မြန်မာပြည်တွင်းစစ်အခြေအနေ

ကချင်ပြည်နယ်မှာ ပြည်တွင်းစစ်မီး ဆက်တောက်

 
KIA တပ်ဖွဲ့တွေ စစ်ရေး လေ့ကျင့်
ကချင်ပြည်နယ် အတွင်းက ဝိုင်းမော်မြိုနယ်မှာ ‘ဂါးရာယန် ဒဘတ်ချောင်းနဲ့ ရွှေညောင်ပင် ’တဝိုက်မှာတော့ မနေ့က တနင်္ဂနွေနေ့ က (၄)ရက်မြောက်နေ့ အဖြစ် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေရာ အကျအဆုံးတွေ တော်တော် များကြောင်း သိရပါတယ်။
မနေ့က တိုက်ပွဲတွေ အတွင်းမှာပဲ အစိုးရ စစ်တပ်ဖက်က (၂ဝ)နီးပါး ကျဆုံးပြီး ဆယ်နဲ့ချီ ဒဏ်ရာ ရခဲ့ကြောင်း ကေအိုင်အေ ရှေ့တန်းစစ်ဖက် ရပ်ကွက် အဆိုအရ သိရပြီး အများစုဟာ မိုင်းထိမှုကြောင့် ဖြစ်ပါတယ်။
အစိုးရ စစ်တပ်ဖက်က ခလရ(၂၁)၊ ခလရ (၅၈)၊ ခမရ (၂၆ဝ) ၊ ခမရ (၃၂၁)တို့က ရှေ့တန်းစစ်ကြောင်း တပ်ဖွဲ့ဝင်တွေနဲ့ ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၃)က လှုပ်ရှား တပ်ဖွဲ့ဝင်တွေ အကြား အပြန်အလှန်တိုက်ခိုက် နေကြတာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေရဲ့ ၈ယက်ကြောင့် ဒီရက်ပိုင်းတွေအတွင်း- မြစ်ကြီးနား၊ ဝိုင်းမော် တို့မှာ ပေါ်တာဆွဲမှုတွေ ရှိနေသလို၊ ‘ရွှေညောင်ပင်’ဖက်မှာလဲ တောင်ယာထဲ အလုပ်လုပ်နေသူတွေအထိ ဝင်ရောက် ပေါ်တာအဆွဲခံရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်နေပါတယ်။
ရွှေညောင်ပင်မှာ တောင်ယာလုပ်နေတဲ့ မြစ်ကြီးနား-ဒူကထောင်ရပ်ကွက်သား ‘ဇင်နဟန်ထုံ’ ဆိုတဲ့ ကချင် အမျိုးသား တယောက်ဆိုရင် (၁၃)ရက်နေ့က ပေါ်တာ အဆွဲခံခဲ့ရပြီး၊ ဒီရက်ပိုင်း အတွင်းမှာပဲ မိုင်းထိ ခံထားရတယ်လို့ ဒေသခံတွေ အဆိုအရ သိရပါတယ်။
(၁၅)ရက်နေ့ကလဲ ‘အောင်ဂျာယန်’စစ်တပ်ရှေ့တန်းစခန်းကနေ လှမ်းထုလိုက်တဲ့ လက်နက်ကြီး ကျည်တွေဟာ နန်ဆန်ယန် ရွာအတွင်းကို အချက်ပေါင်းများစွာ ကျခဲ့ပြီး၊ ‘ကိုငြိမ်းချမ်း’ ဆိုတဲ့ ရွာသားတဦး ဒဏ်ရာ ရခဲ့တယ်လို့လဲ ဆိုပါတယ်။
မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ ‘နန်ဆန်ယန်’ ရွာအတွင်းကို မနေ့ တနင်္ဂနွေနေ့ ညနေပိုင်းက မပခလက်အောက်ခံ အစိုးရစစ် တပ်မှ တပ်ဖွဲ့ဝင်အင်အား (၂ဝဝ)ခန့် ရောက်ရှိလာပြီး- နှစ်ချင်း ခရစ်ယာန် ကျောင်းဝင်း၊ ကက်သလစ် ခရစ်ယာန် ကျောင်းဝင်း နဲ့ ဗုဒ္နဘာသာ ဘုန်းကြီး ကျောင်းဝင်းတွေ အတွင်း သုံးနေရာခွဲပြီး လက်ရှိ တပ်စွဲ နေရာယူ ထားကြောင်း ဒေသခံတွေ အဆိုအရ သိရပါတယ်။

မနေ့ကပဲ ‘ဌေးမောင်’ဆိုတဲ့ နန်ဆန်ယန် ရွာသားတဦးကို အစိုးရ စစ်တပ်ဖက်မှ သတ်ပစ်ခဲ့သလို၊ ကက်သလစ် ခရစ်ယာန်ကျောင်းမှ ဓမ္မဆရာ‘ဆရာအောင်လီ’ ဆိုသူ ကိုလဲ ဖမ်းဆီး ထားကြောင်း ဒေသခံတွေ အဆိုအရ သိရပါတယ်။

ဘာ့ကြောင့် အခုလို သတ်ဖြတ်ပစ်တယ် ဆိုတာနဲ့ ကက်သလစ် ခရစ်ယာန် ဓမ္မဆရာကို ဖမ်းဆီးထားတယ် ဆိုတာ အပေါ် ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

No comments: