မြန်မာနိုင်ငံ၌ အမြင့်ဆုံး ၃၄ထပ် အမြင့်ရှိ လူနေကွန်ဒိုမီနီယမ်တစ်ခုကို 
မရမ်းကုန်း မြို့နယ်၊ အင်းလျားကန်အနီး၊ ဦးထွန်းငြိမ်းလမ်းပေါ်တွင် Mandalay 
Golden Wings(MGW) ဆောက်လုပ် ရေးက အမေရိကန်ဒေါ်လာ သန်း ၆၀အကုန်အကျခံကာ 
၂၀၁၅ခုနှစ်အပြီး တည်ဆောက်သွားမည် ဖြစ်သည်။  ဒိုင်းမွန်းအင်လျားကွန်ဒိုကို 
ဧရိယာ နှစ်ဧကကျော်ကျယ်သည့် မြေကွက်လပ်တွင် လာမည့်နိုဝင်ဘာ လဆန်းမှ 
စတင်တည်ဆောက်မည်ဖြစ်သည်။  ထို အဆောက်အအုံသည် အင်းယားလိတ်ခ် ဟိုတယ်အနီး၊ 
ပါရမီလမ်းမနှင့်လည်း နီးမည်ဖြစ်သည်။  
ဒိုင်းမွန်းအင်းလျားကွန်ဒို တည်ရှိရာ နေရာသည် ယခင် အမှတ်(၁)စက်မှု 
ဝန်ကြီးဌာနပိုင် မျက်နှာ သုတ်ပ၀ါစက်ရုံ ဟောင်းတည်ရှိခဲ့သည့် နေရာဖြစ်ကာ 
အစိုးရက လေလံတင်ရောင်းချခဲ့သည့် မြေကွက်လည်းဖြစ်သည်။  အင်းလျားကန်နှင့် ပေ 
၁၀၀ ခန့်သာဝေးကွာပြီး ပတ်ဝန်းကျင်တွင် လူနေအိမ်ခြေများနှင့်ဆိုင်ခန်းများ 
တည်ရှိသည်။  ၃၄ ထပ်မြင့်မည့် အဆိုပါကွန်ဒိုတွင် အခန်းစုစုပေါင်း ၄၀၆ ခန်း 
ပါဝင်မည် ဖြစ်ကာ ပထမထပ်မှ ဆဋ္ဌမထပ်အထိ ကားစီးရေ ၅၆၀ ဆံ့သော ကားပါကင် အဖြစ် 
ထည့်သွင်းမည်ဖြစ်သည်။  သတ္တမအထပ်နှင့် ၃၂ ထပ်တွင် ကွန်ဒိုနေထိုင်သူများအတွက်
အခန်းဧရိယာ ၅၅ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သည်။  ဖျော် ဖြေရေးအတွက် 
ရုပ်ရှင်ရုံငယ်လေးများ အပြင် အားကစားအတွက်လည်း အဆင် ပြေစေမည့် နေရာများ 
ဖန်တီးပေးထား မည်ဖြစ်သည်။  အဋ္ဌမထပ်မှ ၃၄ ထပ်အထိ လူနေ အခန်းများဖြစ်ကာ 
အများဆုံး အိပ်ခန်း လေးခန်းပါရှိသည့် စတုရန်းပေ ၃,၀၀၀ အကျယ်မှ အကျဉ်းဆုံး 
အိပ်ခန်းတစ်ခန်း သာပါဝင်သည့် စတုရန်းပေ ၈၅၀ အကျယ် အခန်းစုစုပေါင်း ၄၀၆ ခန်း
 ပါဝင်မည်ဖြစ်သည်။  အပေါ်ဆုံးထပ်တွင် တစ်လုံးလျှင် စတုရန်းပေ တစ်သောင်းကျော်
 ကျယ်သည့်ခေါင်မိုးအိမ်လေးလုံး လည်းပါရှိ မည်ဖြစ်သည်။
"တိုင်းရင်းသားပိုင် ဖြစ်ပါတယ်။အခန်းတွေကို ပြည်တွင်းကော 
နိုင်ငံခြားသားတွေကိုပါ မျှပြီး ရောင်းချမှာ ဖြစ်ပါ တယ်"ဟု 
အဆိုပါစီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။  ယင်းအဆောက်အအုံသည် 
အင်္ဂလိပ်အက္ခရာ အယ်လ်ရှိတ်ဖြစ်ပြီး အဆောက်အအုံသုံးခုတွဲထား သည့် ပုံစံဖြစ်ကာ 
