နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုတွေဟာ အကျိုးရှိတဲ့ အကြောင်းနဲ့ ရှေ့ဆက်ပြီး တွေ့ဆုံ
ဆွေးနွေးသွားကြရဦးမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့တွေ့ဆုံခဲ့တဲ့ အမေရိကန် အထူးကိုယ်စားလှယ်အဖွဲ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဆွေးနွေးသွားကြရဦးမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့တွေ့ဆုံခဲ့တဲ့ အမေရိကန် အထူးကိုယ်စားလှယ်အဖွဲ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်တို့ ပါဝင်တဲ့ သံတမန်အဖွဲနဲ့မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့မွန်းလွဲပိုင်းက တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာမှာ ခုလို ပြောကြားခဲ့တာပါ။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ စီအာပီပီ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီက ဦးအေးသာအောင်၊ အဖွဲ့ဝင် ပူကျင်ရှင်းထန်တို့နဲ့ ဆက်လက်တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အဖွဲ့ချုပ်က ဆွေးနွေးခဲ့တာတွေကို ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ခုလို ပြောပြပါတယ်။
“ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကတော့ နိုင်ငံရေး အခြေအနေက အခု အတော်အတန် တိုးတက်မှု ရှိလာတယ်လို့ ပြောရမှာဖြစ်ပါတယ်တဲ့။ အဲဒါကလည်း အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ အထွေထွေအခြေအနေဟာ နည်းနည်း ပိုပြီးတော့ တိုးတက်တဲ့အရိပ်လက္ခဏာတွေ၊ အလားအလာကောင်းတွေ တွေ့လာတာ ဖြစ်ပါတယ်တဲ့။ အဲဒါတော့ အားလုံး သိပါတယ်တဲ့။ ပြည်သူတရပ်လုံးကလည်း ဒီအတွက် အတော်အတန် အလားအလာ ကောင်းတွေ ရှိနေတဲ့ဟာကို သိနေကြပါတယ်တဲ့။ အဲ့တော့ အဖွဲ့ချုပ်ကလည်းပဲ အလားအလာကောင်းတွေ ဆက်လက် ဖြစ်ထွန်း အောင်မြင်သွားဖို့နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံမှာ ပေါ်ထွန်းဖို့အတွက် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ခံယူပြီးတော့ ဆက်လက်ပြီးတော့ ချီတက်သွားမှာ ဖြစ်ပါတယ်။”
ဦးအေးသာအောင်နဲ့ ပူကျင့်ရှင်းထန်တို့ကလည်း တိုင်းရင်းသားဒေသတွေမှာ အပစ်ရပ်ရေး၊ စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ထွန်းရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချဲဟာ ဒီ ၂၀၁၁ ခုနှစ်ထဲမှာပဲ သုံးကြိမ်တိတိ လာရောက် ဆွေးနွေးနေတာ ဖြစ်ပါတယ်။
စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာ သုံးလဆက်တိုက် လာရောက်ပြီး အစိုးရ တာဝန်ရှိသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီတွေ၊ လူမှုရေး အဖွဲ့တွေနဲ့ ဘက်ပေါင်းစုံကနေ တွေ့ဆုံ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။ (DVB)
No comments:
Post a Comment