Published on December 3, 2011 by ပီတာအောင်
ရဲ ဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ အသက် ၉၂ နှစ်ပြည့်မွေးနေ့ကို ဒီကနေ့တရုတ်-မြန်မာနယ်စပ်မှာ ကျင်းပသွားတယ်လို့မိသားစုဝင်တွေက ပြောပါတယ်။
မွေးနေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းတာနဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေကို ထမင်းထုတ်တွေ ဝေငှလှူဒါန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်မှူး ချုပ်ဟောင်းကျော်ဇောကတော့ မြန်မာနိုင်ငံနဲ့ပြည်သူပြည်သားတွေ ဒီမိုကရေစီ အမြန်ရပါစေလို့ ဆုတောင်းပေးတဲ့အကြောင်း ဒီဗွီဘီကို ပြောပါတယ်။ ဒါ့အပြင် သူ့ရဲ့လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး “ကျနော်ကျန်းမာ ပါတယ်။ အားလုံးလည်း ကျန်းမာကြပါစေလို့ ဆုတောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဗိုလ်မှူး ချုပ်ဟောင်း ကျော်ဇောဟာ အိုမင်းမစွမ်း ဖြစ်လာလို့ မြန်မာပြည်သူတွေရဲ့ လွတ်မြောက်ရေး ဆက်မလုပ်နိုင်တော့တဲ့အတွက် စိတ်မကောင်း ဖြစ်နေတယ်လို့လည်း သမီးဖြစ်သူ ဒေါက်တာလှကျော်ဇော်က ပြောပြပါတယ်။
“ဗမာပြည်ရဲ့ သတင်းတွေထဲက သတင်းကောင်းလေးတွေလည်း ကြားရတော့ ဝမ်းသာပါတယ်။ သတင်းတွေကိုတော့ မပြတ် နားထောင်ပါတယ်။ သူက အိုမင်းမစွမ်း ဖြစ်လာတော့ ပြည်သူလူထုတွေရဲ့ လွတ်မြောက်ရေးအတွက် ဘာမှ ဆက်မလုပ်နိုင်တာကို သူစိတ်မကောင်းဘူး။ ကျမတို့ တမိသားစုလုံး၊ နိုင်ငံခြားရောက်နေတဲ့ ရဲဘော်တွေ အားလုံးက ဗမာပြည်ကို သိပ်ကို ပြန်ချင်ပါတယ်။ တနေ့ ပြန်ရောက်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါပေမယ့် အခုအခြေအနေတော့ မဟုတ်သေးဘူး။”
ဗိုလ်မှူး ချုပ်ဟောင်းကျော်ဇောဟာ မြန်မာ့တပ်မတော်ကို ထူထောင်ရာမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူပါဝင်ခဲ့ပြီး ယနေ့တိုင် သက်ရှိထင်ရှားရှိနေတဲ့ ရဲဘော်သုံးကျိပ်ဝင် ၂ ဦးအနက် တဦး ဖြစ်ပါတယ်။
၁၉၁၉ ခု ဒီဇင်ဘာ ၃ ရက်နေ့မှာ သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ဆိုင်းစုရွာမှာ အဖဦးပန်း အမိဒေါ်တင့်တို့က မွေးဖွားခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်မှာ ဂျပန်ပြည်ကို စစ်ပညာသင်ကြားဖို့ ရဲဘော်သုံးကျိပ်ဝင်အဖြစ် လိုက်ပါသွားခဲ့ပါတယ်။ ၁၉၅၃ ခုမှာ ကွန်မင်တန် တရုတ်ဖြူတပ်များ ကျူးကျော်မှုကို ဦးဆောင် တွန်းလှန် တိုက်ခိုက်ခဲ့သူတဦး ဖြစ်ပါတယ်။
၁၉ရ၆ ခုမှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်နယ်စပ်ကို မိသားစုနှင့်အတူ ထွက်ခွာလာခဲ့ပြီး ၁၉ဂ၉ ခုနှစ် ဗကပ ပြိုကွဲချိန်ကစပြီး ယူနန်ပြည်နယ် ကူမင်းမြို့မှာ ခုချိန်ထိ ခိုလှုံနေထိုင်နေတာပါ။
မြန်မာ့တပ်မ တော်ကို ပြည်သူ့တပ်မတော်အဖြစ် မကွယ်လွန်ခင် မြင်တွေ့လိုတဲ့ အကြောင်း အခါအားလျော်စွာ တိုက်တွန်း ပြောကြားလေ့ ရှိပါတယ်။
No comments:
Post a Comment