ကခ်င္ရြာထဲမွာ အစုိးရစစ္တပ္ လူသတ္မႈ

ကချင် ရွာ ထဲ က အစိုးရ စစ်တပ် ရဲ့ လူသတ်မှု

ဒုက္ခသည်စခန်းကနေ အပြန်မှာ ရွာသားနှစ်ဦး ပစ်သတ်ခံ လိုက်ရတာ ဖြစ်ပါတယ်
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဘက်မှာ အစိုးရစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြားရှိနေတယ် လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ ပတ်လောက်က မိုးမောက်မြို့နယ် နန်ဆန်ရွာထဲမှာ ရွာသားနှစ်ဦး အစိုးရစစ်တပ်ရဲ့ ပစ်သတ်တာကို ခံလိုက်ရတယ်လို့ တခြား ရွာသား တဦးက ဘီဘီစီကို ပြောပြပါတယ်။
အသက် ၄၀ အရွယ် ရီလူး ဆိုသူနဲ့ အသက် ၃၀ အရွယ် ဆန်တား တို့နှစ်ဦးဟာ တိုက်ပွဲတွေကြောင့် ကြောက်လန့်ပြီး ဒုက္ခသည်စခန်းကို ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ကြောင်း နဲ့ တပတ်အကြာမှာတော့ ရွာမှာရှိတဲ့ သူတို့ရဲ့ ကျွဲ နွားတွေနဲ့ လယ်ယာတွေကို စိတ်မချလို့ ပြန်လာကြည့်ရာ မှာ ရွာ ထဲမှာ တင် သူတို့ ပစ်သတ်ခံလိုက်ရ တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို အစိုးရစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တရားလက်လွတ် လုပ်နေ တာတွေဟာ ပုံစံမျိုးစုံရှိနေတယ်လို့ ဘီဘီစီ သတင်းထောက် ဦးမျိုးသစ်က ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့က ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နန်ဆန်ယန်ရွာက ကိုဌေးမောင်နဲ့ ကိုတင်ဝင်း ဆိုသူ ၂ ဦး လည်း အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ကက်သလစ် တရားဟောဆရာ အောင်လီဟာ ဘုရားကျောင်းထဲမှာ ပုန်းနေစဉ် အစိုးရ စစ်တပ်က ဆွဲထုတ်ပြီး နောက်ကျောကို သေနတ်နဲ့ ပစ်ခဲ့ တာတွေ၊ နောက်တခါ စခန်းတပ် ရွာက လူတဦးလည်း အရိုက်ခံရလို့ ဆေးရုံတင် လိုက်ရတာတွေ ရှိကြောင်း ဦးမျိုးသစ် က ပြောပါတယ်။
လက်နက်ကြီး ကျည်တွေ ကျလို့ အများပြည်သူ ထိခိုက် သေဆုံးရတာ တွေလည်း ရှိခဲ့ပါတယ်။
ကွတ်ခိုင်မြို့နယ် လွယ်ကန်ဘက်မှာ ရွာသား ၁၀ ယောက်ကျော်ကို မသင်္ကာလို့ ဆိုကာ အစိုးရ စစ်တပ်က ဖမ်းခေါ်သွားပြီး ကွတ်ခိုင် ဗျူဟာရုံးထဲမှာ ဖမ်းထားကြောင်း၊ ဆွေမျိုးတွေက သွားရောက်ပြီး တွေ့ခွင့်တောင်းတော့လည်း သူတို့ဟာ KIA နဲ့ အဆက်အသွယ်ရှိတဲ့ လူတွေ ဖြစ်လို့ ထောင်ချမှာ ဖြစ်ကြောင်း ပြောလွှတ်လိုက်တယ်လို့ ဆိုပါတယ်။
အစိုးရစစ်တပ်က ပေါ်တာ ဆွဲတဲ့နေရာမှာလည်း ကလေးမိခင်တွေကိုပါ ပေါ်တာဆွဲနေတယ် လို့ သိရပါတယ်။

No comments: