ထောင်ကျ အမျိုးသမီးများဘဝ ကြမ်းတမ်းခက်ခဲ

“ထောင်က လွတ်လွတ်ချင်း ပထမဆုံး ခံစားချက်ကတော့ ၀မ်းမသာဘူး လို့ပြောရမှာပဲ။
ကိုယ်က လွတ်လာပေမယ့် ကိုယ့်လူတွေ ထောင်ထဲမှာ အများကြီးကျန်နေသေးတော့ အပြည့်အ၀ ၀မ်းမသာနိုင်ဘူးလေ” ဟု မိတ္ထီလာ အကျဉ်းထောင်မှ လွတ်မြောက်လာသော အသက် ၆၃ နှစ်အရွယ်ရှိ နိုင်ငံရေး အကျဉ်းသူဟောင်း ဒေါ်စန်းစန်းတင်က ဧရာဝတီကို ပြောသည်။
အောက်တိုဘာ ၁၂ ရက်နေ့က အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အင်းစိန်ထောင်မှ လွတ်မြောက်လာသော အကျဉ်းသူများ (ဓာတ်ပုံ - AP)
ဒေါ်စန်းစန်းတင်သည် နိုင်ငံတော်အား အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရာ ထောင်ထဲတွင် ၄ နှစ်ခန့် နေထိုင်ခဲ့ရပြီး လွတ်မြောက်လာခြင်းဖြစ်သည်ဟု ဒေါ်စန်းစန်းတင်က ပြောသည်။
“၅(ည) အပါအ၀င် ပုဒ်မ ၃ ခုနဲ့ ၉ နှစ် ချခံရတာကို အယူခံဝင်တော့ ၅ နှစ်ကျန်တယ်။ လွတ်ငြိမ်းချမ်းသာခွင့် တနှစ်ရတော့ ၄ နှစ်ကျန်တာပေါ့။ ကျမက လွတ်ရက်စေ့ဖို့ တပတ်ပဲ လိုတော့တာပါ” ဟု သူက ရှင်းပြသည်။
၎င်းနေထိုင်ခဲ့ရသော မိတ္ထီလာထောင်၏ အဆောင် (ခ) တွင် အမျိုးသမီး ရာဂဏန်းရှိသော်လည်း ရေအိမ် တလုံးတည်းသာရှိကြောင်း၊ အပတ်စဉ် တာဝန်ကျ ဆရာဝန် ပုံမှန် လာရောက်ခြင်းမရှိသည့်အတွက် အမျိုးသမီးများအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေခဲ့ရကြောင်းလည်း ဒေါ်စန်းစန်းတင်က ပြောသည်။
ဒေါ်စန်းစန်းတင်၏ မိသားစုဝင်များထဲမှ နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ်ကျ ခံနေရသူ  ၅ ဦးအနက် မြင်းခြံထောင်၌ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မသက်သက်အောင်နှင့် ခင်ပွန်းဖြစ်သူ ကိုကျော်စွာဌေးသည် ဗန်းမော်ထောင်၌ ထောင်ဒဏ် ၁၁ နှစ်ကျခံနေရဆဲ ဖြစ်ကြောင်း သိရသည်။
ဒေါ်စန်းစန်းတင်အပြင် ၎င်း၏ မိသားစုဝင်များအဖြစ် တူမ တော်စပ်သူ မအူပင် အကျဉ်းထောင်မှ မနိုးနိုးအောင်နှင့် တူတော်စပ်သူ ပခုက္ကူထောင်မှ ကိုချစ်ကိုလင်းတို့လည်း လွတ်မြောက်ခဲ့သည်။
အင်းစိန်ထောင်နှင့် မအူပင်ထောင်တွင် ၄ နှစ်ခန့် နေထိုင်ခဲ့ရပြီး လွတ်မြောက်လာသူ မနိုးနိုးအောင်က ထောင်ထဲ၌ ကောင်းမွန် စွာ နေထိုင်ခဲ့ရကြောင်း၊ သို့သော် သာမန်အကျဉ်းကျခံ အမျိုးသမီးများသည် နေ့စဉ် ကောက်စိုက်ခြင်း၊ ကောက်ရိတ်သိမ်း ရခြင်း၊ စပါးခြွေခြင်း တို့ကို လုပ်ဆောင်နေကြရကြောင်း ဧရာဝတီကို ပြောသည်။
“၅(ည) တွေတော့ အလုပ်မလုပ်ရပါဘူး။ ရိုးရိုး အကျဉ်းသူတွေတော့ မိုးလင်းကနေ မိုးချုပ်တဲ့အထိ လယ်ထဲဆင်းရတယ်။ နေ့တိုင်းပဲ အလုပ်ကြမ်းတွေ ခိုင်းတယ်။ တချို့ဆို ပင်ပန်းလို့ ကျန်းမာရေး ထိခိုက်သွားတာတွေ ရှိတယ်” ဟု မနိုးနိုးအောင်က ၎င်းနေထိုင် ခဲ့ရသော မအူပင်ထောင် အကြောင်းကို ရှင်းပြသည်။
သမ္မတ ဦးသိန်းစိန်အစိုးရ၏ အထွေထွေ လွတ်ငြိမ်းချမ်းခွင့် အမိန့်အရ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားအရေအတွက် ၆၃၀၀ ကျော် ကိုအောက်တိုဘာလ ၁၂ ရက်နေ့ သီတင်းကျွတ်လပြည့် နေ့တွင် လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသား အရေအတွက် ၂၀၀ ကျော်သာ ပါဝင်ကြောင်း၊ ထိုအထဲတွင် အမျိုးသမီး အရေအတွက် ဆယ်ဂဏန်းသာ ပါဝင်ကြောင်း သိရသည်။
မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးနှင့် ဆက်စပ်၍ ထောင်ကျခံနေရသူ အမျိုးသမီးပေါင်း ၇၀၀ ခန့် ရှိကြောင်း၊ ထိုအထဲမှ ပြန်လည် လွတ်မြောက်လာသူ ဦးရေ မှာ ၃၀ ခန့်သာ ပါဝင်ကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် (NLD) လူမှုအထောက်အကူပြု အဖွဲ့၏ အမျိုးသမီးများ ကိစ္စ ကူညီ ဆောင်ရွက်ပေးနေသူ ဒေါက်တာ ဒေါ်မေ၀င်းမြင့် က ဧရာဝတီ ကိုပြောသည်။
နိုင်င်ငံရေးမှုဖြင့် ဖမ်းဆီးခံထားရသူ အမျိုးသမီးများအနက် လွတ်မြောက်လာသူများထဲတွင် လူ့အခွင့်ရေး လှုပ်ရှားနေသူ မစုစုနွေး အပါအဝင် မသန်းသန်းဌေး၊ ဒေါ်ထက်ထက်ဦးဝေ၊ မနီမိုလှိုင်၊ မနိုးနိုးအောင်၊ ဒေါ်စန်းစန်းတင် စသည်ဖြင့် ၃၀ နီးပါး၏ စာရင်းကို ရရှိထားကြောင်း ဒေါ်မေ၀င်းမြင့်က ဆိုသည်။
အကျဉ်းကျခံနေသော အမျိုးသမီးများအနက် တချို့သော အမျိုးသမီးများသည် အသည်းရောဂါ၊ နှလုံအားနည်းရောဂါ၊ အကြောတက်ရောဂါ၊ အမျိုးသမီးရောဂါ စသည့် ဝေဒနာများကို ခံစားနေကြရကြောင်း သိရသည်။
အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသူ များအဖြစ် အကျဉ်းကျခံနေကြရသော မသန္တာနှင့် မခင်ခင်နုတို့သည် ကျန်းမာရေး အခြေအနေများ ဆိုးဝါးစွာ ခံစားနေကြရကြောင်း၊ ထို့ကြောင့် ၎င်းတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု ပိုမို လိုအပ်နေကြောင်း ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ဆိုသည်။
“မသန္တာ ဆိုရင် နှလုံးရောဂါ ခံစားနေရတယ်။ မခင်ခင်နုဆိုရင် စီပိုးကြောင့် အသည်းတခြမ်း မကောင်းတော့ဘူး။ သူတို့အတွက်  စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမှုရော၊ ဆေးကုသမှုတွေပါ အပြည့်အ၀ ပေးဖို့လိုအပ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။
ရောဂါဝေဒနာ ခံစားနေရချိန်၌ အမျိုးသမီးတို့၏ သဘာဝအရ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားငယ်တတ်ခြင်း၊ ဆွေးနွေးတိုင်ပင်ရန် အခန်းဖော် လိုအပ်ခြင်းတို့ကြောင့် အခန်းကျဉ်းထဲတွင် တဦးတယောက်တည်း မထားသင့်ဟု သူက ဆက်ပြောသည်။
“ဝေဒနာ ခံစားနေရတဲ့အချိန်မှာ သူတို့ရဲ့ခံစားချက်တွေကို ရင်ဖွင့်ချင်တယ်၊ နားထောင်ပေးမယ့်လူ မရှိရင် ပိုဆိုး သွားတတ်တယ်။ ဒီတော့ ၅(ည) ဆိုရင်လည်း ၅(ည) အချင်းချင်း တူရာ တူရာ ၂ ယောက်စီ ဖြစ်ဖြစ် ထားပေး သင့်တယ်” ဟု ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ဆိုသည်။
နိုင်ငံရေး ပုဒ်မ မဟုတ်သော အမျိုးသမီးများကို စုပေါင်းပြီး အဆောင်တဆောင်၌ ထားလေ့ရှိပြီး ၅(ည) ဖြင့် တိုက်ပိတ်ခံ ထားရသူများကို လေ၀င်၊ လေထွက် နည်းပါးသော အခန်းကျဉ်းများတွင် ထားလေ့ရှိသည်ဟု သိရသည်။
အင်းစိန်ထောင်ထဲရှိ အမျိုးသမီး အကျဉ်းသူများသည် ကျန်းမာရေးစောင့်ရှောက်မှု အတန်အသင့် ရရှိသော်လည်း နယ်ဝေး ထောင်များရှိ အမျိုးသမီးများအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ စားသောက်မှု ကိစ္စများအားနည်းကြောင်း၊ တချို့သော နှစ်ကြီးသမားများသည် ရောဂါဝေဒနာ ပြင်းထန်သော်လည်း ကူညီစောင့်ရှောက်မှု မရှိကြောင်း ထောင်မှထွက်လာသူ အမျိုးသမီးများက ပြောကြသည်။
“နယ်ဝေး ထောင်တွေထဲက အမျိုးသမီးတွေအတွက် အခက်အခဲက စားသောက်မှု ကိစ္စပါပဲ။ ဆေးမှုတွေနဲ့ ထောင်ကျနေတဲ့နှစ်ကြီးသမား တချို့ဆိုရင် အရမ်းသနားဖို့ ကောင်းပါတယ်။ မိသားစုတွေက ထောင်ဝင်စာ လာမတွေ့နိုင်တာမျိုးတွေ အများကြီးပါ” ဟု သရက်ထောင်မှ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသူဟောင်း မနီမိုလှိုင်က ဆိုသည်။
သရက်ထောင်တွင် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများသည် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းမှစ၍ နေထိုင်စားသောက်မှု ကိစ္စတချို့ အဆင်ပြေခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
နယ်ဝေးထောင်များ၌ အကျဉ်းကျခံအမျိုးသမီးများ အနက် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဝါးမလုံလောက်မှု၊ မီးဖွားမှု ကိစ္စတို့အတွက် လိုအပ်မှု အများအပြားရှိကြောင်း သိရသည်။
“အင်းစိန်ထောင်က ကိုယ်ဝန်ဆောင် မိခင်တွေအတွက် အဆင်ပြေပါတယ်။ ရိုးရိုးမွေးရင် ထောင်ဆေးရုံမှာ မွေးတယ်။ ရောဂါရှိသူ ဆိုရင် အပြင်က ဆေးရုံတွေမှာ မွေးပေးတယ်။ မွေးလာတဲ့ ကလေးတွေ မူကြိုထားပေးတာတွေတော့ရှိတယ်” ဟု၎င်းက ရှင်းပြသည်။
နယ်ဝေးထောင်များတွင် အကျဉ်းကျနေသော အမျိုးသမီး အများစုသည် ပညာအရည်အချင်း နည်းပါးခြင်းကြောင့် ကျန်းမာရေးအသိ နည်းပါးကြောင်း၊ ထို့ကြောင့် ထောင်တွင်းရှိ အမျိုးသမီးများအတွက် ကျန်းမာရေး အသိပညာပေးခြင်းတို လုပ်ဆောင်ပေးသင့်ကြောင်း ဒေါ်စန်းစန်းတင် က ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသူများအနေဖြင့် ၎င်းတို့၏ မပြီး ဆုံးသေးသော တာဝန်များ၊ နိုင်ငံရေး အကျဉ်းသားများအားလုံးလွတ်မြောက်ရေး၊ စစ်မှန်သော ဒီမိုကရေစီ ရရှိရေးတို့အတွက် ဆက်လက်တိုက်ပွဲ ၀င်သွားဦးမည် ဟု ဆိုကြသည်။
“ကျမ ကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအပြင် နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ် ဆိုင်းရေး၊ ပြည်တွင်းတခုလုံး တည်ငြိမ် အေးချမ်းပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ် အပြည့်အ၀ မရမချင်း တိုက်ပွဲ ၀င်နေဦး မှာပါ” ဟု ဒေါ်စန်းစန်းတင်က ဆိုသည်။
မြန်မာတနိုင်ငံလုံး၌ အကျဉ်းထောင်ပေါင်း ၄၀ ကျော်ရှိပြီး ထောင်ထဲသို့ ရောက်ရှိလာသော အမျိုးသမီးများအနက် နိုင်ငံရေးမှုအနည်းငယ်သာရှိ၍ အများစုသည် လောင်းကစားမှု၊ မူးယစ်ဆေးမှု၊ အနှိပ်ခန်း၊ တည်းခိုခန်းများတွင် အလုပ်လုပ်ကြရာမှ ဖမ်းဆီးခံရမှု၊ ပြည့်တန်ဆာမှု စသည်တို့ ဖြစ်ကြကြောင်း သိရသည်။

No comments: