နိုင်ငံတော် (The State) ဆိုရာဝယ်
ခင်မမမျိုး
-------------------------------------------------------------------------------
Myanmar Institute of Peace and Security Studies (MIPSS)
နိုင်ငံရေး နှင့် နိုင်ငံတကာ လေ့လာရေး စာစဉ် အမှတ် (၂)
အောက်တိုဘာလ၊ ၂၀၁၂ ခုနှစ်
နိုင်ငံတော် ဆိုရာဝယ်
နိဒါန်း
နိုင်ငံတော်ရဲ့ သဘောသဘာဝ၊ ပါဝါနဲ့ တာဝန်ဝတ္တရား စတာတွေကို နိုင်ငံရေးဒဿနိကဗေဒ ပညာရှင်များက ရေးသားဖော်ပြခဲ့ကြပါတယ်။ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူတဦးချင်း စီရဲ့ တာဝန်နဲ့ အခွင့်အရေးများဟာလဲ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက နိုင်ငံရေး ဒဿနိကဗေဒ ပညာရဲ့ Philosophical discourse အနေနဲ့ ရှိနေခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး လူအများက အမြင်အမျိုးမျိုးနဲ့ ရှုမြင်သုံးသပ်ကြပါတယ်။ classical Marxists နဲ့ revolutionary socialists တွေက နိုင်ငံတော်ဆိုတာကို agent of capitalism အနေနဲ့ မြင်ပါတယ်။ evolutionary socialists တွေက နိုင်ငံတော်ဆိုတာကို ဒီမိုကရေစီနည်းလမ်းနဲ့ ပြောင်းလဲပြီး၊ တနည်းအားဖြင့်ဆိုလျှင် နိုင်ငံတော်အားပြောင်းလဲခြင်း (state transformation) ပြုလုပ်ပြီး agent of capitalism ကနေ agent of 'the people' ဖြစ်အောင် လုပ်ဆောင်ရမယ်လို့ မြင်ကြပါတယ်။ အချို့ကတော့ နိုင်ငံတော်ဆိုတာကို local level မှာ ဒီမိုကရက်တစ်ယူနစ်တွေနဲ့ global level မှာ နိုင်ငံတကာ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေ ဖွဲ့စည်းပြီး အစားထိုးရမယ်လို့ မြင်ကြပါတယ်။ လစ်ဘရယ် ဒီမိုကရက်တွေကကျတော့ နိုင်ငံတော်ဆိုတာကို လူ့အဖွဲ့အစည်းရဲ့ 'referee' အနေနဲ့ ရှုမြင်သုံးသပ်ကြပါတယ်။
ယုံကြည်တဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီများပေါ် မူတည်ပြီး ဘယ်လိုပဲ အမြင်တွေ ကွဲပြားပေမယ့်၊ အများစုက လက်ခံထားရတဲ့ တူညီချက်တခုကတော့ နိုင်ငံတော်ရဲ့ အရိပ် (shadow of the state) ဟာ လူတွေရဲ့ ဘ၀ကို လွှမ်းမိုးထားတယ် ဆိုတာပါပဲ။ ပညာရေးကနေ စီးပွားရေးစီမံခန့်ခွဲမှု၊ လူမှုဖူလုံရေးကနေ အညစ်အကြေးစွန့်ပစ်မှု၊ ပြည်ထဲရေးကနေ ပြည်ပရန်ကာကွယ်ရေး စတဲ့ ကဏ္ဍအားလုံးမှာ နိုင်ငံတော်က ပုံဖော်ဆောင်ပြီး ထိန်းချုပ်ထားပါတယ်။ နောက်ဆုံးလူတဦးချင်းစီရဲ့ ဘ၀ရေးရာဖြစ်တဲ့ လက်ထပ်ထိမ်းမြားမှု၊ ကွာရှင်းပြတ်စဲမှု၊ ကိုယ်ဝန်ဖျက်ချမှုနဲ့ ဘာသာရေးယုံကြည်ကိုးကွယ်မှုတွေမှာလဲ နိုင်ငံတော်က ပါဝင်ဆောင်ရွက်တဲ့ အခန်းကဏ္ဍတွေ ရှိနေပြန်ပါတယ်။ ဒါကြောင့် နိုင်ငံရေးကို လေ့လာမယ်ဆိုရင် နိုင်ငံတော်အကြောင်းကို မလွဲမသွေလေ့လာဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး လေ့လာသူတယောက်ဟာ နိုင်ငံတော်ရဲ့ သဘော သဘာဝ၊ အခန်းကဏ္ဍနဲ့ ပါဝါချိန်ခွင်လျှာတွေကို သိရှိနားလည်ထားသင့်ပါတယ်။
အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များ
နိုင်ငံရေးပညာရှင် Andrew Heywood က နိုင်ငံတော်ဆိုတဲ့ အနက်အဓိပ္ပာယ်ကို idealist perspective, functionalist perspective နဲ့ organizational perspective စတဲ့ ရှုထောင့်အမြင် သုံးမျိုးကနေ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ idealist perspective နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ဂျာမန်ဒဿနိကဗေဒပညာရှင်တဦးဖြစ်တဲ့ Georg Hegel ရဲ့ စာတွေမှာ တွေ့မြင်နိုင်ပါတယ်။ Hegel က မိသားစု၊ လူ့အဖွဲ့အစည်း နဲ့ နိုင်ငံတော် ဆိုတာတွေကို လူမှုဖြစ်တည်မှု (social existence) ရဲ့ ဖြစ်တည်မှု သုံးရပ်အဖြစ် ရေးသားဖော်ပြခဲ့ပါတယ်။ Hegel က မိသားစုတခုအတွင်းမှာ နေထိုင် ဖြစ်တည်ကြတဲ့ မိသားစုဝင်တွေဟာ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေရဲ့ အကျိုးစီးပွား အတွက် ကိုယ်ပိုင် အကျိုးစီးပွားတွေကို ဘေးဖယ်ထားလေ့ရှိကြောင်း အဆိုပြုခဲ့ပြီး၊ မိသားစုဆိုတာကို ' sphere of particular altruism' လို့ သတ်မှတ်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာတော့ လူတွေဟာ အခြားသူတွေရဲ့ အကျိုးစီးပွားထက် ကိုယ်ပိုင်အကျိုးစီးပွားကို ဦးစားပေးရှိကြောင်း ဆိုခဲ့ပြီး၊ လူ့အဖွဲ့အစည်းဆိုတာကို 'universal egoism' လို့ သတ်မှတ်ခေါ်တွင်ခဲ့ပါတယ်။ နိုင်ငံတော် ဆိုတာကိုတော့ အပြန်အလှန်ကိုယ်ချင်းစာတရား (mutual sympathy) က မောင်းနှင်ထားတဲ့ လူ့အဖွဲ့အစည်းတရပ်အဖြစ် သတ်မှတ်ပြီး၊ 'universal altruism' လို့ ခေါ်တွင်ခဲ့ပါတယ်။
နိုင်ငံတော်ရဲ့ အနက်အဓိပ္ပာယ်ကို functional perspective ကနေ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကတော့နိုင်ငံတော်ရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ အင်စတီကျူးရှင်းတွေရဲ့ ရည်ရွယ်ချက် တာဝန်တွေကို ဦးစားပေးဖော်ပြကြပါတယ်။ ဒီရှုထောင့်အရ နိုင်ငံတော်ရဲ့ အဓိကတာဝန်ဟာ social order ကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ဒီရှုထောင့်ကို ခေတ်သစ်မတ်စ်ဝါဒီအများစုက လက်ခံထားကြပြီး၊ နိုင်ငံတော်ဆိုတာ အရင်းရှင်စနစ် (capitalist system) ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မောင်းနှင်ပေး တဲ့ ယန္တရားလို့ အဓိပ္ပာယ်ဖွင့်ဆိုထားကြပါတယ်။
နောက်ထပ်ရှုထောင့်တမျိုးကတော့ နိုင်ငံတော်ဆိုတာကို နိုင်ငံအတွင်းမှာမှီတင်းနေထိုင်တဲ့ ပြည်
သူ လူထုက အသိအမှတ်ပြုလက်ခံထားတဲ့ နိုင်ငံရေးအင်စတီကျူရှင်းတခုလို့ အနက်အဓိပ္ပာယ် ဖွင့်ဆို ထားတဲ့ organizational perspective ပဲ ဖြစ်ပါတယ်။ ဒီရှုထောင့်အရ နိုင်ငံတော်ဆိုတာမှာ အစိုးရယန္တရားတွေ ဖြစ်တဲ့ ဗျူရိုကရေစီ၊ စစ်တက်၊ ရဲ၊ တရားရုံး စတာတွေ ပါဝင်ပြီး၊ ဒီလိုအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တရားတွေကို ပြည်သူလူထုရဲ့ အခွန်ဘဏ္ဍာတွေနဲ့ ထောက်ပံ့ထားကြောင်း ဖွင့်ဆိုထားပါတယ်။ ဒီရှုထောင့်ကို ကမ္ဘာ့နိုင်ငံအများစုမှာ လက်ခံထားကြပါတယ်။
ဒီလို ရှုထောင့်အမျိုးမျိုးကနေ အနက်အဓိပ္ပာယ်တွေ ဖွင့်ဆိုထားတဲ့ နိုင်ငံတော်ဆိုတဲ့ စကားလုံးမှာ ယေဘုယျအားဖြင့် သွင်ပြင်လက္ခဏာ ငါးမျိုးရှိပါတယ်။ ပထမတမျိုးကတော့ အချုပ်အခြာအာဏာ (Sovereignty) ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတွင်းမှာ ရှိတဲ့ အုပ်စုနဲ့ အဖွဲ့အစည်းတွေအားလုံးရဲ့ အထက်မှာ နိုင်ငံတော်တည်ရှိပြီး၊ နိုင်ငံတော်မှာ အကြွင်းမဲ့အာဏာ (absolute power) ရှိပါတယ်။ ဒုတိယသွင်ပြင်လက္ခဏာတရပ်ကတော့ နိုင်ငံတော်ဟာ ပြည်သူ့ရေးရာဌာနများကို ကိုယ်စားပြု ပါတယ်။ ပြည်သူ့ရေးရာဌာနများဟာ တဦးချင်းအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်တဲ့ မိသားစု၊ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း စတာတွေနဲ့ မတူညီပဲ အများပြည်သူရဲ့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက် ရပါတယ်။
တတိယသွင်ပြင်လက္ခဏာတရပ်ကတော့ တရားဝင်ခွင့် (legitimacy) ကို ကျင့်သုံးမှုဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက်များဟာ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုရမှာ ဖြစ်ပြီး၊ အများပြည်သူရဲ့ ကောင်းကျိုးအတွက် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ စတုတ္ထသွင်ပြင်လက္ခဏာတရပ်ကတော့ နိုင်ငံတော်မှာ တရားဥပေဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်တဲ့ စွမ်းရည် (capacity) ရှိရမှာဖြစ်ပါတယ်။။ ပဉ္စမသွင်ပြင်လက္ခဏာတရပ်ကတော့ နိုင်ငံတော်မှာ နယ်မြေပိုင်နက်နဲ့ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရှိရမှာ ဖြစ်ပါတယ်။ သီအိုရီအရတော့ နိုင်ငံတော်ဆိုတာ နိုင်ငံတကာအဆင့်မှာ autonomous entity ဖြစ်ပါတယ်။
ဒီနေရာမှာ နိုင်ငံတော် (The State) နဲ့ အစိုးရ (Government) ဆိုတာက အချို့က ရောထွေးပြီး ပြောတတ်လေ့ရှိကြပါတယ်။ အစိုးရကို ဆန့်ကျင်တာကိုလဲ နိုင်ငံတော်ကို ဆန့်ကျင်တယ်လို့ ယူဆထား တာတွေ ရှိပါတယ်။ သို့ပေမယ့် အစိုးရနဲ့ နိုင်ငံတော်အကြားမှာ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ ပထမတချက်က နိုင်ငံတော်ဆိုတဲ့ အနက်အဓိပ္ပာယ်ဟာ အစိုးရဆိုတဲ့ အနက်အဓိပ္ပာယ်ထက် ပိုပြီး ကျယ်ဝန်းပါတယ်။ အစိုးရဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတရပ်သာ ဖြစ်ပါတယ်။ ဒုတိယ တချက်ကတော့ နိုင်ငံတော်ဆိုတာ စဉ်ဆက်မပြတ်ဖြစ်တည်နေတဲ့ ရေရှည် entity တခုဖြစ်ပြီး၊ အစိုးရ ဆိုတာကတော့ ယာယီဖြစ်တည်မှုဖြစ်ပါတယ်။ အစိုးရတွေဟာ အသစ်ဖွဲ့စည်းလိုက်၊ ပျက်ပြယ်လိုက် သဘောသဘာဝရှိပြီး၊ အစိုးရရဲ့ စနစ်တွေဟာလဲ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လို့ ရပါတယ်။
တတိယတချက်ကတော့ အစိုးရဆိုတာ နိုင်ငံတော်ရဲ့ အာဏာကို အသက်သွင်းပေးရတဲ့ ယန္တရား တခုဖြစ်ပြီး၊ နိုင်ငံတော်ရဲ့ ဦးနှောက်လို့လဲ သတ်မှတ်ခေါ်တွင်ကြပါတယ်။ စတုတ္ထအချက်ကတော့ နိုင်ငံတော်ဟာ impersonal authority ကို ကျင့်သုံးပြီး၊ state bodies တွေရဲ့ ၀န်ထမ်းတွေဟာ political neutral ဖြစ်ဖို့လိုပါတယ်။
တက်လိုက်ဆင်းလိုက်ဖြစ်နေတဲ့ အစိုးရတွေရဲ့ ပါတီနိုင်ငံရေး အယူအဆတွေကို state bodies တွေက resist လုပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ- စစ်တပ်၊ ရဲ စတဲ့ state bodies တွေဟာ အစိုးရတရပ်ရဲ့ လက်ကိုင်ဒုတ် မဖြစ်ရပါဘူး။ ပဉ္စမအချက်ကတော့ နိုင်ငံတော်ဟာ အများပြည်သူရဲ့ ရေရှည်အကျိုးစီးပွားကို ကိုယ်စားပြုပြီး၊ အစိုးရကတော့ အုပ်ချုပ်ရေးအာဏာ လက်ဝယ်ရလာတဲ့ partisan sympathy ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။
နိုင်ငံတော်ဆိုင်ရာ သီအိုရီများ
နိုင်ငံတော်ဆိုတဲ့ သဘောတရားကို အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များစွာ ရှိသလို၊ နိုင်ငံတော်ဆိုင်ရာ သီအိုရီများစွာလဲ ရှိပါတယ်။ ဒီသီအိုရီတွေရဲ့ မြစ်ဖျားခံလာမှုတွေ၊ ဖွံ့ဖြိုးတိုးတက်လာမှုတွေနဲ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုတွေကလဲ ကွဲပြားခြားနားပါတယ်။ နိုင်ငံတော်ဆိုတာ လူ့အဖွဲ့ အစည်းနဲ့ သီးခြားကွဲပြားနေတဲ့ အရာလား (သို့မဟုတ်) လူ့အဖွဲ့အစည်းထဲကနေ ပေါ်ထွက်လာတဲ့ အရာလား။ နိုင်ငံတော်ဆိုတာ အများပြည်သူရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ အရာလား (သို့မဟုတ်) လူတစုနဲ့ လူတန်းစားတခုကို ကိုယ်စားပြုတာလား စတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို သီအိုရီတခုချင်းဆီက ကွဲပြားခြားနားစွာ အဖြေပေးထားကြပါတယ်။
နိုင်ငံတော်ပေါ်ပေါက်လာခြင်းရဲ့ သမိုင်းအစ (Origins of the State)နဲ့ပတ်သက်ပြီး၊ social contract theory, evolutionary theory, divine rights theory နဲ့ force theory လေးမျိုးရှိကြောင်း နိုင်ငံရေးပညာရှင်အများစုက လက်ခံထားကြပါတယ်။ နိုင်ငံရေးပညာရှင် အယ်ဒရူးဟေ၀ပ်ကတော့ နိုင်ငံတော်ဆိုင်ရာ သီအိုရီတွေဟာ ခေတ်ပြိုင်သီအိုရီတွေလို့ သတ်မှတ်ပြီး၊ pluralist theory, capitalist theory, leviathan theory နဲ့ patriarchal theory လေးမျိုးကို ခေတ်ပြိုင် နိုင်ငံတော်သီအိုရီများအဖြစ်
တင်ပြရေးသားခဲ့ပါတယ်။ လက်ဝဲနိုင်ငံရေးကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ Clyde Barrow ကတော့ Marxism, Neo-Marxism နဲ့ Post-Marxism သီအိုရီသုံမျိုးကို Critical theories of the State အဖြစ် ရေးသားဖော်ပြခဲ့ပါတယ်။
(၁) နိုင်ငံတော်ပေါ်ပေါက်လာခြင်း၏ သမိုင်းအစဆိုင်ရာ သီအိုရီများ
(က) Social contract theory
social contract theory အရ နိုင်ငံတော်ဆိုတာ လူတွေ ဖန်တီးထားတဲ့ အင်စတီကျူးရှင်း တခုဖြစ်ပါတယ်။ တန်ခိုးရှင်တွေက ဖန်ဆင်းထားတဲ့ အင်စတီကျူးရှင်း မဟုတ်ပါဘူး။ နိုင်ငံတော်ဆိုတာ လူမှုဆက်နွယ်မှုတွေ၊ ဆက်စပ်မှုတွေက တဆင့် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီသီအိုရီ သဘောတရားတွေကို နိုင်ငံရေးဒဿနိကဗေဒပညာရှင်များဖြစ်တဲ့ Thomas Hobbes, John Locke နဲ့ Rousseau တို့က ထောက်ခံအားပေးထားကြပါတယ်။
Thomas Hobbes ရဲ့ အဆိုအရ လူတွေက သူတို့ဘာသာသူတို့ အုပ်ချုပ်ခွင့်ကို အုပ်ချုပ်ရေး အစုအဖွဲ့တခုကို သွားရောက်ပေးအပ်ပြီး၊ ဒီအစုအဖွဲ့ရဲ့ အမိန့်အာဏာတွေကို လိုက်နာရန် သဘောတူလက်ခံထားတဲ့အတွက် supreme body နဲ့ အများပြည်သူအကြားမှာ social contract ဖြစ်တည်သွားတာ ဖြစ်ပါတယ်။ John Locke ရဲ့ အမြင်အရ လူတွေဟာ သဘာဝတရားက ပေးအပ်ထားတဲ့ အခွင့်အရေး (natural rights) တွေ ဖြစ်တဲ့ လူ့ဘ၀ဖြစ်တည်မှု၊ လွတ်လပ်မှု နဲ့ ပိုင်ဆိုင်မှုအခွင့်အရေးတွေကို ရယူခံစားကြပေမယ့်၊ သဘာဝတရားရဲ့ ဥပဒေကို ပြန်ဆိုအသုံးချမယ့် judicial agency မရှိတဲ့အတွက် နိုင်ငံတော်ဆိုတဲ့ အင်စတီကျူရှင်းတရပ် ပေါ်ထွက်လာတာဖြစ်ပြီး၊ social contract နှစ်ခု ဖြစ်တည်လာပါတယ်။ တခုကတော့ လူထုအကြားမှာ ဖြစ်ပြီး၊ နောက်တခုကတော့လူထုနဲ့ အစိုးရအကြားမှာ ဖြစ်ပါတယ်။ Rousseau ရဲ့ အဆိုအရ လူတယောက်ဟာ သူ့ရဲ့ အခွင့်အရေးတွေကို အများရဲ့ သဘောဆန္ဒ (General will of the People) အတွက် ဆုံးရှုံးခံလိုက်တဲ့အခါ social contract ဖြစ်တည်လာပါတယ်။
နိုင်ငံတော်ရဲ့ အခြေခံဖြစ်တည်မှုဟာ လူထုရဲ့ သဘောထားဆန္ဒဖြစ်ကြောင်း မီးမောင်းထိုးပြ ထားတဲ့အတွက် social contract theory ကို အရေးကြီးတဲ့ သီအိုရီတခုဖြစ်ကြောင်း ရေးသား ဖော်ပြကြပါတယ်။ ဒီမိုကရေစီသဘောတရားများရဲ့ အခြေခံဖြစ်ပြီး၊ ဘုရင်ဆီမှာ နတ်ဘုရားတွေက ပေးအပ်ထားတဲ့ divine rights တွေ ရှိတယ်ဆိုတဲ့ အယူအဆတွေကို အဆုံးသတ်စေခဲ့တဲ့ သီအိုရီတခုလဲ ဖြစ်ပါတယ်။ သို့ပေမယ့် အချို့သော နိုင်ငံရေးဒဿနိကဗေဒ ပညာရှင်တွေကတော့ ဒီသီအိုရီဟာ နိုင်ငံတော်ဆိုတာကို အဆုံးသတ်ခွင့်ကို ပြည်သူတွေဆီမှာ ပေးအပ်ထားတဲ့ သီအိုရီဖြစ်ပြီး၊ ပုန်ကန်ထကြွမှုတွေကို အားပေးထားတဲ့အတွက် အန္တရာယ်ရှိတဲ့ သီအိုရီတခုအဖြစ် သတ်မှတ် ပြောဆိုကြပါတယ်။
(ခ) Evolutionary theory
ဒီသီအိုရီဟာ နိုင်ငံတော်ဖြစ်တည်မှုသမိုင်းအစကို ဖော်ပြတဲ့ သီအိုရီတွေထဲမှာ သိပ္ပံနည်းကျအဖြစ်ဆုံး သီအိုရီတခုအဖြစ် လူအများက လက်ခံထားတဲ့ သီအိုရီဖြစ်ပါတယ်။ ဒီသီအိုရီအရ နိုင်ငံတော်ဆိုတာ ကာလတခုမှာ ပေါ်ပေါက်ခဲ့တာ မဟုတ်ပဲ၊ ဒီလိုပေါ်ပေါက်လာဖို့အတွက်လဲ အကြောင်းအရာ တခုတည်းက ဖြစ်ပွားစေခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတော်ဖြစ်တည်လာမှုဟာ evolutionary process ကြောင့်ဖြစ်ပြီး၊ ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်း များစွာ ရှိပါတယ်။ ထင်ရှားတဲ့ အကြောင်းရင်းတွေကတော့ လူသားတွေရဲ့ လူမှုသဘာဝ၊ သွေးသားတော်စပ်မှုနှင့် ဆွေမျိုးနီးစပ်ဖြစ်မှုများ၊ ဘာသာရေး ကိုးကွယ် ယုံကြည်မှု၊ စစ်အင်အား၊ စီးပွားရေးအကျိုးခံစားခွင့် နဲ့ နိုင်ငံရေးအရ ယုံကြည်ချက် တစုံတရာရှိမှု စတာတွေ ဖြစ်ပါတယ်။
(ဂ) Divine right theory
Divine Right Theory ရဲ့ အခြေခံသဘောတရားကတော့ ဘုရားသခင်ဟာ အချို့လူတွေကို အုပ်ချုပ်ခွင့် ပေးထားတယ် ဆိုတာပါပဲ။ ဒါကို "divine right of kings" လို့လဲ ခေါ်ဝေါ်ပါတယ်။ သီအိုရီအရ ဘုရင့်နေပြည်တော်ရဲ့ အုပ်ချုပ်ခွင့်ဟာ ဘုရားသခင်ဆီက တိုက်ရိုက်ဆင်းသက်လာတဲ့အတွက်၊ ဘုရင်တွေအနေနဲ့ ဘုရားသခင်အပေါ်မှာသာ တိုက်ရိုက်တာဝန်ခံမှုရှိရမှာ ဖြစ်ပြီး၊ ပြည်သူလူထုက အုပ်ချုပ်ခွင့်ပေးအပ်တဲ့ ဆန္ဒသဘောထားဟာ အရေးမကြီးဘူးလို့ ဆိုထားပါတယ်။ ဒါကြောင့် ဘုရင်ကို ဖယ်ရှားရန်ကြိုးစားတာ၊ ဘုရင့်အာဏာကို ကန့်သတ်ဖို့ကြိုးစားတာတွေဟာ ဘုရားသခင်ရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့အတွက် ကြီးမားသော ပြစ်မှုမြောက်တယ်လို့ ဆိုပါတယ်။ ဒီသီအိုရီဟာ နိုင်ငံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး ကာလရှည်လျားစွာ အသုံးပြုခဲ့တဲ့ doctrine ဖြစ်ပါတယ်။ ဒီသီအိုရီကို (၁၆၈၈-၈၉) ခုနှစ် Glorious Revolution ကာလမှာ အင်္ဂလန်နိုင်ငံမှာ စွန့်ပယ်ခဲ့ပြီး၊ အမေရိကန်နဲ့ ပြင်သစ် တော်လှန်ရေးတွေအပြီးမှာ ဒီသီအိုရီရဲ့သဘောတရားတွေ တစတစ အားနည်းလာခဲ့ရာက ၂၁ရာစု အစပိုင်းမှာတော့ အနောက်နိုင်ငံတွေအားလုံးက အသုံးပြုခြင်း လုံးဝမရှိတော့ပါဘူး။
(ဃ) Force theory
ဒီသီအိုရီက နိုင်ငံတော်ဆိုတာ အင်အားပြိုင်ဆိုင်မှုရဲ့ ရလဒ်အဖြစ် ပေါ်ထွက်လာတယ်လို့ အဆိုပြုထားပါတယ်။ ဒီသီအိုရီအရ ရှေးခေတ်လူ့အဖွဲ့အစည်းတွေမှာ အင်အားကြီးမားမှုက အလွန် အရေးကြီးပါတယ်။ ကိုယ်ကာယအားကြီးသူတွေဟာ သူ့အနီးမှာ လူအများဝန်းရံခစားလာအောင် ပြုလုပ်နိုင်ပြီး၊ အာဏာတည်ဆောက်လို့ရပါတယ်။ ယှဉ်ပြိုင်တိုက်ခိုက်အနိုင်ယူတဲ့နည်းလမ်းနဲ့ လူမျိုးစုတွေရဲ့ အုပ်ချုပ်သူ အကြီးအကဲတွေ ပေါ်ထွက်လာပါတယ်။ လူမျိုးစုတခုနဲ့ တခုတိုက်ခိုက်တဲ့ အခါမှာလဲ အင်အားကြီးသူတွေက အင်အားနည်းသူတွေကို လွှမ်းမိုးအနိုင်ယူနိုင်ပါတယ်။ ဒီလိုနဲ့
စစ်ပွဲတွေ ပေါ်ထွက်လာပြီး၊ မင်းဧကရာဇ်တွေ၊ နန်းတော်တွေ ပေါ်ထွက်လာပါတယ်။ နိုင်ငံတော်ဆိုတာကို အနိုင်ရတဲ့ လူမျိုးစုရဲ့ ခေါင်းဆောင်က သူအုပ်ချုပ်သိမ်းပိုက်ထားတဲ့ နယ်မြေကို အခြေခံပြီး တည်ထောင် ပါတယ်။ ဒီလိုတည်ထောင်ပြီးတဲ့အခါ နယ်မြေတွေ စုစည်းသိမ်းပိုက်ချိန်တုန်းက အသုံးပြုခဲ့တဲ့ စစ်အင်အားကို အသုံးချပြီး ပြည်သူ့ရေးရာတွေကို ထိန်းချုပ်ပါတယ်။ နောက်ပိုင်းမှာ ဒီလိုသဏ္ဍာန်နဲ့ ပေါ်ပေါက်လာတဲ့ နိုင်ငံတွေအချင်းချင်း တခုနဲ့တခုအသိအမှတ်ပြုရာက နိုင်ငံတော်တရပ်အဖြစ် ဆက်လက်တည်မြဲသွားပါတယ်။ နိုင်ငံတော်ပေါ်ပေါက်လာခြင်းရဲ့ သမိုင်းအစကို supreme force အဖြစ် ဒီသီအိုရီက သတ်မှတ်ထားပါတယ်။
အခုဆက်လက်ပြီး ခေတ်ပြိုင်သီအိုရီများကို ဖော်ပြပါမယ်။
(၂) ခေတ်ပြိုင်သီအိုရီများ
(က) Pluralist theory
လူ့အဖွဲ့အစည်းဆိုင်ရာ သီအိုရီ (Theory of society) ရှုထောင့်ကကြည့်မယ်ဆိုရင် Pluralism သဘောတရားက လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေမှာ အာဏာခွဲဝေမှု ကျယ်ပြန့်သွားကြောင်း ဖော်ညွန်းထားပါတယ်။ နိုင်ငံတော်ဆိုင်ရာ သီအိုရီ အနေနဲ့ ကြည့်မယ်ဆိုရင်တော့ Pluralism သဘောတရားက နိုင်ငံတော်တွေမှာ အုပ်စုတစုစုကို ဘက်လိုက်မှုမရှိကြောင်း အဆိုပြုထားပါတယ်။ Schwarzmantel က Pluralism သီအိုရီအရ နိုင်ငံတော်ဆိုတာလူ့အဖွဲ့အစည်းရဲ့ ကျေးကျွန် ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါ
တယ်။ ဒီသီအိုရီမှာ assumption နှစ်ခုရှိပါတယ်။
ပထမတခုက နိုင်ငံတော်ဆိုတာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရရဲ့ လက်အောက်မှာ ရှိပြီး၊ ရွေးကောက် တင်မြှောက်ခြင်း မခံထားရတဲ့ state bodies တွေဖြစ်တဲ့ စစ်တပ်၊ ရဲ၊ ပြည်သူ့ဝန်ထမ်းနဲ့ တရားစီရင်ရေးဝန်ထမ်းတွေဟာ နိုင်ငံရေးအရ neutral ဖြစ်ရပါမယ်။ ဒုတိယတခုကတော့ဒီမိုကရေစီဖြစ်စဉ်ဟာ ထိရောက်မှုရှိရမှာဖြစ်ပြီး၊ အများပြည်သူက ရွေးချယ်လိုက်တဲ့ အစိုးရရဲ့ political direction အတိုင်း နိုင်ငံတော်က လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။ ဒီသဘောတရားတွေအပေါ်မှာ အခြေခံပြီး၊ neopluralist theory of the state ကို ဖော်ထုတ်သူတွေလဲ ရှိလာပါတယ်။ Robert Dahl, Charles Lindblom နဲ့ J. Galbraith စတဲ့ သဘောတရားရေးရာ ပညာရှင်များက ခေတ်သစ်စက်မှု နိုင်ငံတွေရဲ့ ဖြစ်တည်မှုတွေဟာ ပိုမို ရှုပ်ထွေးပြီးလာကြောင်း လက်ခံယုံကြည် လာခဲ့ကြပါတယ်။ neopluralists တွေက စက်မှုနိုင်ငံတွေရဲ့ အစိုးရနဲ့ ဆက်နွယ်ပတ်သက်မှုတွေမှာ စီးပွားရေး လုပ်ငန်းတွေဟာ အခြားအုပ်စုတွေထက်ပိုပြီး အခွင့်ထူးခံ အခြေအနေတွေ ဖြစ်လာကြောင်း သတိပြုမိ လာကြပါတယ်။ (၁၉၇၇) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ In Politics and Markets ဆိုတဲ့ စာအုပ်ထဲမှာ Charles Lindblom က ဘယ်လိုအတွေးအခေါ်နဲ့ အိုင်ဒီရော်လော်ဂျီတွေရှိတဲ့ အစိုးရတွေကိုပဲ ဖြစ်ဖြစ်၊ ငွေရှင်ကြေးရှင်တွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေက တစုံတရာ လွှမ်းမိုးမှု ရှိလာကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။
(ခ) Capitalist theory
(၁၉၆၉) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ The State in Capitalist Society ဆိုတဲ့ စာအုပ်ထဲမှာ စာရေးသူMilibandက နိုင်ငံတော်ဆိုတာအုပ်ချုပ်တဲ့လူတန်းစားရဲ့ အေးဂျင့်တခုသာဖြစ်ကြောင်း ဆိုထားခဲ့ပြီး၊ အုပ်ချုပ်သူလူတန်းစားကို ရွေးချယ်ရာမှာ အခွင့်ထူးခံလူတွေနဲ့ အခွင့်ထူးခံ မဟုတ်သူတွေကို အချိုးကျကျ ရွေးချယ်ထားခြင်း မရှိတာကြောင့် နိုင်ငံတော်ဟာ အရင်းရှင်စနစ်ကို ဘက်လိုက်တဲ့ အင်စတီကျူရှင်းတခု ဖြစ်သွားရကြောင်း ဆိုထားပါတယ်။ အုပ်ချုပ်သူ လူတန်းစားထဲမှာ အရင်းရှင်လူတန်းစားရဲ့ ကိုယ်စားလှယ်တွေလို့ ဆိုနိုင်တဲ့ ဗျူရိုကရက်အရာရှိများ၊ ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေးသမားများ စတာတွေ အများအပြား ပါဝင်နေခဲ့ရင် နိုင်ငံတော်ဟာ အရင်းရှင်စနစ်ကို ဘက်လိုက်တဲ့ အေးဂျင့်တခုဖြစ်သွားနိုင်ကြောင်း ဆိုခဲ့ပါတယ်။
(၁၉၆၈) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Political Power and Social Classes စာအုပ်ကို ရေးသားခဲ့တဲ့ Poulantzas ကတော့ နိုင်ငံတော်ဟာ အလုပ်သမားလူတန်းစားကို ဒီမိုကရက်စီအခွင့်အရေးများ တိုးချဲ့ပေးအပ်ခြင်း၊ လူမှုဖူလုံရေး ၀န်ဆောင်မှုများ ပေးအပ်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိအောင် ပြုလုပ်ပေးပြီး၊ အရင်းရှင်လူတန်းစားကို အလုပ်သမားလူတန်းစားက တော်လှန်ဆန့်ကျင်ခြင်း မပြုစေရန် ထိန်းသိမ်းထားပေးတယ်လို့ ဆိုခဲ့ပါတယ်။ ဒီနည်းနဲ့ နိုင်ငံတော်ဟာ အရင်းရှင်စနစ်ရဲ့ ရေရှည် အကျိုးစီးပွားကို ကာကွယ်ပေးတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
(ဂ) Leviathan theory
ဒီသီအိုရီရဲ့ အခြေခံသဘောတရားကတော့ နိုင်ငံတော်ဆိုတာရဲ့ အခန်းကဏ္ဍကြီးထွားလာတဲ့အခါ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ စီးပွားရေးရာ လုံခြုံရေးကို ခြိမ်းချောက်နိုင်တယ်လို့ ဆိုတာပါတယ်။ ဒီသီအိုရီကို မော်ဒန်နိုင်ငံရေးမှာ New Right theory ဆက်စပ်နိုင်ပါတယ်။ New Right သီအိုရီကို လက်ခံသူများက နိုင်ငံတော်ရဲ့ ပါဝါတစထက်တစ ကြီးမားလာရခြင်းဟာ demand-side နဲ့ supply-side pressures တွေကြောင့်လို့ ဆိုထားပြီး၊ စီးပွားရေးရာ လုံခြုံရေးကို ထိခိုက်နိုင်ကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။ သူတို့ရဲ့ အဆိုအရ Demand-side pressures တွေဟာ လူ့အဖွဲ့အစည်းကနေ မွေးဖွားလာတာဖြစ်ပြီး၊ များသောအားဖြင့် ရွေးကောက် တင်မြှောက်တဲ့ ဒီမိုကရေစီ စနစ်ကနေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အရွေးခံရဖို့အတွက် နိုင်ငံရေးသမားတွေဟာ အစိုးရအသုံးစရိတ်တွေ တိုးမြှင့်ရေး၊ ဆင်းရဲနွမ်းပါးသူများ အတွက် social welfare programs များ တိုးမြှင့်ချမှတ်ရေး စတာတွေကို ကတိပေးကြပါတယ်။ ရေရှည်မှာကျတော့ ဒီမူဝါဒတွေဟာ အခွန်တိုးမြှင့်ကောက်ခံရခြင်းနဲ့ ငွေကြေးဖောင်းပွမှု မြင့်တက် လာခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ Supply-side pressures တွေကတော့ နိုင်ငံတော်ရဲ့ အင်စတီကျူရှင်းတွေနဲ့ ၀န်ထမ်းတွေဆီကနေ ပေါ်ထွက်လာတာဖြစ်ပါတယ်။
(ဃ) Patriarchal theory
Patriarchy ဆိုတာကို တိုက်ရိုက်ဘာသာပြန်ဆိုရင် ဖခင်မှ အုပ်စိုးခြင်း ဖြစ်ပါတယ်။ မိသားစုတွင်းမှာ ဖခင်နဲ့ ခင်ပွန်းတွေက ကလေးတွေနဲ့ ဇနီးသည်တွေကို ဦးဆောင်ပြီး၊ ကလေးတွေနဲ့ ဇနီးသည်တွေက ဖခင်နဲ့ ခင်ပွန်းတွေကို အရိုအသေပေး လိုက်နာရတဲ့ နောက်လိုက်တွေ ဖြစ်နေရင် ဒီမိသားစုမှာ Patriarchal စနစ်ကျင့်သုံးနေပြီလို့ ဆိုနိုင်ပါတယ်။ လူ့အဖွဲ့အစည်းအနေနဲ့မှာတော့ Patriarchy ဆိုတာကို အမျိုးသားများက အုပ်စိုးခြင်းလို့ သတ်မှတ်ပါတယ်။ ဆိုရှယ်လစ်အမျိုးသမီးဝါဒီ (Socialist Feminists) တွေက Patriarchy နဲ့ အရင်းရှင်စနစ် (Capitalism) ကို လူ့အဖွဲ့အစည်းကို စိုးမိုးနေတဲ့ စနစ်ဆိုးနှစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ကြပါတယ်။ Radical Feminists တွေက အမျိုးသားတွေ ဦးဆောင်အုပ်စိုးနေတဲ့ နိုင်ငံတော်မှာ ကျားမတန်းတူညီမျှမှု မရှိနိုင်ကြောင်းနဲ့ ကျားမခွဲခြားမှုဟာ စနစ်တကျ ပုံသွင်းထားမှုရှိနေကြောင်း ရှုမြင်ကြပါတယ်။
လက်ဝဲအမျိုးသမီးဝါဒီတွေက အစဉ်အလာဓလေ့ထုံးစံတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေကို သမီးတွေ၊ ဇနီးသည်တွေ၊ မိခင်တွေအဖြစ် အိမ်မှုကိစ္စတာဝန်တွေ၊ မိသားစုတာဝန်တွေထဲမှာ နှစ်မြှုပ်ထားကြပြီး၊ နိုင်ငံရေးနဲ့ စီးပွားရေးရာတွေမှာ အမျိုးသမီးတွေရဲ့ ပါဝါကြီးထွားလာမှုကို ပိတ်ဆို့လေ့ရှိကြောင်းနဲ့ နိုင်ငံတော်ကို အမျိုးသားတွေက အုပ်စိုးခွင့်ရရေးကိုသာ လုပ်လေ့ရှိကြောင်း ယုံကြည်လက်ခံထားကြပြီး၊ နိုင်ငံတော်ဆိုတာကို အမျိုးသားတွေကပဲ operate လုပ်နေခဲ့ရင် အမျိုးသားတွေအတွက်ပဲ လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို လက်ခံစရာ မလိုအပ်ကြောင်း ထောက်ပြခဲ့ကြပါတယ်။
(၃) Critical theories of the State
(က) Marxism
(၁၈၄၈) ခုနှစ်မှာ ထုတ်ဝေတဲ့ ကွန်မြူနစ်ကြေငြာစာတမ်းမှာ Marx နဲ့ Engels တို့က မော်ဒန်နိုင်ငံတော်ကို အုပ်ချုပ်တဲ့အစိုးရဆိုတာ အရင်းရှင်တွေရဲ့ ဘုံအကျိုးစီးပွားတွေကို စီမံခန့်ခွဲပေး နေရတဲ့ ကော်မတီတရပ်သာဖြစ်တယ်လို့ ဆိုထားပါတယ်။ မတ်စ်ဝါဒီတွေက နိုင်ငံတော်ကို ရှုမြင်သုံးသပ်ရာမှာ instrumentalist approach ကို အသုံးပြုလေ့ရှိပါတယ်။ instrumentalist approach ရဲ့ အခြေခံကတော့ ခေတ်သစ်အရင်းရှင်တွေဟာ အရင်းရှင်တွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ရေရှည်ကိုယ်စားပြုတဲ့ ပြည်သူ့ရေးရာမူဝါဒတွေကို ရေးဆွဲနိုင်စွမ်းရှိပြီး၊
 နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးအင်စတီကျူရှင်းတွေက ဒီလိုမူဝါဒတွေကို ပြဌာန်းလာအောင်၊ လက်ခံကျင့်သုံးလာအောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ခေတ်သစ်နိုင်ငံတော်ဟာ အရင်းရှင် လူတန်းစားရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ခံထားရတဲ့အတွက် အရင်းရှင်လူတန်းစားရဲ့ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနေတာဖြစ်တယ်လို့ ယူဆကြပါတယ်။
(ခ) Neo-Marxism
Neo-Marxists တွေက နိုင်ငံတော်ကို ရှုမြင်သုံးသပ်ရာမှာ structuralist approach ကို အသုံးပြုလေ့ရှိပါတယ်။ Structuralists approach အရ နိုင်ငံတော်ဟာ စီးပွားရေးတည်ငြိမ်မှုနဲ့ အရင်းရှင်လူ့အဖွဲ့အစည်းတွေရဲ့ class struggles တွေအကြားမှာ ညှိနှိုင်းဖို့အတွက် နိုင်ငံရေးအရ ပါဝင်ပတ်သက်ရမယ်လို့ ဆိုထားပါတယ်။ Ernest Mandel ရဲ့ structuralist thesis အရ နိုင်ငံတော်ရဲ့ အဓိကတာဝန်ဟာ အရင်းရှင်လူ့အဖွဲ့အစည်းရဲ့ လူမှုဖွဲ့စည်းပုံကို ကာကွယ်ဖို့နဲ့ ပြန်လည်ပြင်ဆင်ရေး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့ နိုင်ငံတော်ရဲ့ အင်စတီကျူးရှင်းတွေကို သူတို့ရဲ့
အဓိကတာဝန်ဖြစ်တဲ့ အရင်းရှင်စနစ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး တာဝန်ကို ကြည့်ပြီး၊ အရင်းရှင်စနစ်ရဲ့ အေးဂျင့်တွေအဖြစ် ယူဆနိုင်ကြောင်း Neo-Marxists တွေက လက်ခံထားကြပါတယ်။ Jill S. Quadagno က နိုင်ငံတော်ဟာ အရင်းရှင်တွေရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းဖို့ mediating body အနေနဲ့ တည်ရှိနေခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။
(ဂ) Post-Marxism
Post-Marxism ရဲ့ သီအိုရီဆိုင်ရာ ရည်မှန်းချက်က အရင်းရှင်နိုင်ငံများရဲ့ မူဝါဒရေးရာ စွမ်းဆောင်ရည် အားနည်းချက်များကို မီးမောင်းထိုးပြတဲ့ အရင်းရှင်နိုင်ငံတော်ဆိုင်ရာ သီအိုရီတရပ် ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ Marxist နဲ့ neo-Marxist သီအိုရီတွေက နိုင်ငံတော်ဆိုတာကို အရင်းရှင်စနစ် တည်ငြိမ်အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အေးဂျင့်အနေနဲ့သုံးသပ်မှုတွေ လုပ်ပေမယ့် Post-Marxism ကတော့ အရင်းရှင်လူ့အဖွဲ့အစည်းရဲ့ နှောင်းပိုင်းကာလတွေမှာ ကြုံတွေ့ရတဲ့ crisis tendencies ကို အာရုံထားပါတယ်။ Post-Marxists တွေက နိုင်ငံတော်ကို ရှုမြင်သုံးသပ်ရာမှာ organizational realist approach ကို အသုံးပြုလေ့ရှိပါတယ်။ organizational realists တွေက နိုင်ငံတော်ဆိုတာကို နယ်မြေပိုင်နက်နဲ့ ပြည်သူလူထုကို ထိန်းချုပ်ဖို့နဲ့ နိုင်ငံရေးအာဏာကျင့်သုံးဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတရပ်အနေနဲ့ မြင်ပါတယ်။ organizational realism ရဲ့ အခြေခံသဘောတရားက နိုင်ငံတော်ကို စီမံခန့်ခွဲသူများဟာ self-interested maximizers များဖြစ်ပြီး၊ သက်ဆိုင်ရာ အင်စတီ ကျူရှင်းရဲ့ ပါဝါကြီးထွားရေး၊ ထင်ပေါ်ကျော်ကြားရေး၊ ချမ်းသာကြွယ်ဝရေးအတွက် လုပ်ဆောင် သူများဖြစ်တယ်ဆိုတဲ့ အမြင်ကို အခြေခံထားပါတယ်။ organizational realists တွေက နိုင်ငံတော် ဆိုတာကို ဆုံးဖြတ်ချက်ချမှတ်တဲ့ အစုအဖွဲ့တွေတင်မဟုတ်ပဲ autonomous organizational actor အဖြစ် သတ်မှတ်ထားပါတယ်။
နိုင်ငံတော်၏ အခန်းကဏ္ဍ
နိုင်ငံတော်နဲ့ ပတ်သက်ပြီး အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ သီအိုရီသဘောတရားတွေမှာ ကွဲပြား ခြားနားမှုရှိသလိုပဲ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍ (The role of the state) နဲ့ ပတ်သက်ပြီးတော့လဲ ကွဲပြားတဲ့အမြင်တွေ ရှိပါတယ်။ မင်းမဲ့ဝါဒီတွေ (anarchists) ကလွဲရင် နိုင်ငံရေးတွေးခေါ်လေ့လာသူ အများစုက နိုင်ငံတော်ဆိုတာ အတိုင်းအတာတခုအထိ လိုအပ်ကြောင်း လက်ခံထားကြပါတယ်။ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍတွေ အပေါ်မှာ အခြေခံပြီး နိုင်ငံတော်ပုံသဏ္ဍာန် (state forms) တွေကို minimal state, developmental state, social-democratic state, collectivized state နဲ့ totalitarian state ဆိုပြီး သဏ္ဍာန် (၅) မျိုး ခွဲခြားထားပါတယ်။
(၁) Minimal State
Minimal State ဆိုတာ လစ်ဘရယ်ဝါဒီတွေ မျှော်မှန်းထားတဲ့ နိုင်ငံတော်သဏ္ဍာန် ဖြစ်ပါတယ်။ Minimal State မှာ လူတဦးချင်းစီဟာ လွတ်လပ်မှုကို အကျယ်ပြန့်ဆုံးခံစားရနိုင်တဲ့ အခွင့်အလမ်းတွေ ရှိမှာ ဖြစ်ပါတယ်။ ဒီအမြင်အရ နိုင်ငံတော်ဆိုတာ ကာကွယ်စောင့်ရှောက်ရေးအစု တခုသာဖြစ်ပြီး၊ နိုင်ငံတော်ရဲ့ အဓိကတာဝန်ဟာ peace and social order ကို ထိန်းသိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။ John Locke ရဲ့ အင်မတန်ကျော်ကြားလှတဲ့ အဆိုအမိန့်အရဆိုရင် နိုင်ငံတော်ဆိုတာ nightwatchman ပဲ ဖြစ်ပါတယ်။ လိုအပ်လာတဲ့အခါ ပြည်သူလူထုကို ၀န်ဆောင်မှုပေးရမှာ ဖြစ်ပါတယ်။ Minimal State ရဲ့ တာဝန်သုံးရပ်ကို နိုင်ငံရေးပညာရှင်များက ဖော်ပြထားကြရာမှာ ပထမတာဝန်က ပြည်တွင်းတရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရန်ဖြစ်ပြီး၊ ဒုတိယတာဝန်ကတော့ နိုင်ငံသားတွေအကြားမှာ ချုပ်ဆိုတဲ့ contract တွေကို လိုက်နာစေရန်ဖြစ်ပါတယ်။ တတိယတာဝန်ကတော့ ပြည်ပရန်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ ထင်ရှားတဲ့ Minimal State တွေကတော့ ၁၉ရာစုခေတ်စက်မှုတော်လှန်ရေး ကနဦးပိုင်းကာလက အမေရိကန်နိုင်ငံနဲ့ ယူကေနိုင်ငံတို့ပဲဖြစ်ပါတယ်။
(၂) Developmental State
Developmental State ဆိုတာ စက်မှုကဏ္ဍတိုးတက်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် economic life ထဲမှာ နိုင်ငံတော်က ၀င်ရောက်ပါဝင်ပတ်သက်တဲ့ နိုင်ငံသဏ္ဍာန် ဖြစ်ပါတယ်။ ဒီလို စွက်ဖက်မှုဆိုရာမှာ ဆိုရှယ်လစ်စနစ်သဏ္ဍာန်လိုမျိုး ဈေးကွက်ကို နိုင်ငံတော်က ထိန်းချုပ်တာနဲ့ မတူပါဘူး။ နိုင်ငံတော်နဲ့ အရေးကြီးတဲ့ economic interests တွေအကြားမှာ ပူးတွဲဆောင်ရွက်တာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဥပမာကတော့ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးကာလမှာ ဂျပန်နိုင်ငံရဲ့ Ministry of International Trade and Industry (MITI) နဲ့ Bank of Japan တို့က ပရိုက်ဗိတ်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ ၀င်ရောက်ကူညီပေးပြီး၊ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ဦးမော့လာအောင် ဆောင်ရွက်ခဲ့ပါတယ်။
အလားတူပါပဲ။ ပြင်သစ်နိုင်ငံမှာလဲ လက်ဝဲ၊ လက်ယာ အစိုးရတွေ အားလုံးက စီးပွားရေးစီမံကိန်းတွေ လိုအပ်ကြောင်း အသိအမှတ်ပြုထားကြပြီး၊ state bureaucracy ကို တိုင်းပြည်ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့ custodian အဖြစ် သတ်မှတ်ထားပါတယ်။ သြစတြီးယားနဲ့ ဂျာမဏီနိုင်ငံတွေမှာလဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်နဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ အကြား ပူးတွဲဆောင်ရွက်တဲ့ 'partnership state' သဏ္ဍာန်ကို အသုံးပြုခဲ့ကြပါတယ်။ အာရှကျား နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာလဲ transnational competition အတွက် နိုင်ငံတော်က စီးပွားရေးမဟာဗျူဟာများ ရေးဆွဲချမှတ်ပေးခဲ့တာတွေ ရှိပါတယ်။
(၃) social-democratic state
Developmental state မှာ နိုင်ငံတော်ရဲ့ ၀င်ရောက်ပါဝင်ပတ်သက်မှုဟာ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အတွက် ဖြစ်ပြီး၊ social-democratic state မှာ နိုင်ငံတော်ရဲ့ ၀င်ရောက်ပါဝင်ပတ်သက်မှုဟာ တရားမျှတမှု၊ ညီမျှမှုနဲ့ social justice တို့အပေါ်မှာ အခြေခံတဲ့ social restructuring အတွက် ဖြစ်ပါတယ်။ သြစတြီးယားနဲ့ ဆွီဒင်နိုင်ငံတို့မှာ နိုင်ငံတော်ရဲ့ ၀င်ရောက်ပါဝင်ပတ်သက်မှုကို developmentalism နဲ့ social-democracy နှစ်မျိုးစလုံးက လမ်းညွှန်ထားပါတယ်။ social-democratic state ဟာ မော်ဒန်လစ်ဘရယ်ဝါဒီတွေနဲ့ ဒီမိုကရက်တစ် ဆိုရှယ်လစ်များက ရည်မှန်းတဲ့ နိုင်ငံတော် သဏ္ဍာန် ဖြစ်ပါတယ်။ social-democratic state ရဲ့ အဓိကသွင်ပြင် လက္ခဏာနှစ်ရပ်ကတော့ Keynesianism နဲ့ social welfare မူဝါဒတွေ ဖြစ်ပါတယ်။ Keynesianism မူဝါဒ ရဲ့ ရည်မှန်းချက်က စီးပွားရေးတိုးတက်မှုနဲ့ အလုပ်အကိုင်မြင့်မားမှုအတွက် အရင်းရှင်စနစ်ကို စီမံခန့်ခွဲရန် ဖြစ်ပါတယ်။ social welfare မူဝါဒတွေ ကျင့်သုံးလာရခြင်းဟာ ပြည်သူလူထုရဲ့ social-well beings ကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့်လဲ social-democratic state ကို လူတဦးချင်းရဲ့ ဘ၀တွေကို မြှင့်တင်ပေးနိုင်တဲ့ 'enabling state' လို့ သတ်မှတ်ကြပါတယ်။
(၄) Collectivized state
Developmental state နဲ့ social-democratic state တွေက စီးပွားရေးဘ၀မှာ ၀င်ရောက် ပါဝင်ပတ်သက်မှုတွေ ပြုလုပ်တာဖြစ်ပေမယ့်၊ Collectivized states ကတော့ စီးပွားရေးဘ၀ တခုလုံးကို နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ သွတ်သွင်းလိုက်တာဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုနဲ့ အရှေ့ဥရောပနိုင်ငံတွေမှာ ဒီလို နိုင်ငံတော်သဏ္ဍာန်တွေ ရှိခဲ့ပါတယ်။ ဒီလိုနိုင်ငံတော်တွေမှာ command economy စနစ်များ ကျင့်သုံးလေ့ရှိပါတယ်။
(၅) Totalitarian state
လူမှုဘ၀နဲ့ စီးပွားရေးဘ၀တွေမှာ နိုင်ငံတော်ကအလုံးစုံ ၀င်ရောက်ပါဝင်ပတ်သက်တဲ့ နိုင်ငံတော် သဏ္ဍာန် ဖြစ်ပါတယ်။ စီးပွားရေးရာမှာတင် မဟုတ်ပဲ ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ မိသားစုဘ၀ စတဲ့ အရာအားလုံးကို နိုင်ငံတော်က ထိန်းချုပ်ထားပါတယ်။ Totalitarian state မှာ ပြည်သူလူထုရဲ့ လှုပ်ရှားမှုတွေဟာ အမြဲတစေ စောင့်ကြည့်ခံရပြီး၊ စစ်တပ်နဲ့ ရဲတွေက လူထုကို ခြိမ်းချောက်တဲ့ နိုင်ငံတော်ယန္တရားတွေ ဖြစ်နေတတ်ပါတယ်။ ထင်ရှားတဲ့ ဥပမာတွေအဖြစ် ဟစ်တလာရဲ့ ဂျာမဏီ နဲ့ စတာလင်ရဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ကို ဥပမာပေးလေ့ရှိကြပါတယ်။
နိုင်ငံတော်နှင့် ဂလိုဘယ်လိုင်ဇေးရှင်း
ဂလိုဘယ်လိုင်ဇေးရှင်းဖြစ်စဉ် စတင်လာချိန်မှာ ဂလိုဘယ်လိုင်ဇေးရှင်းရဲ့ နိုင်ငံတော်အပေါ် သက်ရောက် မှုတွေနဲ့ ပတ်သက်ပြီး သီအိုရီတွေ ပေါ်ထွက်လာပါတယ်။ ဂလိုဘယ်လိုင်ဇေးရှင်းဟာ တိုင်းပြည်တွေရဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ထိန်းချုပ်မှုတွေ ရှိလာတယ်လို့ အချို့က ယူဆကြပါတယ်။ စီးပွားရေးရာ ဂလိုဘယ်လိုင်ဇေးရှင်း (economic globalization) ဟာ လှုပ်ရှား သွားလာနေတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေကို နိုင်ငံငယ်တွေရဲ့ နိုင်ငံရေးအာဏာရှိသူတွေရဲ့ upper hand ကို ပို့ဆောင်ပေးလိုက်တယ်လို့လဲ ယူဆချက်တွေ ပေါ်ထွက်လာပါတယ်။
(၁) Hyperglobalization thesis
Hyperglobalization thesis ရဲ့ အခြေခံသဘောတရားကတော့ အရင်းအနှီးများ ရွေ့လျားမှု (mobility of capital) ပဲ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးမှာ ပြည်ပကုန်သွယ်ရေးမရှိတဲ့ closed national economies တွေမှာ အရင်းအနှီးတွေက ပြည်ပကို ရွေ့လျားမှု မရှိပါဘူး။ ပြည်တွင်းမှာပဲ ရွေ့လျားစီးဆင်းနေပါတယ်။ ထွက်ပေါက်မရှိပါဘူး။ အစိုးရတွေကနေ အခွန်နှုန်း မြင့်မားစွာ ကောက်ခံလို့ ရပါတယ်။ open economy တွေမှာကျတော့ အရင်းအနှီးတွေက တိုင်းပြည်ရဲ့ ပြင်ပကို စရိတ် အနည်းဆုံးနဲ့ စီးဆင်းသွားနိုင်ပါတယ်။
တိုင်းပြည်တွေရဲ့ ကွဲပြားခြားနားတဲ့ အခွန်ကောက်ခံမှု စနစ်တွေကို ကစားပြီး ရင်းနှီးမြှုပ်နှံမှုကနေတဆင့် အမြင့်ဆုံး rate of return ရှိလာအောင် လုပ်ယူလို့ ရလာပါတယ်။ အခွန်ကောက်ခံမှုနှုန်းများတဲ့ နိုင်ငံတွေကနေ နည်းပါးတဲ့ နိုင်ငံတွေကို ရွှေ့ပြောင်းလို့ ရပါတယ်။ ထိန်းချုပ်မှုများတဲ့ အလုပ်သမား ဈေးကွက်ကနေ ထိန်းချုပ်မှုနည်းတဲ့ ဈေးကွက်ကို ရွှေ့ပြောင်းလို့ရလာပါတယ်။ ဒီလို အရင်းအနှီးတွေကို ရွေ့လျားနေခြင်းကြောင့် ဆုံးရှုံးနစ်နာမှုကလဲ နည်းပါးပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုတ်သိမ်းခြင်း (disinvestment) ရဲ့ costs ကလဲ သုညနီးနီးဖြစ်ပါတယ်။
ဒီအခါမှာ တိုင်းပြည်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်တဲ့ နိုင်ငံတွေဖြစ်အောင် ပြိုင်ဆိုင်ကြ ရပါတယ်။ တဖြည်းဖြည်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (foreign direct investment) (FDI) အပေါ်မှာ နိုင်ငံတော်က မှီခိုလာရပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အခြားနိုင်ငံကို ရွှေ့ပြောင်း မသွားအောင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ဖန်တီးပေးလာရပါတယ်။ Neo-Darwinian survival of the fittest သဘောတရားအရ နိုင်ငံတော်ဟာ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်မှုတွေ၊ တင်းကြပ်မှုမရှိတဲ့ အလုပ်သမား ဈေးကွက်တွေနဲ့ ပျော့ပျောင်းညင်သာတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေကို ဖန်တီးပြီး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တည်တံ့ခိုင်မာလာအောင် လုပ်ဆောင်လာရပါတယ်။ ဒီအခါမှာ နိုင်ငံတော်ရဲ့ တာဝန်ဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ မဟုတ်တော့ပဲ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်သွားပါတယ်။
(၂) Dual Convergence thesis
Hyperglobalization thesis က ရိုးရှင်းတဲ့ convergence ကိုသာ ဖော်ပြထားပါတယ်။ နိုင်ငံတိုင်းရဲ့ စီးပွားရေးအဆောက်အအုံတွေဟာ ဂလိုဘယ်လိုင်ဇေးရှင်းကြောင့် ပေါ်ပေါက်လာတဲ့ ဘုံဖိအားတွေကို ကြုံတွေ့ကြရပြီး၊ နိုင်ငံတော်အနေနဲ့ အမှီအခိုကင်းတဲ့ mediating role မရှိပါဘူး။ ဒါကြောင့် convergence ဟာ ပြီးပြည့်စုံနဲ့ သတင်းအချက်၊ ဆီလျော်မှုရှိတဲ့ လှုပ်ရှားမှုနဲ့ Darwinian competition တို့ တည်ရှိတယ်လို့ assumption ထားပါတယ်။ institutions တွေကို ထည့်သွင်းစဉ်းစားခြင်း မပြုပါဘူး။ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စု စတဲ့ လစ်ဘရယ်စီးပွားရေး အဆောက်အအုံတွေကို ကိုယ်စားပြု ပါတယ်။
Dual Convergence thesis ကတော့ ဂလိုဘယ်လိုင်ဇေးရှင်းကို နိုင်ငံတော်က တုန့်ပြန်ရာမှာ mediating role အဖြစ် ပါဝင်တဲ့ institutions တွေကို ထည့်သွင်းစဉ်းစားထားပါတယ်။ ဂလိုဘယ်လိုင်ဇေးရှင်းက ဘုံဖိအားတွေကို ပေါ်ထွက်လာစေချိန်မှာ ဒါတွေကို အင်စတီကျူးရှင်းတွေက refracted လုပ်ပြီး၊ dual convergence ဖြစ်ပွားစေတယ်လို့ ယူဆပြီး၊ ဆွီဒင်နဲ့ နယ်သာလန်နိုင်ငံ စတဲ့ Coordinated Market Economies တွေမှာ ဖြစ်ပွားလေ့ရှိတယ်လို့ ဆိုထားပါတယ်။ ဂလိုဘယ် လိုင်ဇေးရှင်းက အင်စတီကျူရှင်းတွေကို ပေးလေ့ရှိတဲ့ ဖိအားတွေကတော့ ဘတ်ဂျက်စီမံခန့်ခွဲမှု၊ အလုပ်သမားဈေးကွက်နဲ့ ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားတွေပဲ ဖြစ်ပါတယ်။
(၃) ကမ္ဘာ့ရေးရာပြဿနာများနှင့် နိုင်ငံတော်စွမ်းပကား
Hyperglobalization thesis နဲ့ Dual Convergence thesis တွေဟာ convergence ကိုသာ principal actor အဖြစ် သတ်မှတ်ထားတယ်လို့ ငြင်းဆိုချက်များ ထွက်လာပြီး၊ စီးပွားရေးရာ ဂလိုဘယ်လိုင်ဇေးရှင်း
ကိုသာ လက်ရှိနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံတော်ရဲ့ စွမ်းပကားနဲ့ အချုပ်အခြာအာဏာဆိုင်ရာ အခန်းကဏ္ဍ လျော့ကျလာခြင်းရဲ့ key determinant အဖြစ် သတ်မှတ်ချက်တွေ ပေါ်ထွက်လာပါတယ်။ ဂလိုဘယ်လိုင်ဇေးရှင်းကနေ ပေါ်ထွက်လာတဲ့ ကမ္ဘာ့ရေးရာ ပြဿနာတွေကို နိုင်ငံတော်ဆိုတဲ့ နိုင်ငံရေးယူနစ်တခုတည်းနဲ့ ဖြေရှင်းနိုင်ဖို့ စွမ်းပကားတွေ လျော့ကျလာကြောင်း ထောက်ပြ ပြောဆိုချက်တွေ ရှိလာပါတယ်။ ဒီလို ထောက်ပြချက်တွေထဲမှာ ထင်ရှားတာကတော့ tragedy of the commons ပဲ ဖြစ်ပါတယ်။
ပထမဦးဆုံး ထောက်ပြတာကတော့ Garrett Hardin ဆိုသူဖြစ်ပြီး၊ တိုင်းပြည်တွေနဲ့ စီးပွားရေးကော်ပိုရေးရှင်းတွေအနေနဲ့ unilateral environmental action တွေကို တာဝန်မယူပဲ၊ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် environmental degradation ပြဿနာကို ရင်ဆိုင်ရမှာဖြစ်ကြောင်း (၁၉၆၈) ခုနှစ်မှာ ရေးသားတင်ပြခဲ့ဖူးပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် နိုင်ငံတွေက လိုက်နာရမယ့် စည်းမျဉ်းတွေကို ဖော်ဆောင်ပေးမယ့် နိုင်ငံတကာ အေဂျင်စီ တခုလိုအပ်ပါတယ်။
နိုင်ငံတော်ဆိုတဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ဒီလိုနိုင်ငံတကာ အေဂျင်စီက ချမှတ်လိုက်တဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့က နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချလိုက်ရသလို ဖြစ်နေပါတယ်။ သို့ပေမယ့် ဂလိုဘယ်လိုင်ဇေးရှင်းက မြှင့်တင်ပေးလိုက်တဲ့ ဒီလိုကမ္ဘာ့ရေးရာ ပြဿနာတွေကို နိုင်ငံတော်စွမ်းပကား တခုတည်းနဲ့ကလဲ ဖြေရှင်းလို့ မရနိုင်ဘူး ဖြစ်လာပါတယ်။ ကမ္ဘာ့ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အခါ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးရာတွေမှာ catastrophe ဖြစ်လာပါတော့တယ်။
(၄) New medievalism
New medievalism ဆိုတဲ့ သဘောတရားကို Hedley Bull ဆိုသူက The Anarchical Society ဆိုတဲ့စာအုပ်ထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။ globalised world ဖြစ်လာတာနဲ့အမျှ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာက လျော့နည်းလာပြီး၊ နိုင်ငံတကာစနစ်ဟာ နိုင်ငံရေးလုပ်ပိုင်ခွင့် အာဏာတွေကို ဘာသာရေးအဖွဲ့အစည်းတွေ၊ အင်ပါယာတွေ၊ မြို့ပြနိုင်ငံတွေ စတဲ့ non-territorial and overlapping agents တွေက ကျင့်သုံးတဲ့ medieval ပုံစံနဲ့ ဆင်တူလာကြောင်း New medievalism က ဖော်ပြထားပါတယ်။
New medievalism သဘောတရားရဲ့ ဥပမာတွေကတော့ အီးယူ၊ အာဆီယံစတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများရဲ့ အင်အားကြီးမားလာမှုနဲ့ စကော့တလန်၊ Catalonia စတဲ့ sub-national governments တွေ ပေါ်ထွက်လာခြင်းပဲ ဖြစ်ပါတယ်။ ကြေးစားစစ်တပ်ကုမ္ပဏီများ၊ နိုင်ငံတကာ
 ကော်ပိုရေးရှင်းများနဲ့ ကမ္ဘာ့ဘာသာရေးလှုပ်ရှားမှုများ ပေါ်ထွက်လာခြင်းဟာလဲ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို လျော့ကျလာစေပါတယ်။
New medievalists တွေက ဂလိုဘယ်လိုင်ဇေးရှင်းဖြစ်စဉ်ဟာ ကမ္ဘာ့အုပ်စိုးမှုစနစ် (global governance) ကို ပေါ်ထွက်လာစေတယ်လို့ ဆိုကြပါတယ်။ နိုင်ငံအချင်းချင်း မဟာမိတ်ပြုထားတဲ့ အဖွဲ့အစည်း (ဥပမာ- ဥရောပသမဂ္ဂ၊ အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ စသည်များ) တွေ ကမ္ဘာ့ပြဿနာရပ်များကို ပူးပေါင်းဖြေရှင်းရာက ပေါ်ထွက်လာတဲ့ ပရိုက်ဗိတ် ပါဝါက နိုင်ငံတော်ပါဝါထက် ပိုပြီး အင်အားကြီးမားလာကြောင်း ထောက်ပြပြောဆိုကြပါတယ်။
နိုင်ငံတော်ကျရှုံးခြင်း (state failure)
နိုင်ငံတော်ဆိုတဲ့ သဘောတရားပေါ်မှာ အခြေခံပြီး၊ နိုင်ငံတော်တွေ တည်ထောင်လာကြတာကြောင့် ကမ္ဘာပေါ်မှာ နိုင်ငံတော် အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ အချို့နိုင်ငံတော်တွေက အင်အားကြီးမားလာပြီး အင်အားကြီးမားသောနိုင်ငံများ (strong states) တွေ ဖြစ်လာကြသလို၊ အချို့ နိုင်ငံတော်တွေကျ တော့ အားနည်းသော နိုင်ငံများ (weak states) တွေ ဖြစ်လာပါတယ်။ အချို့နိုင်ငံတော်တွေ ကျတော့လဲ ကျရှုံးသော နိုင်ငံများ (failed states) တွေ ဖြစ်သွားကြပြီး၊ နိုင်ငံအချို့ကတော့ ပြိုလဲသောနိုင်ငံများ (collapsed states) တွေ ဖြစ်သွားကြပါတယ်။ အချို့နိုင်ငံတွေဟာဆိုရင် အားကြီးသော နိုင်ငံအဆင့်ကို မရပဲ၊ လွတ်လပ်ရေးရစကတည်းက အားနည်းသောနိုင်ငံအဆင့်မှာပဲ ရှိပြီး၊ တဖြည်းဖြည်းနဲ့ ကျရှုံးသော နိုင်ငံအဆင့်ကို ရွေ့လျောသွားရာကနေ ပြိုလဲမှုအထိ ဖြစ်သွားတာတွေလဲ ရှိပါတယ်။ အချို့နိုင်ငံတွေ ကျတော့လဲ အားနည်းသောနိုင်ငံအဆင့်မှာပဲ ဆယ်စုနှစ်ပေါင်းများစွာ ရပ်တန့်နေပါတယ်။ဆိုမားလီးယား၊ကွန်ဂို၊လိုက်ဘေးရီးယားနဲ့ ဘော့စနီးယားစတဲ့ နိုင်ငံတွေဟာ ကျရှုံးပြီး၊ ပြိုလဲသွားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ ဗဟိုအစိုးရရဲ့ ရပ်တည်နိုင်မှု ရပ်တန့်သွားပြီး၊ ပြည်သူလူထု အပေါ်မှာ အစိုးရတာဝန်ကျေပြွန်အောင် ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
နိုင်ငံတော်ကို တာဝန်ယူထားရတဲ့ အစိုးရတရပ်ဟာ ပြည်သူလူထုအတွက် ပံ့ပိုးပေးရမယ့် လုပ်ငန်းတာဝန် တွေကို မထမ်းဆောင်နိုင်တဲ့အခါ နိုင်ငံတော်အားနည်းခြင်းနဲ့ ကျရှုံးခြင်းတွေ ဖြစ်ပွားတတ်ပါတယ်။ ဒီလိုအားနည်းခြင်းနဲ့ ကျရှုံးခြင်း ဖြစ်လာတဲ့ လက္ခဏာရပ်တွေကတော့ စီးပွားရေးတည်ငြိမ်မှုမရှိခြင်း၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အားနည်းခြင်း၊ ရာဇ၀တ်မှုနှင့် အကြမ်းဖက်မှုများ ထူပြောခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာရပ်တွေရှိနေတဲ့ နိုင်ငံတွေမှာ အစိုးရရဲ့ ဖိနှိပ်မှု ယန္တရား ကပါ ပေါင်းစပ်လာတဲ့အခါ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ထွက်လာတတ်ပါတယ်။ ဒီလို ပဋိပက္ခတွေ ဖြစ်ပွားရာက စစ်ပြေးဒုက္ခသည်များ များပြားလာခြင်း၊ ရေရှည်အစာရေစာ ပြတ်လပ်မှု ဖြစ်ခြင်း၊ စီးပွားရေးအဆောက်အအုံပြိုလဲခြင်း၊ ပြည်သူအများ သေကြေပျက်စီးခြင်း၊ ရောဂါဘယဆိုးများ တိုးပွားခြင်း စတာတွေပါ ထပ်ဆင့်ဖြစ်ပွားလာတတ်ပါတယ်။ အဆိုပါအခြေအနေမှာ သက်ဆိုင်ရာ အစိုးရတွေက ဖိနှိပ်မှုယန္တရားကို ရပ်တန့်ပြီး၊ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုမရှိရင် နိုင်ငံတော်ဟာ failed states အဆင့်ကို ရောက်သွားရာက၊
collapsed states အထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှု စွမ်းရည် နဲ့ နိုင်ငံတော်ကျရှုံးမှုဟာ တိုက်ရိုက် ဆက်စပ်မှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။
နိုင်ငံတော်ကျရှုံးခြင်းကို လေ့လာတဲ့ နိုင်ငံရေးပညာရှင်တွေက ရှုထောင့်သုံးမျိုးကနေ လေ့လာ ထားကြပါတယ်။ ပထမရှုထောင့်ကတော့ နိုင်ငံတကာစနစ်မှာ ဖြစ်ပွားနေတဲ့ macro-level changes တွေကို အာရုံစိုက်ပြီး၊ ဒုတိယရှုထောင်ကတော့ နိုင်ငံတော်- လူ့အဖွဲ့အစည်းတို့အကြားက ဆက်ဆံရေး (state–society relations) ကို အထူးပြုလေ့လာထားပါတယ်။ တတိယရှုထောင့်ကတော့ အုပ်စုများ အကြားက မဟာဗျူဟာဆက်နွယ်မှု (micro-level strategic interactions) တွေကို အာရုံစိုက် ထားပါတယ်။
(၁) Macro-level perspectives
နိုင်ငံတော်တည်ဆောက်ခြင်း (state building) ရဲ့ အဓိက သွင်ပြင်လက္ခဏာတွေဖြစ်တဲ့ နိုင်ငံရေးစွမ်းဆောင်မှု၊ နိုင်ငံရေးတရားဝင်မှုနဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်
အာဏာရှိမှု စတာတွေ ဖွံ့ဖြိုး တိုးတက်ရေးဟာ linear process မဟုတ်ပါဘူး။ အခြေအနေတွေ ပြောင်းလဲတာနဲ့အမျှ ဒီသွင်ပြင် လက္ခဏာတွေရဲ့ ဖွံဖြိုးတိုးတက်မှုတွေကလဲ နောက်ပြန်ဆုတ်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် system structureမှာ ပြောင်းလဲသွားတဲ့အခါ နိုင်ငံတော်တည်ဆောက်ခြင်းကို သက်ရောက်မှုနှစ်မျိုး ဖြစ်ပွားနိုင် ပါတယ်။ အင်ပါယာကြီးတွေ ကျရှုံးသွားတဲ့အခါ တဘက်မှာနိုင်ငံတကာစနစ်ကို မှီခိုတဲ့ အားနည်းသော နိုင်ငံများ ပေါ်ထွက်လာပြီး၊ အခြားတဘက်မှာလဲ စီးပွားရေးစနစ်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတတ် ပါတယ်။ ဥပမာအားဖြင့် ဖော်ပြရရင် ၁၉ ရာစုတုန်းက စပိန်အင်ပါယာ ကျရှုံးသွားချိန်မှာ တောင်အမေရိကမှာ နိုင်ငံများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ ပထမကမ္ဘာစစ်ပြီး ကာလမှာတုန်းကလဲ ရုရှား၊ သြစတြီးယား-ဟန်ဂေရီနဲ့ Ottoman အင်ပါယာတို့ ပြိုကျပြီး၊ ဥရောပမှာ နိုင်ငံများစွာပေါ်ထွက်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးကာလမှာ ဘယ်လ်ဂျီယံ၊ ဟော်လန်၊ ပြငသစ်၊ ဗြိတိသျှနဲ့ ပေါ်တူဂီအင်ပါယာတွေ ပြိုကျပြီး၊ အာရှနဲ့ အာဖိရိကတိုက်မှာ နိုင်ငံများစွာ ပေါ်ထွက် လာခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံကြီး ပြိုလဲသွားချိန်မှာလဲ အာရှအလယ်ပိုင်းနဲ့ အရှေ့ဥရောပတို့မှာ နိုင်ငံများစွာ ပေါ်ထွက်လာခဲ့ပါတယ်။
ဒီလို systemic transitions တွေကြောင့်၊ နိုင်ငံများစွာ ပေါ်ထွက်လာခဲ့သလို နယ်မြေပိုင်နက်နဲ့ လူမျိုးစုအရေးစတာတွေပေါ်မှာ မူတည်တဲ့ ပဋိပက္ခများစွာလဲ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီး ကာလနဲ့ ဆိုဗီယက်ယူနီယံကြီး ပြိုလဲပြီးချိန်မှာ ပေါ်ထွက်လာတဲ့ နိုင်ငံတွေကို ဦးဆောင်တဲ့ နိုင်ငံခေါင်းဆောင်တွေမှာ ပြဿနာသုံးရပ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ပထမပြဿနာကတော့ နိုင်ငံတော်ရဲ့ နယ်မြေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရမယ့် ပြဿနာဖြစ်ပြီး၊ နိုင်ငံငယ်တွေ၊ နိုင်ငံသစ်တွေ ဖြစ်တာကြောင့် ကျူးကျော်ရန်စခံရမှုတွေနဲ့ နယ်မြေပိုင်နက်အငြင်းပွားမှုတွေကို ရင်ဆိုင်ဖြေရှင်း ကြရပါတယ်။ ဒုတိယ ပြဿနာကတော့ နိုင်ငံတွင်းမှာ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေက လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှု များပြားပြီး၊ ပဋိပက္ခဖြစ်နိုင်ချေ များပြားနေတာ ဖြစ်ပါတယ်။ နောက်ဆုံး ပြဿနာကြီးကတော့ နိုင်ငံခေါင်းဆောင်အများစုဟာ လွတ်လပ်ရေးလှုပ်ရှားမှုတွေ၊ တော်လှန်ရေးတွေက ခေါင်းဆောင်တွေဖြစ်တာကြောင့်၊ စစ်ရေးနဲ့ တော်လှန်ရေး အတွေ့အကြုံများသာရှိပြီး ဒီမိုကရေစီ ယဉ်ကျေးမှုရှိတဲ့ တိုင်းပြည်တည်ထောင်မှုဆိုင်ရာ၊ နိုင်ငံအုပ်ချုပ်ရေးဆိုင်ရာ အသိပညာတွေနဲ့ အတွေ့အကြုံတွေ မရှိကြတာပဲ ဖြစ်ပါတယ်။ ဒီပြဿနာတွေက နိုင်ငံတွေကို weak states အဆင့်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရပ်တန့်နေစေရုံသာမက၊ အချို့နိုင်ငံတွေကို failed states အဆင့်အထိ ရောက်ရှိသွားစေခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးစ နိုင်ငံတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ လူမျိုးရေးအခြေပြု ပဋိပက္ခတွေဟာ ကိုလိုနီစနစ်ရဲ့ အမွေဆိုးတွေဖြစ်ကြောင်း ထောက်ပြပြောဆိုကြတဲ့ နိုင်ငံရေးပညာရှင်တွေလဲ ရှိပါတယ်။ ကိုလိုနီလက်အောက်ခံ နိုင်ငံတွေမှာ တောင်ပေါ်မြေပြန့်ဆိုင်ရာ၊ အရှေ့အနောက်ဆိုင်ရာ၊ တောင်မြောက်ဆိုင်ရာ ခွဲခြားအုပ်ချုပ်မှုတွေ ရှိတတ်ပြီး၊ နိုင်ငံရေးပါဝါတွေကို ဒေသဆိုင်ရာကွဲပြားမှုပေါ်မှာ ခွဲခြားပေးအပ် လေ့ရှိပါတယ်။ ကိုလိုနီအင်ပါယာတွေ ပြိုကျပြီး၊ လွတ်လပ်ရေးပေးချိန်တွေမှာလဲ မြေပုံတွေပေါ်မှာ နယ်မြေတွေ ခွဲခြားပြီး၊ လွတ်လပ်ရေးပေးခဲ့တာတွေ ရှိပါတယ်။ အချို့အာရှနဲ့ အာဖရိကနိုင်ငံတွေမှာဆိုရင် လူမျိုးစုတခုထဲတင် နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံနှစ်ခုထဲမှာ ကွဲပြားစွာ ရောက်ရှိနေတတ်ပါတယ်။ ဒီလိုနယ်မြေခွဲခြားသတ်မှတ်မှုတွေ၊ နိုင်ငံရေးပါဝါခွဲခြားပေးအပ်ထားမှုတွေကြောင့် လွတ်လပ်ရေးရပြီးချိန်မှာ လူမျိုးစုကွဲပြားမှုဆိုင်ရာ ပဋိပက္ခတွေ၊ သက်ဆိုင်ရာ နယ်မြေဒေသပေါ်မှာ အခြေခံပြီး လွတ်လပ်ရေး တောင်းဆိုမှုတွေ ဖြစ်ပွားလာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံရေးပညာရှင် Charles Alao ဆိုသူက အာဖရိကတိုက်မှာ ပဋိပက္ခဖြစ်ပွားတဲ့ အားနည်းသောနိုင်ငံများ ပေါ်ထွက်လာခြင်းဟာ ကိုလိုနီစနစ် ကြောင့်ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ကိုလိုနီစနစ်က သွေးခွဲထားတဲ့ လူမျိုးရေး၊ နိုင်ငံရေးနဲ့ ဘာသာရေး အုပ်စုတွေအကြားမှာ common sense of citizenship တည်ဆောက်ဖို့ ခဲယဉ်းတာကြောင့် ပဋိပက္ခတွေ ဖြစ်ပွားလာရပြီး၊ နိုင်ငံတော်ကျရှုံးခြင်းများ ဖြစ်ပွား ခဲ့ရကြောင်း ဆိုထားခဲ့ပါတယ်။
နိုင်ငံတော်ကျရှုံးခြင်းဖြစ်ပွားစေတဲ့ နောက်ထပ်အချက်တချက်ကတော့ စီးပွားရေးစနစ် ပြောင်းလဲမှုများ ဖြစ်ပါတယ်။ စီးပွားရေးအခြေအနေတွေဟာ နိုင်ငံရေးနဲ့ လူမှုရေးအခြေအနေတွေကို လွှမ်းမိုးနိုင်ပါတယ်။ အထူးသဖြင့် စီးပွားရေးရာ တန်းတူညီမျှမှု (economic equity) ဟာ နိုင်ငံတော်ကျရှုံးမှုနဲ့ဆိုင်တဲ့ အရေးဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Gurr နဲ့ Duvall ဆိုသူတို့က နိုင်ငံတော်အတွင်းမှာ စီးပွားရေးနဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာတွေကို ညီမျှစွာ ခွဲဝေမှု မရှိရင် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ခက်ခဲကြောင်း ဆိုထားခဲ့ပါတယ်။ တိုင်းပြည်မှာ ဆင်းရဲချမ်းသာကွာဟမှုကြီးမားပြီး၊ စီးပွားရေးလုပ်ပိုင်ခွင့်များကို အစိုးရဖြစ်စေ၊ လူတန်းစားတရပ်ကဖြစ်စေ၊ စစ်တပ်က ဖြစ်စေ လက်ဝါးကြီးအုပ်ထားမှုတွေ ရှိနေခဲ့ရင် ပုန်ကန်မှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက မလွဲမသွေဖြစ်လာနိုင်ကြောင်း နိုင်ငံရေးပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။
(၂) Intermediate perspectives: state–society relations
ဒီရှုထောင့်က ပြည်တွင်းဖိအားများကြောင့် နိုင်ငံတော်ကျရှုံးရခြင်းကို အထူးပြုလေ့လာထားပါတယ်။ ဒီရှူထောင့်အရ နိုင်ငံတော်ကျရှုံးခြင်းဟာ political order ကို နိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူတွေက အသိအမှတ်မပြုခြင်းကြောင့် ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေအချင်းချင်း စည်းလုံးညီညွတ်စွာ အတူတကွယှဉ်တွဲနေထိုင်ဖို့အတွက် အားလုံးကလက်ခံထားတဲ့ national identity လိုအပ်ပါတယ်။ ဒါမှသာ လူမျိုးရေး၊ ဘာသာရေးကွဲပြားခြားနားတဲ့ အုပ်စုတွေအကြားမှာ inter-group cooperation ရှိလာမှာ ဖြစ်ပါတယ်။ ဒီလို national identity ပျောက်ကွယ်လာရင် state-society relations ပျက်ပြီး၊ နိုင်ငံတော်ကျရှုံးခြင်း ဖြစ်တတ်ပါတယ်။
နိုင်ငံရေးပညာရှင် Douglas Dearth ဆိုသူက နိုင်ငံတော်ကို အုပ်ချုပ်တဲ့အစိုးရအနေနဲ့ (basic obligations of statehood) ကို ပြည်သူတွေအတွက် မပံ့ပိုးပေးနိုင်ရင် နိုင်ငံတော်ကျရှုံးခြင်း ဖြစ်တတ် တယ်လို့လဲ ဆိုထားပါတယ်။ အစိုးရဟာ internal order ရှိလာအောင် ထိန်းသိမ်းနိုင်ခြင်း၊ external aggression ကို တွန်းလှန်နိုင်ခြင်း မပြုလုပ်နိုင်ရင် state-society relations ပျက်သွားတတ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပညာရှင် Pauline Baker နဲ့ John Ausink ဆိုသူတို့က နိုင်ငံတော်ကျရှုံးခြင်းဟာ အစိုးရယန္တရားပျက်ယွင်းခြင်းမှာ အစပြုကြောင်း ဆိုထားခဲ့ပါတယ်။ အစိုးရအုပ်ချုပ်ရေးယန္တရားဟာ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးနိုင်ခြင်း မရှိတော့တဲ့အခါ၊ တိုင်းပြည်တွင်းမှာ ဆင်းရဲနွမ်းပါးမှု၊ ကျေးလက်ဒေသမှ အမြောက်အမြားစွန့်ခွာမှု၊ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှု၊ စီးပွားရေး အခွင့် အလမ်း တန်းတူညီမျှ မရှိမှုတွေ ဖြစ်ပွားလာပြီး၊ လူထုက နိုင်ငံတော်ကို အယုံအကြည် ကင်းမဲ့လာ ပါတယ်။ ဒီအခါမှာ နိုင်ငံတော်ဖြစ်တည်မှုကို အသိအမှတ်ပြုမှု ကျဆင်းလာပြီး၊ နိုင်ငံတော် ကျရှုံးခြင်း ဖြစ်ပွားစေနိုင်ကြောင်း ထောက်ပြရေးသားခဲ့ကြပါတယ်။
နိုင်ငံတော်ကျရှုံးမှုဟာ အစိုးရရဲ့ နိုင်ငံရေးစနစ်အပေါ်မှာလဲ မူတည်ကြောင်း အချို့ပညာရှင်များကဆိုထားကြပါတယ်။ Paul Brass နဲ့ Atul Kohli ဆိုသူတို့က လက်နက်ကိုင်ပုန်ကန်မှုများနဲ့ လူထုတိုက်ပွဲများ ဖြစ်ပွားလာရခြင်းဟာ လူထုရဲ့ လှုပ်ရှားမှုတွေကို အစိုးရက ကိုင်တွယ်ပုံမှာ မူတည်ကြောင်း ထောက်ပြထားခဲ့ပါတယ်။ အစိုးရဟာ နိုင်ငံသူ၊ နိုင်ငံသားရဲ့ လိုအပ်ချက်တွေကို ပံ့ပိုး ပေးခြင်း မရှိရုံသာမက၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကိုပါ ခြိမ်းချောက် လာတယ်လို့ လူထုက ယူဆလာတဲ့အချိန်မှာ state-society relations ကို ထိခိုက်ပြီး လက်နက်ကိုင် ပုန်ကန်မှု ဖြစ်ပွား တတ်ပါတယ်။ လူမျိုးစုတခုကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ အရေးပေးခြင်းဟာလဲ အခြား လူမျိုးစုတွေရဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို ဖြစ်ပွားစေတတ်ပါတယ်။ ရ၀မ်ဒါနဲ့ ဘူရန်ဒီ နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ လူမျိုးစုရေးရာ မူဝါဒ (ethnic policies) တွေမှာ အခြေခံခဲ့တာ ဖြစ်ပါတယ်။
(3)Micro-level perspectives
ဒီရှူထောင့်က လူတဦးချင်းနဲ့ အုပ်စုရေးရာ ပဋိပက္ခတွေကြောင့် နိုင်ငံတော်ကျရှုံးခြင်း ဖြစ်ပွားတတ် တာတွေကို အထူးပြုလေ့လာထားပါတယ်။ လူတဦးချင်းနဲ့ လူအုပ်စုတွေကို လူတချို့က ဆွဲဆောင် စည်းရုံးပြီး၊ အခြားအုပ်စုဝင်များကို မုန်းတီးလာအောင်၊ ကြောက်ရွံ့လာအောင် ပြုလုပ်တာတွေ ရှိတတ် ပါတယ်။ အဲဒီကနေတဆင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ လူမျိုးတုန်း သတ်ဖြတ်မှုများကို ဦးတည် သွားစေနိုင်ပါတယ်။ micro-level ရှူထောင့်အရ ဆက်နွယ်မှုဖြစ်စဉ် နှစ်ရပ်ရှိပါတယ်။ ပထမ ဖြစ်စဉ်က လက်နက်ကိုင်အင်အားစုများနဲ့ အုပ်စုများအကြားက ဆက်နွယ်မှုဖြစ်စဉ်ဖြစ်ပြီး၊ ဒုတိယဖြစ်စဉ် ကတော့ လက်နက်ကိုင်အင်အားစုများ၊ အုပ်စုများနဲ့အကြမ်းဖက်မှုရဲ့ ဦးတည်လမ်းကြောင်းကို ပြောင်းလဲ စေနိုင်သော ပြင်ပအင်အားစုများအကြားက ဆက်နွယ်မှုတွေဖြစ်ပါတယ်။ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ ‘emerging anarchy’ ဆိုတဲ့ ပြဿနာရှိတတ်ပါတယ်။ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်မှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီလိုပေါ်ပေါက်လာရင် အုပ်စုဖွဲ့ရန်ပြုမှုတွေ ပေါ်ထွက်လာပြီး၊ အကြမ်း ဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတတ်ပါတယ်။
နိုင်ငံရေးပညာရှင် Beverly Crawford နဲ့ Ronnie Lipschutz ဆိုသူတို့က ဖိနှိပ်ချုပ်ချယ်မှုရှိတဲ့ အုပ်ချုပ်ရေးယန္တရားဟာ political space တခုကို ပေါ်ထွက်စေနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ ဒီ political space ကို မင်းမဲ့ဝါဒီအချို့က အသုံးချမှုရှိလာတဲ့အခါ inter-group violence ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ပွားလာချိန်မှာ အုပ်ချုပ်ရေးယန္တရားက အုပ်စုတခုတည်းကိုပဲ ဦးစားပေးလာတဲ့အခါ အခြားအုပ်စု တခုက နိုင်ငံတော်အပေါ် ယုံကြည်မှုကင်းမဲ့လာပါတယ်။ တတိယအစုအဖွဲ့ (ဥပမာ- နိုင်ငံတကာ)ရဲ့ လုံခြုံရေး အာမခံချက်ကို တောင်းဆိုမှုရှိလာပါတယ်။ ဒီလိုလုံခြုံရေးအာမခံချက် မရရှိတဲ့အခါ ပဋိပက္ခ ကြီးမားလာပြီး၊ နိုင်ငံတော်ကျရှုံးခြင်း ဖြစ်ပွားစေတတ်ပါတယ်။
ဒုတိယဆက်နွယ်မှုဖြစ်စဉ်ကတော့ belligerents တွေနဲ့ conflict dynamics ကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပြင်ပအင်အားစုတွေအကြားက ဆက်နွယ်မှုဖြစ်ပါတယ်။ ပြင်ပအင်အားစုတွေက နိုင်ငံရေးအခြေအနေ အချိုးအကွေ့တွေမှာ အသုံးပြုရမယ့် အကြမ်းဖက်မှုသဏ္ဍာန်တွေကို ရွေးချယ်မှုတွေမှာ လွှမ်းမိုးတာ တွေလဲ ရှိတတ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေးအုပ်စုများအကြား အကြမ်းဖက်မှုတွေရဲ့ လမ်းကြောင်း တွေကို ပြင်ပအင်အားစုတွေ ဦးတည်တဲ့ လမ်းကြောင်းတွေဘက်ကို ရွှေ့ယူသွားတာတွေလဲ ရှိပါတယ်။ ဘော့စနီးယား၊ ကိုဆိုဗိုနဲ့ ရ၀မ်ဒါနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုတွင်းအကြမ်းဖက်မှုတွေကို လေ့လာ ကြည့်ရာမှာ ဘော့စနီးယားက Serb ခေါင်းဆောင်များ၊ ရ၀မ်ဒါက Hutu ခေါင်းဆောင်များရဲ့ ပဋိပက္ခ စတင်ဖို့ ဆုံးဖြတ်ချက်တွေမှာ ပြင်ပအင်အားစုတွေက လွှမ်းမိုးမှုများစွာရှိခဲ့ပါတယ်။ ပြင်ပအင်အားစု တွေရဲ့ လွှမ်းမိုးမှုတွေကြောင့် conflict intensity ပြောင်းလဲနိုင်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် နိုင်ငံတော်ဆိုတာ (၁၆) ရာစုကတည်းက ပေါ်ပေါက်လာတဲ့ သဘောတရားတခုဖြစ်ပြီး၊ ဒီသဘောတရားပေါ်မှာ အခြေခံပြီး နိုင်ငံတော်တည်ထောင်မှုတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပေါ်ထွက်လာတဲ့ နိုင်ငံတော်တွေမှာ အချုပ်အခြာအာဏာ၊ တရားဝင်မှု၊ ပြည်သူ့ရေးရာဌာနများကိုကိုယ်စားပြုမှု၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်သောစွမ်းရည်နဲ့ နယ်မြေပိုင်နက်အတွင်းမှာ မှီတင်းနေထိုင်သော ပြည်သူလူထုဆိုတဲ့ သွင်ပြင်လက္ခဏာတွေ ရှိပါတယ်။ နိုင်ငံတော်နဲ့ အစိုးရဆိုတာကို ရောထွေးပြောကြားမှုတွေရှိပေမယ့် နိုင်ငံတော်ဆိုတာ အစိုးရကို ဆိုလိုတာ မဟုတ်ပါဘူး။ အစိုးရဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး၊ ရှူထောင့်အမျိုးမျိုးကနေ သီအိုရီများဖော်ထုတ်လေ့လာမှုတွေ ရှိခဲ့ပါသလို၊ နိုင်ငံတော်ကျရှုံးခြင်းနဲ့ ပတ်သက်ပြီး လေ့လာမှုတွေလဲ အမြောက်အမြားရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ တည်ထောင်ဖြစ်တည်လာတဲ့ နိုင်ငံတော်တွေထဲမှာ အားကြီးသောနိုင်ငံများရှိသလို၊ အားနည်းသောနိုင်ငံများ၊ ကျရှုံးသောနိုင်ငံများနဲ့ ပြိုလဲသောနိုင်ငံများတွေလဲ ပေါ်ထွက်လာပါတယ်။ အားနည်းသောနိုင်ငံများအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ရပ်တံ့နေရာကနေ ကျရှုံးသောနိုင်ငံများအဆင့်ကို ရောက်ရှိပြီး၊ နိုင်ငံတော်ပြိုလဲခြင်းတွေလဲ ဖြစ်ပွား စေတတ်တဲ့ အတွက် ကိုယ့်နိုင်ငံကိုကျရှုံးသောနိုင်ငံ၊ ပြိုလဲသောနိုင်ငံအဆင့်သို့ မရောက်ရှိစေရေးဟာ သက်ဆိုင်ရာနိုင်ငံများက နိုင်ငံသူ၊ နိုင်ငံသားများရဲ့ တာဝန်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၈၊ ၁၀၊ ၂၀၁၂)
ရည်ညွှန်းကိုးကား။ ။
Azar, E. & Chung-in Moon (1988) National Security in the Third World: The Management of
Internal and External Threats, Aldershot
Alao, C. (1999) ‘The problem of the failed state in Africa’, in Muthiah Alagappa & Takashi Inoguchi, (eds), International Security Management and the United Nations, Tokyo
Ayoob, M. (1996) ‘State-making, state-breaking and state failure: explaining the roots of “Third World” insecurity’, in Luc van de Goor, Kumar Rupesinghe & Paul Sciarone (eds), Between Development and Destruction, London: Palgrave
Baker, P. & Ausink, J. (1996) ‘State collapse and ethnic violence: toward a predictive model’, Parameters, Spring, pp 19–31
Ed. Brinkerhoff, D. (2006) ‘Governance in Post-Conflict Societies: Rebuilding Fragile States’,
Routledge.
Chabal, P. (1997) ‘Apocalypse Now? A Post-Colonial Journey into Africa’, lecture delivered on 12th March in King’s College, London
Evans, P. ‘The Eclipse of the State? Reflections on Stateness in an Era of Globalization’,
World Politics, Vol. 50, no. 1
Evans, P., Rueschemeyer, D. and Skocpol, T. (1985) ‘On the Road Toward a More Adequate
Understanding of the State’, in ‘Bringing the State Back In’, Cambridge University Press.
Dorff, R. (1996) ‘Democratization and failed states: the challenge of ungovernability’, Parameters, Summer, 1996, pp 17–31
Gros, J. (1996) ‘Towards a taxonomy of failed states in the New World Order: decaying Somalia, Liberia, Rwanda and Haiti’, Third World Quarterly, 17, pp. 456
Gurr, T. (ed.) (1980) Handbook of Political Conflict: Theory and Research, New York
Gurr, T. (1992) ‘The internationalization of protracted communal conflicts since 1945: which groups, where and how?’, in Manus Midlarsky (ed), The Internationalization of Communal Strife, London
Gurr, T. (1993) ‘Why minorities rebel—a global analysis of communal mobilization and conflict since 1945’, International Political Science Review, 14, pp 161–201
Hardin, R. (1995) One for All: The Logic of Group Conflict, Princeton, NJ: Princeton University Press
Hay, C., M. Lister and D. Marsh (2006) The State: Theories and Issues, Basingstoke and New York: Palgrave Macmillan
Heywood, A. (2007) Politics, 3rd edition, Basingstoke and New York: Palgrave Macmillan
Helman, G. & Ratner, S. (1992/ 1993) ‘Saving failed states’, Foreign Policy, Brookings, 89, pp 3–20
Herbst, J. (2004) ‘Let Them Fail: State Failure in Theory and Practice: Implications for Policy’ in Rotberg, R. (ed.) ‘When States Fail: Causes and Consequences’, Princeton University Press
Herbst, J. (2000) ‘States and Power in Africa: Comparative Lessons in Authority and Control’, Princeton University Press.
Lichbach, M. (1995) The Rebel’s Dilemma, Ann Arbor, MI: University of Michigan Press
Lind, M. (1992) “The Catalytic State.” The National Interest 27 (Spring), pp. 3-12
McGrew, A. (1992) “Conceptualizing Global Politics.” A. McGrew, P.G. Lewis, et al., eds., Global Politics: Globalization and the Nation-State. Cambridge: Polity Press
Rhodes, M. 1996. “Globalization and West European Welfare States: A Critical Review of Recent Debates.” Journal of European Social Policy 6 (4): 305-27.
Rodrik, Dani. 1997. Has Globalization Gone Too Far? Washington, DC: Institute for International Economics.
Skocpol, T. (1985) ‘Bringing the State Back In: Strategies of Analysis in Current Research’ in Evans, P., Rueschemeyer, D. and Skocpol, T. (eds.) ‘Bringing the State Back In’, Cambridge University Press.
World Bank (2002) ‘LICUS: A Task Force Report’, World Bank
Weiss, L. (1997) “Globalization and the Myth of the Powerless State.” New Left Review 225: 3-27.
Zartman, W. (1995) ‘Posing the problem of State Collapse’ in ‘Collapsed States: The Disintegration and Restoration of Legitimate Authority’, Boulder, London
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
ကလောင်အမည်-ခင်မမမျိုး
မွေးဖွားရာဇာတိ-တောင်ကြီးမြို့၊ မြန်မာနိုင်ငံ
လက်ရှိနေရပ်-အဘာဒင်းမြို့၊ ယူကေနိုင်ငံ
ပညာအရည်အချင်း-နိုင်ငံရေးနှင့် အစိုးရရေးရာ ဒီပလိုမာ၊ နိုင်ငံတကာလေ့လာရေး ဘီအေဂုဏ်ထူးဘွဲ့၊
နိုင်ငံရေးဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊
စစ်မဟာဗျူဟာလေ့လာရေး မဟာသိပ္ပံဘွဲ့၊
နိုင်ငံရေးသုတေသန မဟာသုတေသနဘွဲ့။
လက်ရှိ-နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ကျောင်းသူ၊ ဘုရင့်ကောလိပ်
အဘာဒင်းတက္ကသိုလ်။
တွဲဖက်သုတေသီ၊ ကောဘက်စင်တာ၊
စစ်ဦးစီး တက္ကသိုလ်။
ပရော်ဖက်ရှင်နယ်အဖွဲ့ဝင်-နိုင်ငံတကာ လုံခြုံရေးအဖွဲ့၊ နိုင်ငံတကာ လေ့လာရေးအသင်း၊ အမေရိကန်ပြည်ထောင်စု။
လုံခြုံရေးနှင့် ထောက်လှမ်းရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် အဖွဲ့၊ နိုင်ငံရေးရာ လေ့လာရေးအသင်း၊ ဗြိတိန်နိုင်ငံ။
အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် လုံခြုံရေး ဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ အစည်းအရုံး၊ အမေရိကန် ပြည်ထောင်စု။
ယဉ်ကျေးမှုရေးရာ သံတမန်သိပ္ပံ၊ ဂျာမဏီ။
No comments: