ကြာသာပတေးနေ့၊ အောက်တိုဘာလ ၆၊ ၂၀၁၁
ရေးသူ-အောင်မိုးဝင်း
“တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက ယုံကြည်ဖို့ မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန် အရေးယူပေးမှ နောင်တချိန် တရုတ်-မြန်မာ ဆက်ဆံရေးမှာ မြန်မာတွေ ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း... ”
ဟောင်ကောင်သတင်းဋ္ဌာနမှာ ပြောဆိုသွားတာတွေကို ဘာသာပြန်ထားတဲ့ စာသားတွေထဲကပါ။ သတင်းဋ္ဌာနမှာ ကြေငြာတဲ့ ပုဂ္ဂိုလ် က ဝေဖန်ပိုင်းခြားတာလား။ အစိုးရကိုယ်စားခြိမ်းခြောက်နေတာလား။ ဒေါသတကြီးတုန့်ပြန်သလား မတုန့်ပြန်ဘူးလား ဆိုတာ လေသံအတက်အကျကို သုံးသပ်တာထက် အဓိပ္ပါယ်တွေကို ဘာသာပြန်ကြည့်တာ ပိုမှန်ပါလိမ့်မယ်။
အရင်းရှင်-ကွန်မြူနစ်ပါတီအတွက် မေးခွန်း
(၁) တရုပ်ပြည်မှာ မော်စီတုန်းရဲ့ ကွန်မြူနစ်တော်လှန်ရေး အောင်မြင်တော့၊ ပြည်သူအပေါ် ဖိနှိပ်တဲ့ ချိန်ကေရှိတ်အစိုးရ လက်ထက်တုံးက အမေရိကန်နဲ့ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ဆက်လက်သဘောတူခဲ့ပါရဲ့လား။
(၂) ကျူးဘားနိုင်ငံမှာ ဖီဒယ်ကပ်စထရိုတော်လှန်ရေးအောင်မြင်တော့ အာဏာရှင် ဘာတစ္စတာ အစိုးရကို ထောက်ခံခဲ့တဲ့ အမေရိကန်စီးပွားရေးကုမ္မဏီတွေကို ပြည်သူပိုင်သိမ်းပစ်လိုက်တယ်။ ဖီဒယ်ကပ်စထရို ဟာ စာချုပ်စာတမ်းတွေကို ဖျက်ဆီးသူ၊ ဂတိမတည်သူ၊ အာဏာရှင်ထောက်ခံသူတွေကို ဆန့်ကျင်တာမှားတယ် လို့ တရုပ်ကွန်မြူနစ်များ ထောက်ပြဝေဖန်ခဲ့ပါသလား။
ပြည်သူကို သတ်ဖြတ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေ နဲ့ လူမှုဘဝတွေပြောင်းလဲရေးအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ-- ယောင်လို့မှ မနှိုင်းယှဉ်ကောင်းပါဘူး။ စာချုပ်တွေ၊ သမိုင်းအဖြစ်အပျက်တွေကို သတိပေးကြည့်တာပါ။ ဘက်တိုင်းမှာ ထောက်ကွက်တွေရှိနိုင်ပါတယ်။
ဘယ်လိုတည်ငြိမ်မှုမျိုးကို ကြိုက်တာလဲ
ကဲ “တရုပ်ပြည်ကြီးဟာ ဗမာပြည်တည်ငြိမ်မှုရတာကို ကြိုက်တယ်” လို့ ပြောဆိုနေတဲ့ သူတွေကို မေးကြည့်ရအောင်။ ဘယ်လိုတည်ငြိမ်တာကို ကြိုက်တာလဲ။ ဟန်ဂေရီ အုံကြွမှုကို သတ်ဖြတ်နှိမ်နင်း၊ တည်ငြိမ်အောင် ကြိုးစားခဲ့တဲ့ မော်စီတုံးရဲ့ အကြံပေးချက်မျိုလိုလား။ ဒါမှ မဟုတ် ဖက်ဆစ်ဝန်ရိုးတန်းနိုင်ငံတွေဖြစ်တဲ့ အီတလီ၊ ဂျပန်၊ နာဇီဂျာမဏီ တွေသဘောတူညီခဲ့တဲ့ တည်ငြိမ်စိုးမိုးမှုတွေလိုမျိုးလား။
“ဧရာဝတီမြစ် အသက်ရှင်သန်ရေးဟာ မြန်မာနိုင်ငံတည်ငြိမ်ရေးဖြစ်တယ်” လို့ ပြည်သူတွေက သဘောထားပေးခဲ့တယ်။ တည်ငြိမ်ရေးကို လိုလားတယ် ဆိုရင် တရုပ်ပြည် ရဲ့ အရင်းရှင်-ကွန်မြူနစ်ပါတီခေါင်းဆောင်များကလည်း “မြန်မာပြည်သူများရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုကြောင်း၊ မိမိတို့မြှောက်ပေးခဲ့သော အာဏာရှင်များနှင့် မိမိတို့၏ အပြုအမူမှန်သမျှကို အရှက်ရပါကြောင်း” သဝဏ်လွှာလေးဘာလေးပို့သင့်တာပေါ့။
လေးစားစေချင်သလား၊ ဂုဏ်သိက္ခာကြီးကြီး ရပ်တည်ချင်သလား
တရုပ်ပြည်ကြီးကို လေးစားစေချင်သလား။ အာဏာရှင်တွေကို မူမရှိ၊ ဘောင်မရှိ၊ ထောက်ခံနေတာတွေကို ရပ်လိုက်ပါ။ အဖိနှိပ်ခံပြည်သူတွေရဲ့ ဒီမိုကရေစီရေးတိုက်ပွဲတွေကို ထောက်ခံအားပေးပါ။ တိဘက်ဒေသမှာ တရုပ်ကျူးကျော်မှုကို မီးရှို့သတ်သေဆန္ဒပြနေတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ ဝိညာဉ်ကို ရှက်တတ်စွာ ခံစားပါ။ ကိုယ့်ပြည်သူကို သံချပ်ကာ တင့်ကားနဲ့တက်ကြိတ်၊ပြီး “တီယင်မင်ရင်ပြင်လှုပ်ရှားမှု” “ အာရပ်နွေဦးလှုပ်ရှားမှု” စကားလုံးကို အင်တာနက်မှာ မကြည့်ရဲတဲ့ ကိုယ့်အဖြစ်ကို ကိုယ့်ဘာသာ တွေးပြီး ရှက်တတ်ပါ။ အကျိုးအမြတ်ရရင် ပြီးရော၊ ဆာဟာရ သဲကန္တရ အထိ နယ်ချဲ့မယ် ဆိုတဲ့အတွေးမျိုးရှိနေရင်လည်း တရုပ်ရေနံကုမ္မဏီတွေ ပစ်ခပ်တိုက်ခိုက်ခံနေရတဲ့ အာဖရိကတိုက်ဆီက သင်ခန်းစာတွေကို အတုယူပါ။ လစ်ဗျားမှာ ဆုံးရှုံးခဲ့တာတွေကို သင်ခန်းစာယူပါ။
မိတ်ဆွေရဲ့အရေးပါမှု
မြန်မာပြည်မှာ မိတ်ဆွေတယောက်ရဲ့ ဆုံးရှုံးသွားတာထက် မပိုပါဘူး လို့ ကလေးတယောက်လို ပြောနေတာ အင်မတန်ရယ်ဖို့ ကောင်း ပါတယ်။ မကြာခင်မှာ Trade Wars လို့ခေါ်တဲ့ ကုန်သွယ်မှုစစ်ပွဲတွေ ဖြစ်လာနိုင်တယ်။ ( အခုလည်းပြင်ဆင်နေကြပါပြီ)။ ဒီ စစ်ပွဲ ကြုံလာနိုင်တယ်ဆိုတာ သိလို့ ၊ တရုပ်နိုင်ငံခေါင်းဆောင်တွေဟာ ဗမာပြည်အာဏာရှင်တွေကို မြွေပွေးခါးပိုက် ပိုက်ထားသလို ချော့မြူဆက်ဆံ နေခဲ့ရတယ်။ စစ်ပွဲဖြစ်လာရင် မဟာမိတ်တယောက်ရဲ့ အရေးပါမှု ဘယ်လောက်ရှိသလဲဆိုတာ စစ်ပွဲသေနင်္ဂဗျူဟာ ကျွမ်းကျင်သူတိုင်း ကောင်းကောင်းသိပါတယ်။ မိုက်မဲတဲ့ ကောက်ချက်တွေ မပြုလုပ်စေချင်ပါ။ မြန်မာပြည်သူနဲ့ မိတ်ဖွဲ့ရင် အကျိုးအမြတ်ရမယ်။ အာရှမှာ သမိုင်းစဉ်တလျှောက် ချစ်ခင်မြတ်နိုးစွာခရီးဆက်ကြမယ်။ ဖိနှိပ်သူနဲ့ ဆက်ဆံရင် အလိုတော်ရိပဲရမယ်။ အလိုတော်ရိဆိုတာကတော့ အခွင့်သာရင် ဘက်ပြောင်းတော့တာပါပဲ။
ကမ္ဘာ့သမိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲ
အမေရိကန်ပြည်ထောင်စုဟာ “မိုဇာဒက်” ကို ဖြုတ်ချပြီး အာဏာရှင် ရှားဘုရင်ကို အသက်သွင်းခဲ့တယ်။ ၁၉၇၉ မှာ အီရန်ပြည်သူတွေဟာ အာဏာရှင် ရှားဘုရင်ကို လူထုအုံကြွမှုနဲ့ဖြုတ်ချနိုင်ခဲ့တယ်။ အာဏာရှင်ကို ထောက်ခံအားပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ရဲ့ အလံကို မီးရှို့ပြီး “ မာန်နတ်အကြီးစားကြီး” ဆိုတဲ့ ကြွေးကြော်သံတွေ၊ အီရန်နိုင်ငံရဲ့မြို့တွေမှာ ကျယ်လောင်ဟိန်းထခဲ့ဘူးတယ်။ အမေရိကန်နိုင်ငံနဲ့ ပြဿနာတက်နေခဲ့တာ အခုထက်ထိ၊ ဆုံးကို မဆုံးနိုင်တော့ဘူး။
အာဏာရှင်တွေနဲ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့လုပ်ခဲ့တဲ့ တရုပ်ကွန်မြူနစ်တွေကရော၊ ကမ္ဘာမှာ မာန်နတ်အကြီးစား ကြီးဖြစ်မလား၊ နေရာအနှံ့မှာ တရုပ်ကွန်မြူနစ်အလံကို မီးတင်ရှို့ခံရတဲ့အဖြစ်တွေကို ကြုံရမလား။
စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတယ်၊ ဆင်သွားရင်လမ်းဖြစ်တယ်ဆိုတဲ့ အတွေးမျိုးနဲ့ မောက်မာတဲ့ စကားတွေ ဆိုချင်ရင် အမေရိကန်နိုင်ငံခြားရေးမူမှာ သင်ကြားနေတဲ့ Blowback Theory ( တန်ပြန်တိုက်ခိုက်ခံရမှု သီအိုရီ) ကိုလေ့လာ စေချင်ပါတယ်။ ပီကင်းနဲ့ ရှန်ဟိုင်းမှာ ဝမ်းနည်းမှုတွေ မကြုံတွေ့ရပါစေနဲ့။
အောင်မိုးဝင်း
မှတ်ချက် ။ ။ “တရုပ်အရင်းရှင်- ကွန်မြူနစ်ပါတီ” လို့ သုံးစွဲရတဲ့အကြောင်းကတော့ အရင်းရှင်စီးပွားရေးသမားများရဲ့ကွန်မြူနစ် ပါတီမို့ပါ။
No comments:
Post a Comment