ကောင်းတာ တပဲ ဆိုးတာ တပိဿာ

ဆိုးတဲ့ အချက်ကို ကောင်းအောင်လုပ်ဖို့ ပြောမယ် 

ကင်တားနားကို ယူကေ အစိုးရ ချီးကျူး
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် စုံစမ်း စစ်ဆေးပြီး ကုလသမဂ္ဂမှာ တင်ပြခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ကြိုးပမ်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ကျေနပ် ဂုဏ်ယူမိသလို ကျေးဇူးလည်း တင်ကြောင်း ယူကေ အစိုးရ နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ လေးနက်ခိုင်မာတဲ့ အချိန်ဇယားတွေ ထုတ်ပြန်ပေးဖို့ ၊ အကျဉ်းထောင်တွေ အကုန်လုံးကို အိုင်စီအာစီကို ဝင်ရောက် စစ်ဆေးခွင့် ပေးဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရပ်တည်ခွင့် အရေးနဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ စတဲ့ မြန်မာ အစိုးရအပေါ် လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်တွေကို ထောက်ခံကြောင်း ဆိုထားပါတယ်။
တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို လူ့အခွင့်အရေး ချိုးဖောက် ခံရမှု အခြေအနေ တွေက ဆက်လက် ဆိုးဝါး လာနေတဲ့ အပေါ် လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်နဲ့ ထပ်တူ စိုးရိမ် ပူပန်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် သင့်တင့်ရဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်မယ့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့သစ်ရဲ့ လုပ်ဆောင် နိုင်စွမ်း တွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ရဲ့ အမြင်အပေါ် ကြိုဆိုပါတယ်လို့ ယူကေ အစိုးရ နိုင်ငံခြားရေးရာ ဌာနရဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။
အကောင်းမြင်ရင် ကောင်းတယ် ပြောပြီး အဆိုးမြင်ရင် ကောင်းအောင် လုပ်ဖို့ ပြောမယ့် ကင်တားနား
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားကို ဘီဘီစီက တိုက်ရိုက် ဆက်သွယ် မေးမြန်းတဲ့ အခါ သူက တဘက်မှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းတာ၊ စာပေ စိစစ်ရေးနဲ့ ပတ်သက်ပြီး တချို့တလေကို လျော့ချပေးတာ ဆိုတဲ့ ကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တာ ရှိပေမဲ့ တခြားတဘက် မှာတော့ တိုင်းရင်းသား နယ်ပယ်တွေမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက် ကျူးလွန်နေပြီး ရွာသူရွာသားတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းတာမျိုး၊ ဥပဒေမဲ့ ညှင်းဆဲ သတ်ဖြတ်တာမျိုး လုပ်နေသလို အစိုးရသစ်ဟာ ဒါတွေကို ရပ်တန့်ဖို့ လုံးဝ မဆောင်ရွက် သေးဘူးလို့ ပြောပါတယ်။
ကချင်၊ ကရင် ၊ ရှမ်း နေရာတွေက တိုင်းရင်းသားတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း သတင်းတွေကို သိနေရပြီး နိုင်ငံရေး အကျဉ်းသား အရေအတွက် ပြဿနာကို ကျွန်တော် အငြင်း မပွားချင်ပါဘူး ၊ အစိုးရက သူတို့ကို ဖမ်းထားတယ်ဆိုတာ ဝန်ခံထားပြီးသား ဖြစ်ပေမဲ့ သူတို့ ပြောတဲ့ အရေအတွက်ထက် များမယ်လို့ ယူဆတဲ့ အပြင် အတိတ်မြန်မာ သမိုင်းမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ထောင်ထဲမှာ ရှိနေစဲ ဖြစ်သလို ၈၈ ကျောင်းသားခေါင်းဆောင်တွေ ၊ ၂၀၀၇ ခုနှစ် ကျောင်းသားခေါင်းဆောင်တွေ ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ကျန်ပါသေးတယ် ဆိုတာကတော့ သေချာပါတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
နောက်ဆုံး မြန်မာနိုင်ငံကို ရောက်တုန်း ရိုက်ခဲ့တဲ့ ကင်တားနား ဓါတ်ပုံ
ဒီအစိုးရဟာ ပြောင်းလဲ နေပြီလို့ ဆိုတဲ့ အမြင်တွေနဲ့ ပတ်သက်လို့ မစ္စတာ ကင်တားနားကတော့ ရှုပ်ထွေးစရာ မရှိပါဘဲ အချက်အလက်ကို ပဲ ကြည့်ပါတယ် သူ့တာဝန် ကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အချက်အလက် တွေ အပေါ်မှာ အကဲဖြတ်ဖို့ပါပဲလို့ ဆိုပါတယ်။
ကောင်းတဲ့ အချက်ကို မြင်ရင် ကောင်းတယ်လို့ ပြောပြီး ဆိုးတဲ့ အချက်တွေကို မြင်ရင် ကောင်းအောင်လုပ်ဖို့ ပြောတယ် ၊ စောစောက ကချင် ကရင် ရှမ်းပြည်နယ်က ကိစ္စတွေမျိုး နောက် ချင်းပြည်နယ်က စားနပ်ရိက္ခာ ပြဿနာ နောက် ရိုဟင်ဂျာ ပြဿနာ တွေ အပြင် ပြဿနာတွေ အများကြီးထပ်ပြီး ဖြေရှင်းဖို့ ကျန်ပါသေးတယ်။
မြန်မာအစိုးအရ အနေနဲ့ လူ့အခွင့်အရေး အခြေအနေတိုးတက်ကောင်းမွန်အောင် ဦးစားပေးအနေနဲ့ အကြံပေးချက်တွေကို မေးမြန်းတဲ့အခါ ကျနော့် အစီရင်ခံစာ ထဲမှာ အချက်များစွာကို အကြံပြုထား ပေမဲ့ ဦးစားပေး ဆောင်ရွက်ရမယ့် အချက်တွေကို ပြောရရင်တော့ နိုင်ငံရေး အကျဉ်းသားတွေကို အားလုံး ချက်ချင်း ချွင်းချက်မရှိ လွှတ်ပေးပြီး တိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတာ တွေကို ချက်ချင်း ရပ်ပါလို့ ပြောချင်ကြောင်း မစ္စတာ ကင်တားနားက ပြောသွားခဲ့ပါတယ်။

No comments: