တရုတ္ဆိုတာ - - - ဒါ

ကားတိုက်ခံရတဲ့ တရုတ်ကလေးကို ဥပေက္ခာပြု


china_child
ကလေးငယ်ကို ကားနှစ်စီးက ဝင်တိုက်ခဲ့

တရုတ်နိုင်ငံမှာ ကားတိုက်ခံထားရတဲ့ ကလေးမလေးကို အကူအညီ မပေးပဲ လစ်လျူရှုခဲ့ကြတဲ့ ဖြစ်ရပ်ကြောင့် လူထုအကြား ဝေဖန် ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ကွမ်တုံပြည်နယ်၊ ဖိုရှန်မြို့က လူစည်ကားတဲ့ စျေးတခုမှာ CCTV ကင်မရာကနေ ရိုက်ကူး ထားတဲ့ အဲဒီ ဖြစ်ရပ် မြင်ကွင်းကို မြင်ရသူတိုင်း အတော့်ကို အော့နှလုံးနာ ခဲ့ရပါတယ်။
အမေ့မျက်စိအောက်က ခဏလေး ပျောက်ပြီး စျေးတန်း လမ်းမပေါ် မျက်စိလည် လမ်းမှား ရောက်သွားခဲ့တဲ့ အသက် နှစ်နှစ် အရွယ် ကလေး မလေး တယောက်ကို ဗင်ကား တစင်းက ဝင်တိုက်မိခဲ့ပါတယ်။ ကားအောက်ထဲ ကလေးမလေး ရောက်သွား တုန်းမှာ ဗင်ကားက ခဏတော့ ရပ်လိုက်ပါသေးတယ်။ ပြီးတော့ ကလေးရဲ့ ခြေထောက်တွေကို တက်ကြိတ်ပြီး မောင်း ထွက်သွားပါတယ်။
အဲဒီနောက်မှာ လမ်းမပေါ် လဲကျနေတဲ့ ကလေးမလေး ဘေးကနေ လမ်းသွား လမ်းလာတွေ ဖြတ်လျှောက် သွားတာကို တွေ့ရပါတယ်။ အဲဒီထဲမှာ စက်ဘီးသမား၊ မော်တော်ဆိုင်ကယ်သမားတွေ၊ ကလေးနဲ့ လမ်းလျှောက်လာတဲ့ မိန်းမတွေလည်း အပါအဝင်ပါ။ ဒါပေမဲ့ လမ်းပေါ်မှာ လဲနေတဲ့ ကလေးမလေးကို တွေ့ပေမဲ့ ဂရုမစိုက်ပဲ ကျော်သွားကြပါတယ်။
နောက်ကားတွေကလည်း မရပ်ပဲ ကွေ့ရှောင်သွားကြပါတယ်။ ပိုဆိုးတာက လမ်းပေါ် လဲနေတဲ့ အဲဒီကလေးမလေးကို နောက်ကားတစင်းက တခါ ထပ် ကြိတ်လိုက်ပါသေးတယ်။
အဲဒီနောက်မှာမှ အမှိုက်သိမ်းတဲ့ အမျိုးသမီးကြီး တယောက်က တွေ့ပြီး ကလေးမလေးကို လမ်းဘေး ဆွဲပွေ့သွားပြီး အကူအညီ တောင်းတော့တာပါပဲ။
အခုတော့ ကလေးမလေးကို ဝင်တိုက် သွားတဲ့ ကား၂စင်းစလုံးက ကားမောင်း သူတွေကို ဖမ်းထားလိုက်ပြီလို့ သိရပါတယ်။
ဒါပေမယ့် ဒီအဖြစ်အပျက်ကြောင့် တရုတ် ပြည်သူတွေ ကြားမှာတော့ အတော့်ကို အုတ်အော်သောင်းနင်း ဖြစ်သွားရပါတယ်။
တရုတ် အင်တာနက် blog တခုမှာ ဆိုရင် ကိုယ်ချင်းစာစိတ် ကင်းမဲ့တဲ့ အဲဒီလမ်းသွားလမ်းလာတွေကို ဒေါသတကြီး ဝေဖန် ပြောဆို ထားတဲ့ မှတ်ချက်တွေ ပလူပျံနေပါတယ်။
ခွေးတွေ၊ ဝက်တွေတောင် အဲဒီလူတွေထက် ပိုစာနာစိတ် ရှိသေးတယ်လို့ တယောက်က ရေးထားသလို တရုတ်နိုင်ငံမှာ လူ့ကျင့်ဝတ် ဆိုတာ လုံးဝ မရှိတော့ဘူး လို့ တယောက်က ဝေဖန် ထားပါတယ်။
နောက်တယောက်ကတော့ အခုအခါ လူတွေဟာ ငွေကလွဲပြီး ဘာကိုမှ ဂရုမစိုက် တော့ဘူးလို့လည်း ရေးထားပါတယ်။
တချို့ကတော့ တရုတ်နိုင်ငံမှာ အခုလို မတော်တဆ ဖြစ်ရပ်မျိုးတွေမှာ ဘေးက ဝင်ကူညီသူတွေကို ဆေးကုစားရိတ် ခံခိုင်းတာတို့ တရားခံ ရှာတာတို့တွေ ရှိနေတာကြောင့် ကိုယ်နဲ့ မပတ်သက်ရင် ဝင်ပါဖို့ ကြောက်တဲ့ လမ်းသွား လမ်းလာတွေ ဘက်က နားလည် နိုင်တယ်လို့ ဆိုပါတယ်။
မဆီမဆိုင် ကြားထဲက အချောင် လျော်နေရမယ် ဆိုပြီး လမ်းပေါ်လဲကျနေတဲ့ သက်ကြီး ရွယ်အိုတွေကို လမ်းသွားလမ်းလာတွေက လစ်လျူ ရှုခဲ့ကြပုံတွေကို China Daily သတင်းစာကြီးမှာ ဖေါ်ပြခဲ့ပါသေးတယ်။
လမ်းမှာ လဲကျနေတဲ့ သက်ကြီး ရွယ်အို အဘွားအိုတဦးကို ဆေးရုံ ပို့ခဲ့တဲ့ Peng Yu ဆိုတဲ့ လူကို အဲဒီ အဘွားကြီးအတွက် ဆေးကု စားရိတ် ခံဖို့ တရားစွဲခဲ့တာမျိုး၊ တခါ လမ်းမှာ လဲကျနေတဲ့ အဘွားအို တဦးကို ကားရပ်ပြီး သွားကူခဲ့ရာမှာ ကားနဲ့ ဝင်တိုက်ပါတယ် ဆိုပြီး အစွပ်စွဲခံရတာမျိုး ဖြစ်ရပ်တွေ အရင်က ရှိခဲ့ဖူးတာကြောင့်လည်း ဖြစ်ပါတယ်။
စေတနာနဲ့ ကူတဲ့ သူတွေ မတရား စွပ်စွဲခံခဲ့ရတဲ့ အဲဒီလို သာဓက ဖြစ်ရပ်မျိုးတွေ ရှိခဲ့တာကြောင့်လည်း အခုလို လူတွေက ကိုယ်နဲ့ မဆိုင်ရင် ဝင်မပါပဲ နေမယ်ဆိုပြီး ဖြစ်လာကြတာလို့ ဝေဖန် ပြောဆိုသူတွေလည်း ရှိနေပါတယ်။
တချို့ကျတော့လည်း ကိုယ်ဘာမှ မလုပ်နိုင်ရင်တောင် အနည်းဆုံးတော့ အရေးပေါ် သူနာပြုကား ဖုန်းဆက်ခေါ်ဖို့လောက်တော့ လုပ်သင့်တယ် ဆိုပြီး ပြောသူတွေလည်း ရှိနေပါတယ်။

No comments: