တပ်တွင်း မတရားအနိုင်ကြင့်မှု

တပ်တွင်း အရာရှိနှစ်ဦး ထိုးကြိတ်မှု စစ်ခုံရုံးဖွဲ့စစ်ဆေး

ချင်းမိုင် (မဇ္ဈိမ) ။      ။ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ ( ၁၇) ၌ အရာရှိငယ်နှစ်ဦးက တပ်သား တဦးကို ပြင်းထန်စွာ ကိုယ်ထိလက်ရောက်ကျူးလွန်သည်ဟု စွပ်စွဲထားသည့် အမှုနှင့် ပတ်သက်၍ ပင်မ စစ်လက်နက် ပစ္စည်းတပ် နတ်မောက် (ပပန) မှ ဗိုလ်မှူးချုပ် ဗိုလ်လွင် က ဦးဆောင်ကာ ခုံရုံးဖွဲ့ စစ်ဆေး လျက်ရှိသည်။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်အခြေစိုက် ကပစ (၁၇) တွင် တာဝန်ထမ်းဆောင်နေသော ကိုယ်ပိုင်အမှတ် - ကြည်း- ၅၇၄ဝ၃ ဗိုလ်ခင်ဇော်အောင်နှင့် ကိုယ်ပိုင်အမှတ် ကြည်း - ၅၇၃၈၃ ဗိုလ်ဟိန်းဝင်းအောင် တို့က စက်တင်ဘာလ ၁၄ ရက်နေ့က ကိုယ်ပိုင်အမှတ် - ကြည်း ၃၄၃၈၄၁ တပ်သား အောင်ငြိမ်းချမ်းကို ထိုးကြိတ်၊ ကန်ကျောက်ကာ ဝါးစိမ်းတုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ တနာရီက ခုံရုံးစတင်ဖွင့်လှစ်ပြီး တရားလိုဖြစ်သူ တပ်သား အောင်ငြိမ်းချမ်းနှင့် မိခင်ဖြစ်သူ ဒေါ်မြင့်ဇူတို့ကို သီးခြားစီစစ်ဆေးခဲ့ကြောင်း ဒေါ်မြင့်ဇူက မဇ္ဈိမကိုပြောသည်။

ခုံရုံးကို အောက်တိုဘာ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းကာ နတ်မောက်မြို့နယ် ပင်မ စစ်လက်နက်ပစ္စည်းတပ်မှ ကြည်း - ၁၄၃ဝဝ ဗိုလ်မှူးချုပ် ဗိုလ်လွင် က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ကာ၊ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဋ္ဌာနချုပ် အမှတ် - ၁၈ဝ၉ မှ ဗိုလ်မှူး ကိုကိုနိုင်တို့က အတွင်းရေးမှူး၊ ပင်မစစ်လက်နက်ပစ္စည်းတပ်မှ ဗိုလ်ကြီးမြတ်နိုးက အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။

“အဲဒီအရာရှိ သုံး ဦးက ဘေးမှာ စစ်သား ငါး ယောက်ခြံရံပြီးတော့ ကျမကိုစစ်တယ်။ တိုင်ရင် ထောင်ကျမယ်
ဆိုတာ ခင်ဗျားကို ဘယ်သူပြောသလဲတို့။ တိုင်စာကို ရေးပေးတဲ့လူကို အဓိကထားမေးတယ်။ စာစီပေးတဲ့
လူတို့ ဘယ်ကွန်ပြူတာမှာရိုတ်တာလဲတို့၊ ကပစ (၁၇) ကို မတိုင်ဘဲနဲ့ သမ္မတကို တိုင်တယ်ဆိုတာ အရာရှိ
တွေ နစ်နာတယ်ဆိုတဲ့အကြောင်း၊ စက်ရုံကိုမတိုင်ဘဲ ကျော်တိုင်တယ်တို့ မေးတယ်” ဟု ဒေါ်မြင့်ဇူက မဇ္ဈိမ
ကို ပြောသည်။

“တိုင်တာကတော့ သတင်းစာတွေ၊ ရေဒီယိုတွေ ထဲကကြားတဲ့သိတဲ့အတိုင်း ကြည့်ပြီးတိုင်တယ်။ စာစီတာက
တော့ ကိုယ်ကပြော ပြတာကို နောက်က ကွန်ပြူတာ သမားက စာရိုက်ပေးတယ်လို့ ကျမကပြန်ဖြေခဲ့တယ်”
ဟု သူက ဆက်ပြောသည်။

တရားခံဖြစ်သူ ဗိုလ်ခင်ဇော်အောင် နှင့် ဗိုလ်ဟိန်းဝင်းအောင်တို့ကို စစ်ဆေးခြင်း ရှိမရှိ မသိခဲ့ရ ဟုဆိုသည်။ ဗိုလ်ဟိန်းဝင်းအောင်မှာ လာမည့် နှစ်ဆန်းတွင် တရုတ်နိုင်ငံသို့ ပညာတော်သင်သွားရန် ရွေးချယ်ခံရထားသူ ဖြစ်သည်။

ထိုးကြိတ်ခံရမှုနှင့် ပတ်သက်ပြီး ကပစ (၁၇) မှ အရေးယူပေးလိမ့်မည်အထင်ဖြင့် စောင့်ကြည့်ခဲ့သော်လည်း မဖြစ်လာသဖြင့် မိခင် ဒေါ်မြင့်ဇူ က စက်တင်ဘာ ၂ဝ ရက်နေ့တွင် သမ္မ တဦးသိန်းစိန်အပါအဝင်၊ ကာကွယ်ရေး ဝန်ကြီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် မကွေးတိုင်း ဝန်ကြီးချုပ်တို့အား တိုင်ကြားခဲ့သည်။

စက်တင်ဘာ ၁၄ ရက်နေ့ က တာဝန်ပြီး အနားယူ ရေချိုးနေသည့် အောင်ငြိမ်းချမ်း ကို ဗိုလ်ခင်ဇော်အောင် ကအပြင်မှ ခေါ်သဖြင့် ထွက်တွေ့သည့် အခါတွင် အင်္ကျီ ကြယ်သီးတလုံး ပြုတ်နေပြီး သတိဆွဲရန် မေ့လျော့ခဲ့ခြင်းကြောင့် ဗိုလ်ခင်ဇော်အောင်နှင့် ဗိုလ်ဟိန်းဝင်းအောင်တို့က အချက် (၄ဝ) ထက်မက ထိုးကြိတ် ကန်ကြောက်ပြီး ဝါးစိမ်းဒုတ်ဖြင့်ပါ ရိုက်နှက်ခဲ့ကြောင်း ဒေါ်မြင့်ဇူက ပြောသည်။

ဒါဏ်ရာများပြင်းထန်သဖြင့် တပ်တွင်းဆေးခန်းတွင်ပြသသော်လည်း မသက်သာသဖြင့် တောင်တွင်းကြီးမြို့ မဏိမေခလာ ဆေးခန်းသို့ တပ်အစီအစဉ်ဖြင့် သယ်ဆောင်ကာ သွားရောက် ကုသခဲ့ရသည်။ ယခုအခါ တပ်တွင်းဆေးခန်းတွင် ကုသမှု ခံယူနေရသည်။

No comments: