
ကချင်ပြည်နယ်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများကို တွေ့ရပုံ။ ကချင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည် ငါးထောင်ကျော် ရှိသည်ဟု အစိုးရက ပြောသည် (ဓာတ်ပုံ - Jinghpaw Kasa Blog)
လာမည့်လများတွင် အအေးဒဏ် ပိုမိုပြင်းထန်လာမည်ဖြစ်သောကြောင့် ဒုက္ခသည်များ အခက်အခဲပိုမိုကြီးမားလာမည်ဟု သူက ဆက်ပြောသည်။
KWAT ခေါ် ကချင်အမျိုးသမီးအဖွဲ့ (ထိုင်းနိုင်ငံ) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါ်မွန်းနေလီကလည်း စစ်ပြေးဒုက္ခသည်များအတွက် အစားအစာသာမက နယ်စပ်ဒေသ ရာသီဥတုဒဏ်ကို ခုခံနိုင်မည့် အနွေးထည် နှင့် စောင် အလုံအလောက် လိုအပ်သည်ဟု ဧရာဝတီကို ပြောသည်။
ယခုတပတ်အတွင်း အစိုးရက ကချင်ဒေသ ထိုးစစ်ကြီးများ ဆက်လက်ပြုလုပ်နေသဖြင့် နယ်စပ်သို့ တိမ်းရှောင်မည့် စစ်ပြေးအရပ်သား အရေအတွက် ပိုများလာဖွယ်ရှိသည်ဟု KWAT က ခန့်မှန်းထားသည်။
“တိုက်ပွဲတွေ ဖြစ်နေတာကို ကြောက်ပြီးတော့ လူ အများကြီး ထွက်ပြေးရဦးမှာပဲ” ဟု ဒေါ်မွန်းနေလီက ပြောသည်။
တရုတ်မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၁၅ ခုခန့်တွင် ခိုလှုံနေသူများအတွက် ကချင်ဒေသခံတို့ လှူဒါန်းထားသည့် ရိက္ခာမှာ တလစာသာ ကျန်ရှိတော့သည်ဟု သူက ဆက်ပြောသည်။
တရုတ်မြန်မာ နယ်စပ်တလျှောက်သို့ ရောက်လာသည့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ သုံးသောင်းအထိပင် ရှိနိုင်သည်ဟု ဒေါ်မွန်းနေလီက ပြောသည်။
စက်တင်ဘာ ၂၄ ရက်နေ့ထုတ် အစိုးရချုပ်ကိုင်သည့် သတင်းစာများတွင်မူ ကချင်ပြည်နယ်တွင် ကယ်ဆယ်ရေးစခန်း ၃၈ ခု ဖွင့်ထားကြောင်း၊ “ကချင်ပြည်နယ်အတွင်း အချို့နေရာများ၌ နယ်မြေလုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့လာကြသူ” ၅၅၈၀ ဦး ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးအောင်ကြည်ကို ကိုးကားပြီး ဖော်ပြထားကြသည်။
ဝန်ကြီး၏ ပြောဆိုသည့် အရေအတွက်မှာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာဒေသတွင် ခိုလှုံနေသူများကို ထည့်သွင်း တွက်ချက်ထားခြင်း ရှိမရှိ မသိရသေးပေ။
အစိုးရတပ်များနှင့် ကချင် လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၃ လ ကျော်လာပြီ ဖြစ်သည်။
စစ်ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် အစိုးရတပ်များက ဒေသခံတို့အပေါ် အနိုင်ကျင့် နှိပ်စက်နေကြောင်း နယူးယောက် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် Human Rights Watch (HRW) က အင်္ဂါနေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ထားသည်။
ဒေသခံတို့အပေါ် အနိုင်ကျင့် နှိပ်စက်မှုများထဲတွင် လုပ်အားပေးခိုင်းစေခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများကိုဖျက်ဆီးခြင်းတို့လည်း ပါဝင်သည်ဟု ကြေညာချက်က ဆိုသည်။
KWAT အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်တွင်လည်း တိုက်ပွဲများဖြစ်ပွားသည့် ပထမ ၂လအတွင်း မတရားပြုကျင့်ခံရသည့် ဒေသခံအမျိုးသမီး အရေအတွက် ၃၇ ဦးရှိသည်ဟု ဖော်ပြထားသည်။
ထိုအထဲမှ ၁၃ ဦး သတ်ဖြတ်ခံရသည်ဟု အစီရင်ခံစာတွင် ရေးထားသည်။ (ဧရာဝတီမှ ယူပါတယ်)
No comments:
Post a Comment