တိုင်း​ရင်း​သား​အဖွဲ့​များ​က အပစ်ရပ်သ​ဘောတူချက်ကို တပ်​ပေါင်း​စုအဖြစ်သာ ​ဆွေး​နွေး​မည်

Published on October 27, 2011 by ဒီဗွီဘီ

ယူအန်အက်ဖ်စီ (ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ) အဖွဲ့​ဝင် တိုင်း​ရင်း​သား​အဖွဲ့​ဝင်​တွေနဲ့​ အစိုး​ရဘက်က ပြည်နယ်အစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ ပဏာမ စတင်​တွေ့​ဆုံမှု​တွေ ရှိ​နေပြီး​ တဖွဲ့​ချင်း​က အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​မှုကို​တော့​ ယူအန်အက်ဖ်စီ တပ်​ပေါင်း​စု တခုလုံး​အ​နေနဲ့​ပဲ ​ဆွေး​နွေး​မှာပါလို့​ ယူအန်အက်ဖ်စီက ​ပြောပါတယ်။

မွန်၊ ​ ရှမ်း​၊​ ကရင်၊​ ကချင် စတဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ မကြာ​သေး​မီက သက်ဆိုင်ရာ ပြည်နယ်အစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပြီး​ အလား​တူ သ​ဘောထား​ကိုပဲ ​ပေး​ခဲ့​ကြပါတယ်လို့​ ယူအန်အက်ဖ်စီ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ နိုင်ဟံသာက ​ပြောကြား​ပါတယ်။
မွန်ပြည်သစ်ပါတီက မွန်ပြည်နယ်အစိုး​ရကိုယ်စား​လှယ်​တွေနဲ့​ ဒီလ ၆ ရက်​နေ့​ မွန်ပြည်နယ် ​ရေး​မြို့​မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ရာမှာလည်း​ တပ်​ပေါင်း​စုရဲ့​ သ​ဘောထား​ ကိုပဲ ​ပေး​ခဲ့​ပါတယ်လို့​ နိုင်ဟံသာက ​ပြောပါတယ်။
တပ်​ပေါင်း​စု အဖွဲ့​ဝင်များ​နှင့်​ ​မေး​မြန်း​ချက်
ပေါလ်စီထား​ (အ​ထွေ​ထွေတွင်း​ရေး​မှူး​)
စီအန်အက်ဖ် (ချင်း​အမျိုး​သား​တပ်ဦး​)
“ကျ​နော်တို့​ က​တော့​ ဒီမှာလာကမ်း​လှမ်း​ရင် ​ဆွေး​နွေး​မှာပါ။ ​ပြောမယ်။ ​နောက်ဆုံး​မှာ တိုင်း​ရင်း​သား​အား​လုံး​ စုံစုံညီညီ ​ဆွေး​နွေး​နိုင်တဲ့​နေရာကျ​တော့​ ယူအန်အက်ဖ်စီ အတိုင်း​သွား​မယ်။ ပြည်နယ်​တွေမှာကျ​တော့​ ဒီဘက်က ကမ်း​လှမ်း​လာရင်​တော့​ ​ပြောမယ်။ သီး​သန့်​ပေါ့​နော်။
“ကျ​နော်တို့​ ချင်း​ပြည်တခုအတွက်နဲ့​ မြန်မာပြည်တခုလုံး​က အား​လုံး​ ညီမှရမယ်​လေ။ ဒီဘက်မှာ ချင်း​ကအစိုး​ရနဲ့​ပြေလည်ပြီ ဆိုပြီး​မှ အ​ရှေ့​ဘက်က ရှမ်း​၊​ ကရင်၊​ မွန်၊​ ကချင် သူတို့​မယူဘူး​ဆိုလည်း​ ဒီဘက်မှာ တချို့​တဝက်နဲ့​ တည်​ဆောက်လို့​ မရ​တော့​ အဲဒီ​နေရာမှာ ကျ​နော်တို့​အား​လုံး​ ပြန်ညီညွတ်မှရမယ်။ ကျ​နော်တို့​ ဆိုလိုချင်တာက ဒီမှာပြည်နယ်အစိုး​ရက​နေ လာပြီး​တော့​ ကမ်း​လှမ်း​တယ် ဆိုရင်​တော့​ ကျ​နော်တို့​ ​ပြောမယ်။ အဲဒီဟာက ပဏာမ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲပဲဖြစ်မယ်။ ဒါ​ပေမယ့်​ တတိုင်း​ပြည်လုံး​ အတိုင်း​အတာနဲ့​ ကျ​နော်တို့​ သွား​မယ်ဆိုရင် ယူအန်အက်ဖ်စီနဲ့​ ပြန်သွား​မှာ။ ငြိမ်း​ချမ်း​ရေး​ကို သီး​ခြား​ မယူဘူး​။ ဆိုလိုချင်တာက ​တွေ့​ဆုံ​ဆွေး​နွေး​မှု မရှိဘဲနဲ့​တော့​ အပစ်အခတ် ရပ်စဲ​ရေး​ဆိုတာ ​ပြောဖို့​ မလွယ်​သေး​ဘူး​လေ။”
ပဒို​စောလှ​ငွေ (ပြန်ကြား​ရေး​တာဝန်ခံ)
ကေအန်ယူ (ကရင်အမျိုး​သား​အစည်း​အရုံး​)
“ပြည်နယ်တခုလုံး ​ အပစ်အခတ်ရပ်စဲ​ရေး​ ကိစ္စအတွက်ကို ​ပြောပါတယ်။ ဒါပါပဲ။ အဲဒါ​တော့​ လုပ်လို့​မရပါဘူး​။ အဲဒီကိစ္စကို မနက်ဖြန်ကို ညှိနှိုင်း​ဖို့​ပဲဖြစ်တယ်။ ပထမရပ်တည်ချက်က ​ပြောင်း​လဲမှု မရှိပါဘူး​၊​ နိုင်ငံ​ရေး​ သ​ဘောတူညီချက်၊​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက် သီး​ခြား​ ဘာမှမလုပ်ပါဘူး​။”
ဗိုလ်မှူး​ကြီး​ ခွန်ဥက္ကာ (ဥက္ကဋ္ဌ)
ပအို့​ဝ်အမျိုး​သား​ လွတ်​မြောက်​ရေး​အဖွဲ့​ချုပ်
“အပစ်အခတ် ရပ်စဲ​ရေး​။ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲကို တက်လှမ်း​ဖို့​ အဆင့်​ကို ​ရောက်လာလို့​ရှိရင် တဖွဲ့​ချင်း​ဆွေး​နွေး​ပွဲ စကား​ပြောဖို့​ အဆင့်​မှာ တဖွဲ့​ချင်း​လုံး​ဝ မလုပ်ဘဲနဲ့​ အဲဒီအဆင့်​မျိုး​တွေမှာ ယူအန်အက်ဖ်စီ က​နေတဆင့်​ အစုအဖွဲ့​နဲ့​ ပြုဖို့​ဆိုတဲ့​ဟာ အဲဒီအချက် ၂ ချက်ကို တဖွဲ့​ချင်း​ ဗမာဘက်မှ​တွေ့​တဲ့​အချိန်မှာ ရှင်း​ပြဖို့​ ​ပေး​ထား​တယ်။”
ယူအန်အက်ဖ်စီကို ကချင်ပြည်လွတ်​မြောက်​ရေး​အဖွဲ့​၊​ ရှမ်း​ပြည်တိုး​တက်​ရေး​ ပါတီ၊​ ကရင်အမျိုး​သား​အစည်း​အရုံး​၊​ ကရင်နီပြည်တိုး​တက်​ရေး​ပါတီ၊​ မွန်ပြည်သစ် ပါတီ၊​ ချင်း​အမျိုး​သား​တပ်ဦး​၊​ စတဲ့​ တိုင်း​ရင်း​သား​အဖွဲ့​ ၁၂ ဖွဲ့​နဲ့​ ဒီနှစ်ဆန်း​ပိုင်း​မှာ ဖွဲ့​စည်း​ခဲ့​တာ ဖြစ်ပါတယ်။

No comments: