အရှင်ဂမ္ဘီရ ကျန်းမာရေးအခြေအနေမကောင်း

အရှင် ဂမ္ဘီရ ကျန်းမာရေး အခြေအနေ ဆိုးနေ

ကလေးထောင်မှာ အကျဉ်းကျနေတဲ့ အရှင် ဂမ္ဘီရ ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးဝါး လာနေတဲ့အတွက် အမြန်ဆုံး ဆေးကုသခွင့် ရရေး၊ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ နဲ့ တွေ့ခွင့်ရရေးနဲ့ အမြန်ဆုံး ပြန်လွှတ်ပေး ရေးအတွက် AHRC အာရှ လူ့အခွင့်အရေး ကောင်စီက သမ္မတ ဦးသိန်းစိန်ထံ အိတ်ဖွင့် စာ ရေးသား တောင်းဆို လိုက်ပါတယ်။
၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ အရှင်ဂမ္ဘီရဟာ ကလေး အကျဉ်းထောင်မှာ ထောင်ဒဏ် ၆၃နှစ် ကျခံနေရတာ ဖြစ်ပါတယ်။
ခန္တီး အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရစဉ်တုန်းက တလလောက် ဦးခေါင်းနဲ့ နောက်ကျော ရိုက်နှက်ခံထားရတဲ့အတွက် အရှင် ဂမ္ဘီရ ဟာ နောက်ကျောပိုင်း အမြဲတမ်း နာကျင်နေပြီး စိတ်ပိုင်းဆိုင်ရာ မကျန်းမမာ ဖြစ်တဲ့ အခြေအနေထိ ရောက်နေတယ်လို့ သိရကြောင်း AHRC အာရှ လူ့အခွင့်အရေးကောင်စီက ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
ကလေးထောင်ထဲ ရွှေ့ပြောင်း ခံခဲ့ရတဲ့အခါမှာလည်း ရာသီဥတုဒဏ်ကြောင့် ရောဂါ အခြေအနေ ပိုဆိုးလာတယ်လို့ ဆိုပါတယ်။
ဒါကို ထောင်အာဏာပိုင်တွေက ကျွမ်းကျင်သူ ဆရာဝန်တွေနဲ့ ကုသမပေးပဲ နီးစပ်ရာ စိတ်ငြိမ်ဆေးတွေ ထိုးပေးနေတာကြောင့် တန်ဆေးလွန်ဘေး ဖြစ်သွားမှာကို စိုးရိမ်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။
အရှင်ဂမ္ဘီရကို ရန်ကုန်ကို ပြန်ပို့ပေးမယ် ဆိုရင် ကျွမ်းကျင်ရာ ဆရာဝန်တွေနဲ့ တွေ့ပြီး သင့်တော်ရာ ဆေးဝါးတွေ စားသုံးခွင့် ရမယ်ဆိုရင် ပုံမှန် ပြန်ဖြစ်လာမယ်လို့ ယူဆကြောင်းနဲ့ အရင် စစ်အစိုးရထက် အခုအစိုးရသစ်က လူသားချင်း စာနာမှု ပိုမို ရှိလိမ့်မယ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အစိုးရကိုယ်တိုင် လေးစား လိုက်နာမယ်လို့ ယူဆတာကြောင့် သမ္မတ ဦးသိန်းစိန်ထံ အခုလို အခုလို အိတ်ဖွင့် ပေးစာ ပေးပို့ရတာ ဖြစ်ကြောင်း AHRC အာရှ လူ့အခွင့် အရေး ကောင်စီက ရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။
အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေး အခြေအနေ ဆိုးဝါးလာနေတယ် ဆိုတဲ့ သတင်းတွေကြောင့် သားအတွက် စိုးရိမ် ပူပန်နေပြီး ညည အိပ်မပျော် ဖြစ်နေရတယ်လို့ မိခင် ဒေါ်ရေးကလည်း ဘီဘီစီကို ပြောပါတယ်။
၄လကြာ အတွင်း ပထမဆုံးအကြိမ် အဖြစ် လာမယ့် ကြာသပတေးနေ့ကျရင် ထောင်ဝင်စာ သွားတွေ့ဖို့ စီစဉ်ထားပြီး အဲဒီက ပြန်လာရင် နေပြည်တော်ကို ကိုယ်တိုင်သွားပြီး အရှင် ဂမ္ဘီရ ပြန်လွတ်လာရေးကို တင်ပြ ပြောဆိုမယ်လို့လည်း ဒေါ်ရေးက ပြောပါတယ်။

No comments: