ထွန်းထွန်းနှင့် မျိုးသန့် | သောကြာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၃၁ မိနစ်
“ကျနော်တို့က ဒါနဲ့ပတ်သက်ပြီးတော့ မကျေနပ်ဘူး။ သို့သော် အချို့သောပုဂ္ဂိုလ်များ ဘာညာကတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ စိတ်ပျက်တယ်၊ ဘာညာလောက်ပဲ ပြောကြတယ် ချိုချိုသာသာပေါ့ဗျာ။ လျော့လျော့ပေါ့ပေါ့ ပြောတယ်။ ကျနော်က စိတ်ပျက်တာ မဟုတ်ဘူးဗျ။ မကျေနပ်တာ” ဟု ၁၉ နှစ်ကြာ ထောင်သွင်း အကျဉ်းချခံခဲ့ရသူ ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်ဖြင့် အောက်တိုဘာလ ၁၂ ရက်နေ့ နိုင်ငံတဝန်း အကျဉ်းသား ၆၃၅ဝ ဦးလွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၂၁၈ ဦးသာ ပါဝင်ခဲ့မှုအပေါ် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ယင်း ၂၁၈ ဦးမှာ NLD မှ ပြုစုထားသည့် စာရင်း ဖြစ်သည်။
“အကြီးတန်းပြဿနာတခုဖြစ်တဲ့ အကျဉ်းသား လွှတ်ရေးကိုတော့ သူတို့ ဘာမှဆောင်ရွက်ပေးနိုင်ခြင်း မရှိတဲ့
အတွက် အကျဉ်းသားလွှတ်ရေးအပေါ်မှာ ကျနော်တို့ ကျေနပ်မှု မရှိသလိုဘဲ ဒီတွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ အပေါ် မှာလည်း ကျနော်တို့ ကျေနပ်မှု မရှိဘူး” ဟု ဦးဝင်းတင်က ပြောသည်။
မတ်လအတွင်းက ဦးသိန်းစိန်သမ္မတအဖြစ် တက်လာပြီးနောက်ပိုင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ သုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုကိစ္စသည် အဓိက အကြောင်းရာတခု ဖြစ်ခဲ့သည်ကို ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၂ ရက်နေ့ကမှ အောက်တိုဘာ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့ တရားစခန်းတခုတွင် ငါးရက်ကြာ တရားထိုင်လျက်ရှိသည်။ တရားစခန်းမဝင်ခင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပတ်သက်၍ “လူတယောက် လွတ်လပ်ခွင့်ဆိုတာ သိပ်အရေးကြီးတယ်။ အကုန်လုံး လွတ်လပ်ခွင့်ပေးရင် ပိုကောင်းတာပေါ့” ဟု သတင်းထောက်တဦးကို ပြောကြားသွားခဲ့သည်။
“ရိုးသားစစ်မှန်မှုမရှိသော အကျဉ်းသားလွှတ်ပေးမှု”ဆိုကာ လက်ရှိ မြန်မာနိုင်ငံအကျဉ်းထောင်များထဲတွင် ကျန်းမာရေး မကောင်းသည့် နိုင်ငံရေး အကျဉ်းသားများ ၁ဝဝ ဝန်းကျင်ခန့်အပါအဝင် အကျဉ်းသား ၁၇ဝဝ ခန့် ဆက်လက်ကျန်ရှိနေဆဲ ဖြစ်သည်ဟု ပြည်ပအခြေစိုက်နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP-B က ပြောသည်။ ထိုအဖွဲ့၏ စုဆောင်းချက်အရ လွတ်လာသူအကျဉ်းသားမှာ ၂၂ဝ ဦး ရှိသည်ဟု သိရသည်။
“မတရားသဖြင့် ဖမ်းတယ်၊ အိမ်တွေမှာ လာဖမ်းတယ်။ ရပ်ဝေးထောင်တွေကို သူတို့ဟာသူတို့ ပြောင်းတယ်။ လွှတ်ပေးတဲ့အချိန်ကျတော့ ပိုက်ဆံတထောင်ပေးပြီးတော့ မင်းတို့ သွားချင်ရာသွားတော့ ဆိုပြီး လုပ်လိုက်တဲ့ ဟာမျိုးတွေကလည်း ဒါ သာမန်ရာဇဝတ်သားတွေကို လုပ်တဲ့ကိစ္စမျိုးတွေ” ဟု AAPP-B ၏တွဲဘက်အတွင်းရေှးမှူး ကိုဘိုကြည်က ဆိုသည်။
သို့သော် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထွက်ရှိမည့် ရန်ကုန်ထုတ် The Voice ဂျာနယ်တွင် ပါရှိသည့် တွေ့ဆုံမေးမြန်းခန်းတွင် သမ္မတ၏ နိုင်ငံရေးအကြံပေးအးဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြည်ပမှ ပြောဆိုနေသည့် အကျဉ်းသားအရေအတွက်မှာ မမှန်ကန်ကြောင်း ပြန်လည်စွပ်စွဲထားသည်။
“ဘန်ကောက်က လူတွေက စာရင်းကောက်တာက ဘာနဲ့စာရင်းကောက်တာလဲ။ အကျဉ်းဦးစီးဌာနက သူတို့ကို စာရင်းပို့သလား၊ မဟုတ်ဘူး။ သူတို့ လေသံကြားနဲ့ အကုန်လုံးထည့်ထားတာတွေ အများကြီး ရှိတယ်။ တချို့ကလည်း ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် စာရင်းများများရလေ ထောက်ပံ့ကြေးများများ ရလေ” ဟု ဦးကိုကိုလှိုင်က The Voice သို့ ပြောသည်။
ထို့အပြင် ပြန်လွှတ်ပေးရန်အတွက် အစိုးရထဲတွင် စိုးရိမ်မှုများရှိနေသည်ဟုလည်း စစ်မှုထမ်းဟောင်း ဖြစ်သော ဦးကိုကိုလှိုင်က ပြောသည်။
နိုင်ငံရေးအကျဉ်းသားများအနက် ထောင်ဒဏ်ထက်ဝက်ကျခံပြီးသူများကို ရွေးချယ်လွှတ်ပေးခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူများက ပြောသည်။ ဥပမာအားဖြင့် ၁ဝ နှစ်ထောင်ဒဏ်ကျသူဖြစ်လျှင် ငါးနှစ်ကျော်နေပြီးဖြစ်မှ လွှတ်ပေးသည်။ သို့သော်လည်း နိုင်ငံကျော်လူရွှင်တော် ဇာဂနာကဲ့သို့သော လူသိထင်ရှားဖြစ်သူများကို သီးသန့်ရွေးချယ် ထည့်သွင်းလွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
နေပြည်တော်မှသီးခြားရရှိသောသတင်းတရပ်တွင် ကက်ဘိနက်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အပါအဝင် ၁၁ ဦးအဖွဲ့ဝင်ဖြစ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအတွင်း နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရန် အထူးတလည် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအပါအဝင် ထင်ရှားသော နိုင်ငံရေးအကျဉ်းသားများ၏ ဖိုင်တွဲများကို အချိန်ယူလေ့လာခဲ့သည်ဟု ဆိုသည်။
အခြေခံဥပဒေအရ သမ္မတသည် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကာလုံဟုခေါ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်လိုသည်။
သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဌနှစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေး ဦးစီးချုပ်နှစ်ဦး၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်သည်။
“အခုလွတ်တဲ့အထဲမှာဆိုလို့ရှိရင် ကျနော်တို့ နေသားကြာတဲ့သူတွေ၊ နှစ်များတဲ့လူတွေ၊ ၁၅ နှစ်ကနေ ၁၅ နှစ်အောက်ပေါ့လေ အဲဒီလူတွေကိုပဲလွှတ်တာပါ။ ကျန်တဲ့လူတွေကို မလွှတ်သေးပါဘူး။ လွှတ်ဖို့အစီအစဉ် ရှိတယ်လို့လည်း ကျနော်တို့ မကြားခဲ့ရပါဘူး” ဟု ယခုလွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်လာသူ ကိုမောင်မြတ်က ပြောသည်။
မန္တလေး အိုးဘိုထောင်မှ လွတ်မြောက်လာသူ ကိုမောင်မြတ်မှာ တမူးမြို့နယ် ခယကရုံးအား ဗုံးဖောက်ခွဲမှု အပါအဝင် ပုဒ်မ သုံးခုဖြင့် ၁၉၉၇ ခုနှစ်က စွပ်စွဲဖမ်းဆီးခံရခြင်းဖြစ်ကာ နှစ် ၂ဝ သို့မဟုတ် တကျွန်း ပြစ်ဒဏ်နှင့် ထောင်ဒဏ် ၁ဝ နှစ်၊ စုစုပေါင်း နှစ် ၃ဝ ကျခံရခြင်း ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာချိန်တွင် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ပြီး ဖြစ်သည်။
သမ္မတဦးသိန်းစိန်သည် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးသူတဦးဟု The Voice အယ်ဒီတာ့ အာဘော်တွင် ဖေါ်ညွှန်းထားကာ နိုင်ငံတကာမှ ချီးမြှင့်သည့် ဆုတခုခုနှင့် ထိုက်တန်ကြောင်းလည်း ရေးသားထားသည်။
“အခုဟာက ရွေးလွတ်သွားတယ်၊ လွတ်ရင် မဖြစ်ဘူးလို့ထင်တဲ့ လူတွေကိုလည်း ချန်ထားတယ်” ဟု ဆိုသည်။ ထိုကဲ့သို့ အကွက်ချ စီမံတတ်ခြင်းကြောင့် “အရမ်းပါးနပ်တဲ့ ဆုတော့ ရသင့်တယ်” ဟု လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် မဖြိုးဖြိုးအောင်က ဝေဖန်သည်။
ဦးသိန်းစိန်၏ လုပ်ဆောင်မှုများကို ကာလတိုဖြင့် တိုင်းတာ၍ မရနိုင်ဘဲ၊ ၁၉၉ဝ မှ ယနေ့အချိန်အထိ လုပ်ဆောင်ချက်များကိုကြည့်ပြီးမှသာ ပြောရမည်ဖြစ်ကြောင်း လွတ်မြောက်ရာတွင်ပါဝင်သူ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အသက် ၇၃ နှစ်ရှိပြီဖြစ်သော လွှတ်တော်အမတ် ဦးကျော်ခင်က ပြောသည်။
“အဘတို့က လက်တွေ့ဖြတ်သန်းလာတာဆိုတော့ အဲ့ဒီအာဘော်နဲ့တော့ ကွဲလွဲချက်ရှိပါတယ်။ အနှစ် ၂ဝ လုံးလုံး တပ်မတော် အစိုးရကနေ ဆောင်ရွက်တာတွေကို ကြည့်ရမှာ ဖြစ်တယ်။ အဘတို့က ခြုံငုံပြီး ကြည့်ပြီးတော့မှ ပြောရမှာ ဖြစ်တယ်။ ဖြတ်ပြီး ပြောလို့မရဘူး။ နောက်တခုက ဦးသိန်းစိန်ဟာ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်သူလား၊ စမ်းသပ်နေတာလား ဆိုတာလည်း စောင့်ကြည့်ရဦးမှာဖြစ်တယ်” ဟု ဆိုသည်။
၁၉၉ဝ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခံသော ဒီချုပ်ကို ယခင်စစ်အစိုးရက အသိအမှတ်မပြုခဲ့ဘဲ နောက်ထပ်နှစ် ၂ဝ အကြာတွင် ရွေးကောက်ပွဲကျင်းပရာ အငြင်းပွားဖွယ်ရာ ရလာဒ်ဖြင့် စစ်ဘက်ခေါင်းဆောင် များကပင် ထူထောင်ထားခဲ့သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရသွားခဲ့သည်။ အစိုးရအဖွဲ့ကိုလည်း အရပ်ဝတ်လဲ စစ်ဘက်အရာရှိဟောင်းအများစုဖြင့် ဖွဲ့စည်းလိုက်ကြသည်။
No comments:
Post a Comment