ဓာတ်လှေကား စုစုပေါင်း ၁၄ စင်း ပါရှိမည် ဖြစ်သည်။  အများသုံးနေရာများ၊ 
အိုလံပစ်အဆင့်ရှိ ရေကူးကန်၊ အားကစားခန်းမ၊ မီနီမတ်ကက်တို့ ပါရှိမည် 
ဖြစ်ပြီး လုံခြုံရေးအတွက် စီစီတီဗီကင်မရာများ နေရာ အနှံ့တပ်ဆင်ထားမည်ဟု 
ဆိုသည်။  "အရေးပေါ် မီးသတ်ဖို့အတွက် ထွက် ပေါက်တွေ၊ အချက်ပေးကိရိယာတွေ၊ 
မီးသတ်စက်အကြီးစား နဲ့ ဂါလန်သုံးသိန်းကျော်ဆံ့တဲ့ မီးသတ်ရေကန်လည်း 
ပါရှိပါမယ်"ဟု အဆိုပါစီမံကိန်းမှအင်ဂျင်နီယာ ချုပ် ဦးချစ်ဆွေညွန့်က 
ပြောသည်။
"အခန်းတိုင်းလိုလိုကို မီးလောင်တာနဲ့ အချက်ပေးမယ့်ကိရိယာတွေပါရှိမယ်။ 
ဒီအတွက် မီးလောင် ရင် အချိန်မရွေး သုံး နိုင်မယ့် 
ဓာတ်လှေကားလည်းပါဝင်မယ်"ဟု စီမံကိန်းအင်ဂျင်နီယာဦးချစ်မောင် က လည်း 
ပြောသည်။  အဆိုပါ ကွန်ဒိုမီနီယမ်စီမံကိန်းတွင် ၃၄ ထပ်အမြင့် 
ရှိမည်ဖြစ်သောကြောင့် အင်းလျားကန်နှင့် နီးသဖြင့်လည်း မြေစမ်းသပ်မှုများကို 
လနှင့်ချီဆောင်ရွက်ထားပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ ဒဏ်နှင့် 
ငလျင်ဒဏ်ကိုလည်း ၈ ဒသမ ၅ ရစ်ခ်ျတာစကေးအထိ ခံနိုင်ရည်ရှိအောင် 
တည်ဆောက်မည်ဖြစ်သည်။  ဒိုင်းမွန်းအင်းလျားကွန်ဒိုကို ထိုင်းနိုင်ငံ 
အခြေစိုက် Process Myanmar အဖွဲ့ က ဒီဇိုင်းရေးဆွဲပေးပြီး မြန်မာအင်ဂျင် 
နီယာများနှင့်အတူ တည်ဆောက်မည် ဖြစ်သည်။
ထို့ပြင် အဆောက်အအုံ အရည်အသွေးနှင့်ပတ်သက်ပြီး ထိုင်း နိုင်ငံရှိ AIT 
တက္ကသိုလ်မှ ပညာရှင် တစ်ဦး ဦးဆောင်သည့်အဖွဲ့ကလည်း ကူညီမည် ဖြစ်သည်။  
လူနေအိမ်ခန်းများကို နိုဝင်ဘာ ၁ ရက် နေ့မှ စတင်အရောင်းဖွင့်မည်ဖြစ်ကာ 
ဘဏ်ချေးငွေများဖြင့် အရစ်ကျဝယ်ယူ နိုင်ရန်လည်း စီစဉ်မည်ဖြစ်သည်။  
ယခုဒိုင်းမွန်းအင်းလျားကွန်ဒိုမီနီယမ်ကို တည်ဆောက်မည့် 
ဆောက်လုပ်ရေးကုမ္ပဏီသည် မန္တလေးမြို့ရှိ ရတနာပုံဒိုင်းမွန်းပလာဇာကို 
တည်ဆောက်ခဲ့သည့် ဆောက်လုပ်ရေး ကုမ္ပဏီလည်း ဖြစ် ကာ အစုရှယ်ယာဝင် အများအပြား 
ဖြင့် တည်ထောင်ထားခြင်းဖြစ်သည်။  လတ်တလော မြန်မာနိုင်ငံ၌ 
အမြင့်ဆုံးအထပ်မြင့် အဆောက်အအုံမှာ ကုန်သည်ကြီးများ ဟိုတယ် ဖြစ်ပြီး 
စုစုပေါင်း ၂၂ ထပ် မြင့်မားသည်။
Ref: Myanmar Times
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment