တကျပ်ဖိုးလုပ်ပြီး တဆယ်ဖိုးတော့မလိုချင်နဲ့  ဆက်လုပ်ပြ - - -

နိုင်ငံရေး အကျဉ်းသား လွှတ်ပေးမှု ဝိုင်းဝန်း ကြိုဆို

မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ အကျဉ်းသား ၆ဝဝဝ ကျော်နဲ့အတူ နိုင်ငံရေး အကျဉ်းသား ၃ဝဝ လောက်ကို မနေ့က ပြန်လွှတ် ပေးလိုက်တာနဲ့ပတ်သက်ပြီး EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်က ကြိုဆိုလိုက်ပါတယ်။
ဒါဟာ ဥပဒေကို လေးစားလိုက်နာပြီး အခြေခံ အခွင့်အရေးတွေကို ပေးမယ်လို့ သမ္မတက ပေးခဲ့တဲ့ကတိ ကို တကယ် ဆောင်ရွက်ဖို့ ဆန္ဒရှိတယ်ဆိုတာ ပြသတဲ့ လက္ခဏာတခုဖြစ်တယ်လို့ သူကဆိုခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကိုပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းလိုက် ပါတယ်။
အမေရိကန်ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မီတီဥက္ကဌ ဂျွန်ကယ်ရီ ကလည်းမြန်မာနိုင်ငံ မှာ အရေးပါတဲ့ အဖြစ်အပျက်တချို့ကို တွေ့လာရတဲ့အတွက် ဒါဟာ အသွင်ကူးပြောင်းရေး တရပ် တကယ်ဖြစ်နေပြီ လို့ သတိနဲ့မျှော်လင့်စရာလမ်းစတွေဖြစ်ကြောင်းပြောခဲ့ပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ လောက်ရှိတဲ့အထဲက အများစုကို ဆက်ပြီးဖမ်းထားတဲ့အပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

နိုင်ငံရေး အကျဉ်းသား တချို့ လွတ်မြောက်မှု အပေါ် ကင်တားနား တုံ့ပြန်ချက်

အခုလို နိုင်ငံရေး အကျဉ်းသား ၃၀၀ လောက် လွတ်မြောက် လာတဲ့ အတွက် ဒါဟာ သတင်းကောင်း ဘဲလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ တောမတ်အိုဟေး ကင်တားနားကလည်း ပြောပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် နိုင်ငံရေး အကျဉ်းသားတွေ အများကြီးကို လွှတ်ပေးခဲ့တာ ဖြစ်ပေမယ့် တခြား အကျဉ်းသားတွေ ကျန်နေသေးပြီး သူတို့ကို အမြန်ဆုံး လွှတ်ပေးဖို့ မြန်မာ အစိုးရကို ဆက်တောင်းဆို သွားမှာပါလို့ မစ္စတာ ကင်တားနားက ဆိုပါတယ် ။
သူက ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွတ်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
အစိုးရက လုံခြုံရေးကို အကြောင်း ပြပြီး နိုင်ငံရေး အကျဉ်းသားတွေ ဆက်ဖမ်းထားတာနဲ့ပတ်သက်ပြီး အစိုးရ အဖွဲ့ထဲမှာ အဲဒီလိုစိုးရိမ် နေတဲ့ သူ တချို့က ဒီလူတွေကို လွှတ်လိုက်ရင် လမ်းပေါ်ထွက် ဆန္ဒပြတာတွေ ဖြစ်လာနိုင်တယ်လို့ သြဂုတ်လမှာ သွားခဲ့တုန်းက သူ့ကိုပြောခဲ့တာ ရှိကြောင်း ဒါပေမယ့် လက်တွေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် တို့လို ပြန်လွတ် လာတဲ့သူတွေရဲ့ဆောင်ရွက်မှုကို ကြည့်ရ င်တိုင်းပြည်ရဲ့တည်ငြိမ်မှုကို အလေးထားတာ တွေ့ရတာမို့ စိုးရိမ်တယ်ဆိုတာ ကြောင်းကျိုး မဆီလျော်ဘူးဆိုပြီး မစ္စတာ ကင်တားနားက ပြောပါတယ်။
အစိုးရက ပြန်လွှတ်ပေးမယ့် သူတွေစာရင်းထဲမှာ ၂၀၀၇ သံဃာ့ အရေးအခင်းတုန်းက ဦးဆောင်လှုပ်ရှားခဲ့တဲ့ အသျှင်ဂမ္ဘီရလည်း ပါဝင်တယ်လို့ သူကပြောပါတယ်။
ဒါပေမယ့် ဦးဂမ္ဘီရ ပြန်လွတ်မလွတ်ကို ခုချိန်အထိ အတည်ပြုလို့ မရနိုင်သေးပါဘူး လို့လည်း ဆိုပါတယ်။
မစ္စတာကင်တားနာက မြန်မာ အစိုးရဟာ လက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့ နယ်စပ် ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လုပ်နေကြောင်းလည်း ပြောခဲ့ပါတယ်။
ဒီလူအခွင့်အရေး ပြဿနာတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုနဲ့ အရေးယူမှုလို တာဝန်ခံမှုတွေ ရှိရမယ်လို့ သူကပြောခဲ့ပါတယ်။
အစိုးရက လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ ဥပဒေတွေကို ပြင်ဆင်ပြဌာန်းနေတာနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း မစ္စတာ ကင်တားနားက ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွတ်လာဖို့ ဘယ်လောက် မျှော်လင့်နိုင်ပါလဲလို့ မေးကြည့်တဲ့ အခါ မစ္စတာ ကင်တားနားက ဒီလို ပြန်လွတ်လာဖို့ အတွက် အကောင်းမြင် မျှော်လင့်ယုံနဲ့ မရဘူး၊ အမှန်အတိုင်း ဖြစ်လာအောင် ဆက်ပြီး တောင်းဆိုရမယ်။
အစိုးရက ဒီအစီအစဉ်ကို စခဲ့ပြီဆိုတော့ ဆုံးအောင်လုပ်ရလိမ့်မယ်၊ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒီလူတွေ ပါဝင်နိုင်မှ၊ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်ဆိုတာကို ကမ္ဘာက လက်ခံ လိမ့် မယ်လို့ မစ္စတာ ကင်တားနားက ပြောသွားခဲ့ပါတယ်။

No comments: