါ်ထွက်စေနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ ဒီ political space ကို မင်းမဲ့ဝါဒီအချို့က အသုံးချမှုရှိလာတဲ့အခါ inter-group violence ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ပွားလာချိန်မှာ အုပ်ချုပ်ရေးယန္တရားက အုပ်စုတခုတည်းကိုပဲ ဦးစားပေးလာတဲ့အခါ အခြားအုပ်စု တခုက နိုင်ငံတော်အပေါ် ယုံကြည်မှုကင်းမဲ့လာပါတယ်။ တတိယအစုအဖွဲ့ (ဥပမာ- နိုင်ငံတကာ)ရဲ့ လုံခြုံရေး အာမခံချက်ကို တောင်းဆိုမှုရှိလာပါတယ်။ ဒီလိုလုံခြုံရေးအာမခံချက် မရရှိတဲ့အခါ ပဋိပက္ခ ကြီးမားလာပြီး၊ နိုင်ငံတော်ကျရှုံးခြင်း ဖြစ်ပွားစေတတ်ပါတယ်။

ဒုတိယဆက်နွယ်မှုဖြစ်စဉ်ကတော့ belligerents တွေနဲ့ conflict dynamics ကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပြင်ပအင်အားစုတွေအကြားက ဆက်နွယ်မှုဖြစ်ပါတယ်။ ပြင်ပအင်အားစုတွေက နိုင်ငံရေးအခြေအနေ အချိုးအကွေ့တွေမှာ အသုံးပြုရမယ့် အကြမ်းဖက်မှုသဏ္ဍာန်တွေကို ရွေးချယ်မှုတွေမှာ လွှမ်းမိုးတာ တွေလဲ ရှိတတ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေးအုပ်စုများအကြား အကြမ်းဖက်မှုတွေရဲ့ လမ်းကြောင်း တွေကို ပြင်ပအင်အားစုတွေ ဦးတည်တဲ့ လမ်းကြောင်းတွေဘက်ကို ရွှေ့ယူသွားတာတွေလဲ ရှိပါတယ်။ ဘော့စနီးယား၊ ကိုဆိုဗိုနဲ့ ရ၀မ်ဒါနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုတွင်းအကြမ်းဖက်မှုတွေကို လေ့လာ ကြည့်ရာမှာ ဘော့စနီးယားက Serb ခေါင်းဆောင်များ၊ ရ၀မ်ဒါက Hutu ခေါင်းဆောင်များရဲ့ ပဋိပက္ခ စတင်ဖို့ ဆုံးဖြတ်ချက်တွေမှာ ပြင်ပအင်အားစုတွေက လွှမ်းမိုးမှုများစွာရှိခဲ့ပါတယ်။ ပြင်ပအင်အားစု တွေရဲ့ လွှမ်းမိုးမှုတွေကြောင့် conflict intensity ပြောင်းလဲနိုင်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် နိုင်ငံတော်ဆိုတာ (၁၆) ရာစုကတည်းက ပေါ်ပေါက်လာတဲ့ သဘောတရားတခုဖြစ်ပြီး၊ ဒီသဘောတရားပေါ်မှာ အခြေခံပြီး နိုင်ငံတော်တည်ထောင်မှုတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပေါ်ထွက်လာတဲ့ နိုင်ငံတော်တွေမှာ အချုပ်အခြာအာဏာ၊ တရားဝင်မှု၊ ပြည်သူ့ရေးရာဌာနများကို ကိုယ်စားပြုမှု၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်သောစွမ်းရည်နဲ့ နယ်မြေပိုင်နက်အတွင်းမှာ မှီတင်းနေထိုင်သော ပြည်သူလူထုဆိုတဲ့ သွင်ပြင်လက္ခဏာတွေ ရှိပါတယ်။ နိုင်ငံတော်နဲ့ အစိုးရဆိုတာကို ရောထွေးပြောကြားမှုတွေရှိပေမယ့် နိုင်ငံတော်ဆိုတာ အစိုးရကို ဆိုလိုတာ မဟုတ်ပါဘူး။ အစိုးရဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး၊ ရှူထောင့်အမျိုးမျိုးကနေ သီအိုရီများဖော်ထုတ်လေ့လာမှုတွေ ရှိခဲ့ပါသလို၊ နိုင်ငံတော်ကျရှုံးခြင်းနဲ့ ပတ်သက်ပြီး လေ့လာမှုတွေလဲ အမြောက်အမြားရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ တည်ထောင်ဖြစ်တည်လာတဲ့ နိုင်ငံတော်တွေထဲမှာ အားကြီးသောနိုင်ငံများရှိသလို၊ အားနည်းသောနိုင်ငံများ၊ ကျရှုံးသောနိုင်ငံများနဲ့ ပြိုလဲသောနိုင်ငံများတွေလဲ ပေါ်ထွက်လာပါတယ်။ အားနည်းသောနိုင်ငံများအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ရပ်တံ့နေရာကနေ ကျရှုံးသောနိုင်ငံများအဆင့်ကို ရောက်ရှိပြီး၊ နိုင်ငံတော်ပြိုလဲခြင်းတွေလဲ ဖြစ်ပွား စေတတ်တဲ့ အတွက် ကိုယ့်နိုင်ငံကိုကျရှုံးသောနိုင်ငံ၊ ပြိုလဲသောနိုင်ငံအဆင့်သို့ မရောက်ရှိစေရေးဟာ သက်ဆိုင်ရာနိုင်ငံများက နိုင်ငံသူ၊ နိုင်ငံသားများရဲ့ တာဝန်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၈၊ ၁၀၊ ၂၀၁၂)


ရည်ညွှန်းကိုးကား။ ။

Azar, E. & Chung-in Moon (1988) National Security in the Third World: The Management of
Internal and External Threats, Aldershot

Alao, C. (1999) ‘The problem of the failed state in Africa’, in Muthiah Alagappa & Takashi Inoguchi, (eds), International Security Management and the United Nations, Tokyo

Ayoob, M. (1996) ‘State-making, state-breaking and state failure: explaining the roots of “Third World” insecurity’, in Luc van de Goor, Kumar Rupesinghe & Paul Sciarone (eds), Between Development and Destruction, London: Palgrave

Baker, P. & Ausink, J. (1996) ‘State collapse and ethnic violence: toward a predictive model’, Parameters, Spring, pp 19–31

Ed. Brinkerhoff, D. (2006) ‘Governance in Post-Conflict Societies: Rebuilding Fragile States’,
Routledge.

Chabal, P. (1997) ‘Apocalypse Now? A Post-Colonial Journey into Africa’, lecture delivered on 12th March in King’s College, London

Evans, P. ‘The Eclipse of the State? Reflections on Stateness in an Era of Globalization’,
World Politics, Vol. 50, no. 1

Evans, P., Rueschemeyer, D. and Skocpol, T. (1985) ‘On the Road Toward a More Adequate
Understanding of the State’, in ‘Bringing the State Back In’, Cambridge University Press.

Dorff, R. (1996) ‘Democratization and failed states: the challenge of ungovernability’, Parameters, Summer, 1996, pp 17–31

Gros, J. (1996) ‘Towards a taxonomy of failed states in the New World Order: decaying Somalia, Liberia, Rwanda and Haiti’, Third World Quarterly, 17, pp. 456

Gurr, T. (ed.) (1980) Handbook of Political Conflict: Theory and Research, New York

Gurr, T. (1992) ‘The internationalization of protracted communal conflicts since 1945: which groups, where and how?’, in Manus Midlarsky (ed), The Internationalization of Communal Strife, London

Gurr, T. (1993) ‘Why minorities rebel—a global analysis of communal mobilization and conflict since 1945’, International Political Science Review, 14, pp 161–201

Hardin, R. (1995) One for All: The Logic of Group Conflict, Princeton, NJ: Princeton University Press

Hay, C., M. Lister and D. Marsh (2006) The State: Theories and Issues, Basingstoke and New York: Palgrave Macmillan

Heywood, A. (2007) Politics, 3rd edition, Basingstoke and New York: Palgrave Macmillan

Helman, G. & Ratner, S. (1992/ 1993) ‘Saving failed states’, Foreign Policy, Brookings, 89, pp 3–20

Herbst, J. (2004) ‘Let Them Fail: State Failure in Theory and Practice: Implications for Policy’ in Rotberg, R. (ed.) ‘When States Fail: Causes and Consequences’, Princeton University Press

Herbst, J. (2000) ‘States and Power in Africa: Comparative Lessons in Authority and Control’, Princeton University Press.

Lichbach, M. (1995) The Rebel’s Dilemma, Ann Arbor, MI: University of Michigan Press

Lind, M. (1992) “The Catalytic State.” The National Interest 27 (Spring), pp. 3-12

McGrew, A. (1992) “Conceptualizing Global Politics.” A. McGrew, P.G. Lewis, et al., eds., Global Politics: Globalization and the Nation-State. Cambridge: Polity Press

Rhodes, M. 1996. “Globalization and West European Welfare States: A Critical Review of Recent Debates.” Journal of European Social Policy 6 (4): 305-27.

Rodrik, Dani. 1997. Has Globalization Gone Too Far? Washington, DC: Institute for International Economics.

Skocpol, T. (1985) ‘Bringing the State Back In: Strategies of Analysis in Current Research’ in Evans, P., Rueschemeyer, D. and Skocpol, T. (eds.) ‘Bringing the State Back In’, Cambridge University Press.

World Bank (2002) ‘LICUS: A Task Force Report’, World Bank

Weiss, L. (1997) “Globalization and the Myth of the Powerless State.” New Left Review 225: 3-27.

Zartman, W. (1995) ‘Posing the problem of State Collapse’ in ‘Collapsed States: The Disintegration and Restoration of Legitimate Authority’, Boulder, London






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: