မိမိကိုယ်သာ ကိုးကွယ်ရာ၏ (အတွေးအမြင် - ဆောင်းပါး) (ကုတ်ပါ)

Self-Reliance
·         Lu Min Han  September 28, 2011 - 10:19pm

လောကမှာ သူတပါးအလုပ်ကို လုပ်နေရသူဟာ အနည်းနဲ့အများတော့ ကိုယ့်ရဲ့လွတ်လပ်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ ဆုံးရူံးရတာ သဘာဝပါပဲ။ တနည်းအားဖြင့်ဆိုရင် ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေ အလုပ်ရှင်ကိုပေးလိုက်ရတာပါပဲ။ သူများစိတ်နဲ့ ကိုယ့်ကိုယ် ဖြစ်နေတာလို့ပြောရင်လွန်မယ်မထင်ပါဘူး။ ကျတော်တို့ဘာလို့ အဲဒီအခြေအနေကိုရောက်ရတာလဲ။ သူများဆီမှာ လခစားလေး လုပ်နေရင်  ဟုတ်တုတ်တုတ်၊ ကိုယ့်ဟာကိုလုပ်မိကာမှ    ရူံးနေမှာလား၊ ထိုင်နေရင် အကောင်းသား ထသွားမှ ကျိုးနေရင် ဒုက္ခ၊ ဘယ်ကနေဘယ်လိုစလုပ်ရမှာလဲ၊ ဖြစ်မှ ဖြစ်ပါ့မလား....စသည်စသည်ဖြင့် အကြောင်းပေါင်းများစွာရှိမှာပါ။ နောက်ဆုံး အရင်းစစ်လိုက်ရင်တော့ ကိုယ်တိုင်လုပ်မိရင် နစ်နာသွားမလား ဆိုတဲ့ ကြောက်စိတ်ကြောင့် ပဲလို့ပြောရမည်ထင်သည်။ 

ဒါပေမယ့်ကျတော်တို့ မျက်တောင်တစ်ဆုံးတင်ကြည့်လို့မဖြစ်ပါဘူး။ မျက်စိတစ်ဆုံးကြည့်ရမှာပါ။ နောင်အနာဂတ်မှာ သူများကို ချည်း မှီခိုနေလို့ဖြစ်မလား။ ကျတော်တို့ဘ၀မှာရော တသက်လုံးသူများအလုပ်ကိုချည်းလုပ်သွားရရင် တန်ပါ့မလား။ ဒီတော့ ကျတော်တို့ဘ၀မှာ ကိုယ့်အတွက်ကို အလုပ်လုပ်တာမျိုးဖြစ်သင့်ပါတယ်။ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု့ကို ကိုယ့်ဟာကိုယ်ရှာဖွေရမယ်။ ဒီနေရာမှာကျတော် ပြောချင်တာက တကိုယ်ကောင်းဆန်ဖို့ ကိုယ့်ဖို့တစ်ခုတည်းကြည့်ဖို့ ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်၊ ကိုယ့်လွတ်လပ်ခွင့် တွေကို တတ်နိုင်သလောက်ကိုယ်ပိုင်ဆိုင်နိုင်ဖို့ပြောတာပါ။ နောက်တစ်ခုက ငါလုပ်တဲ့အလုပ်ရဲ့ကောင်းကျိုးဆိုးကျိုး ဟာ ငါ့အတွက်ပဲ ဆိုတာ သဘော ပေါက် လာရင် လူဟာ ပိုပြီး motivate ဖြစ်ပါတယ်။ ပိုပြီးလည်း တီထွင်ဖန်တီးနိုင်စွမ်းရှိလာပါတယ်၊ ကြံရည်ဖန်ရည် ကောင်းလာတယ်ပေါ့ဗျာ။ ကျတော်တို့ဘ၀ရဲ့ ရည်မှန်းချက်ဟာ ကိုယ့်ကိုကိုယ် အားကိုးနိုင်ဖို့၊ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ဖြစ်ဖို့ ရည်ရွယ်ထားသင့်ပါတယ်။
 

ဒီလောက ထဲကိုစ၀င်လာကတည်းက ကျတော်တို့မှာ ကိုယ်ပိုင်ခန္ဒာ၊ ကိုယ်ပိုင်အချိန်၊ ဘယ်သူနဲ့မှ မတူတဲ့ကိုယ်ပိုင် အတွေးအခေါ် ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေနဲ့ လာကြတာပါ။ ဒါပေမယ့် ကျတော်တို့ အရွယ်ရောက်လာတာနဲ့အမျှ ကျတော် တို့ရဲ့ မွေးရာပါပိုင်ဆိုင်မှု့တွေကို သူများကိုပေးလိုက်ကြပါတယ်။ ကျတော်တို့ရဲ့ အချိန်တွေကို သူများအတွက် အလုပ်တွေလုပ်ရင်းနဲ့ ကုန်ဆုံးပစ်ကြပါတယ်။ သူများတွေရဲ့ ပြသနာတွေ အရူပ်အထွေးတွေကြားထဲမှာ ကျတော်တို့ရဲ့ အချိန်တွေ စွမ်းရည်တွေ ကုန်ဆုံးကုန်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အကြံဥာဏ် အတွေးအခေါ်နဲ့ မရှင်သန်နိုင်တော့ပဲ သူများရဲ့အကြံဥာဏ်တွေနဲ့ချည်းပဲ အလုပ်လုပ်နေရပါတယ်။

ဒီတော့ အချိန်မနှောင်းခင် ကျတော်တို့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု့တွေကိုပြန်ရအောင်လုပ်ဖို့လိုပါတယ်။ ဒီနေရာမှာ ကျတော်ဆိုလိုတဲ့ပိုင်ဆိုင်မှု့ဆိုတာ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှု့တွေကိုပဲဆိုလိုတာမဟုတ်ပါဘူး။ ရုပ်ဝတ္တုတွေတော့အများကြီး ပိုင်ဆိုင်ပါရဲ့ ဒါပေမယ့် အရာခပ်သိမ်း သူများကိုပဲအားကိုးနေရမယ် ဆိုရင်လည်း ဒါမှန်ကန်တဲ့နည်းလမ်းမဟုတ်သေးပါဘူး။ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှု့ဆိုတာ အချိန်မရွေးပျောက်ပျက်သွားနိုင်တာမျိုးလေ။ ကျတော်ဆိုလိုတဲ့ ပိုင်ဆိုင်မှု့ ဆိုတာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ဆိုလိုပါတယ်။ ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုတန်ဖိုးထားရမယ်။ ကိုယ့်ကိုကိုယ် ယုံယုံကြည်ကြည်နဲ့ ဆုံးဖြတ်နိုင်ရမယ်။ အချိန်ကို ကိုယ့်တိုးတက်မှု့ အတွက် ကိုယ့်ရဲ့ ပညာရည်မြင့်မားဖို့ အတွက် အသုံး ချနိုင်ရမယ်။ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု့ကသာလျှင် ကျတော်တို့ဘ၀ကို တိုးတက်မြင့်မားစေမှာပါ။
 

တကယ်လို့အခြေအနေအရ သူများကို အားကိုးရမယ်ဆိုရင်လည်း ဒီအခြေအနေကနေ အမြန်ဆုံးလွတ်မြောက်ဖို့ အတွက် စိတ်ရောကိုယ်ပါ ကြိုးစားပါ၊ ပြင်ဆင်ပါ။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့စိတ်ကို ကိုယ်မပိုင်ဆိုင်နိုင်ဘူးဆိုရင် တခြားသူတွေက ကိုယ့်ကို ပိုင်သွားပါလိမ့်မယ်။ ကျတော်တို့ဟာအရှိန်အဟုန်နဲ့ပြောင်းလဲ နေတဲ့ခေတ်ကြီးမှာလူလာဖြစ်ကြတာပါ။ လူတိုင်းလူတိုင်းဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးမယ်ဆိုတဲ့ စိတ်ဓာတ်တွေရှိဖို့လိုပါတယ်။ အတိတ်ကလက်ခံ ခဲ့တဲ့ သဘောတရားတွေကို အခုလက်ခံချင်မှလက်ခံတော့မယ်။
 

ကျတော်တို့သတိမထားမိတဲ့အမှန်တရားတစ်ခုရှိပါတယ်။ လောကမှာရှိတဲ့လူသားတွေကို အလွှမ်းမိုးဆုံးအရာဟာ Self-interest လို့ခေါ်တဲ့ ကိုယ့်အကျိုးကိုယ်ကြည့်မှု့ပါပဲ။ လူတိုင်းဟာ အရင်ဆုံးကိုယ့်အတွက်ကို စဉ်းစားကြတာပါပဲ။ ဘယ်အလုပ်ရှင်မှ ကိုယ့်ကို ချစ်လွန်းလို့ခေါ်ထားတာမဟုတ်ပါဘူး။ ကိုယ့်ကို တန်အောင်ခိုင်းလို့ရလို့ခေါ်ထားတာပါ။ ကိုယ်မလုပ်နိုင်တော့တဲ့ တစ်နေ့၊ ဒါမှမဟုတ်လည်း ကိုယ့်ထက်ပိုလုပ်နိုင်တဲ့သူကို တွေ့တဲ့တစ်နေ့ ကိုယ့်ကို ဘေးထုတ်ပစ်မှာပါပဲ။ ဒါကျတော် အလုပ်ရှင်တွေကို အပြစ်ပြောတာမဟုတ်ဘူးနော်။ ဒါသဘာဝပဲ။ ဒီတော့ကျတော်တို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ အကူအညီတွေ အထောက်အပံ့တွေကိုချည်း မျှော်လင့်နေလို့မဖြစ်ပါဘူး။ ဒါကို အထီးကျန်ဆန်မှု့လို့မမြင်ပဲ ကိုယ့်ရဲ့လွတ်လပ်မှု့လို့မြင်ပါ။ ကိုယ်လိုချင်တဲ့အရာတွေကို ကိုယ်ကိုယ်တိုင်လုပ်နိုင်တယ်လို့ ယုံကြည်မှု့ရှိတဲ့သူဟာ ပိုပြီးလွတ်လပ်မှု့ ရှိပါတယ်။ ဟိုလူ့အကူအညီ ဒီလူ့အထောက်အပံ့ တွေကိုသိတ်မျှော်လင့်နေစရာမလိုပါဘူး။ ငါ့ရဲ့အခက်အခဲကို ငါကိုယ်တိုင် ဖြေရှင်းနိုင်တယ်ဆိုတဲ့ ယုံကြည်မှု့မျိုးထားဖို့လိုပါတယ်။
 

သူများကို အားကိုးချင်တဲ့စိတ်ဆိုတာ အင်မတန်လွယ်ပါတယ်။ ကျတော်တို့ပတ်ဝန်းကျင်မှာ တိုင်ပင်စရာလူတွေအများကြီးရှိတယ်၊ စိတ်ပိုင်းဆိုင်ရာဖျော်ဖြေ ဖို့အတွက် ဆေးဝါးတွေလည်း ရှိတယ်။ ထမင်းမငတ် ဖို့ပဲရတဲ့ အလုပ်တွေရှိတယ်။ ဒါတွေကို ကျတော်တို့လွယ်လွယ်ကူကူလက်ခံလိုက်ရင်၊ ဒါတွေထဲမှာကျတော်တို့ဘ၀ကိုမျှောလိုက်ရင် ကျတော်တို့ဟာ ထောင်ထဲရောက်သွားတဲ့သူတွေလိုဖြစ်သွားပ်ါလိမ့်မယ်။ ကျတော်တို့ဟာကိုယ့်ကိုယ် ကိုက လွဲရင် ပြင်ပက အကူအညီတွေကိုချည်း အားကိုးနေတဲ့သူတွေဖြစ်လာပါလိမ့်မယ်။ တကယ်တမ်းဘ၀မှာ ကိုယ်တိုင်နင်လားငါလား ဆုံးဖြတ်ရတော့မယ်အချိန်၊ ရင်ဆိုင်ရမယ့် အချိန်ရောက်လာရင် ကျတော်တို့ကိုယ်ကျတော်တို့ အားကိုးစရာ ဘာမှ မကျန်တော့ပဲ ဖြစ်သွား ပါလိမ့်မယ်။

ဒီတော့ကျတော်တို့ဘ၀မှာ ကိုယ်တိုင်ပိုင်ဆိုင်မှု့အတွက် ကြိုးစားရပါလိမ့်မယ်။ ပထမဆုံးကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပိုင်ဆိုင်ဖို့ကြိုးစားရမယ်။ နောက်တဆင့်ရုပ်ပိုင်းဆိုင်ရာတွေကိုပါ ပိုင်ဆိုင်နိုင်အောင်ကြိုးစားရမယ်။ ကိုယ့်အလုပ်ကို ကိုယ်ပိုင်ဖို့၊ ကိုယ်လုပ်တဲ့အရာဟာ ကိုယ့်အတွက် အကျိုးရှိစေဖို့အတွက် ကြိုးစားရပါမယ်။

ပထမအဆင့် -  အချိန်သတ်မှတ်ပါ

ကော်နီးလီးယက်စ်ဗန်ဒါဗစ် (Cornelius Vanderbilt) ဟာအသက် ၁၂ မှာ သူ့အဖေရဲ့ သဘောင်္လုပ်ငန်းသေးသေးလေးမှာ ၀င်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ အဲဒီအလုပ်ကိုမကြိုက်ပါဘူး။ ကော်နီးလီးယက်စ် ဟာ ရည်ရွယ်ချက်ကြီးမားတဲ့ လူငယ်ဖြစ်ပါတယ်။ နှစ်နှစ်အတွင်းမှာ သူ့ကိုယ်ပိုင် သဘောင်္လုပ်ငန်းကြီးကို ပိုင်ဆိုင်နိုင်ရမယ်ဆိုပြီး ဆုံးဖြတ်ထားပါတယ်။ ဒီလို အချိန်သတ်မှတ်ပြီး ရည်ရွယ်ချက်ထားလိုက်တာဟာ သူ့ဘ၀ကို အကြီးအကြယ်ပြောင်းလဲစေခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက်ဟာ သူ့ရဲ့ သင်ယူလိုမှု့ကိုနှိုးဆွပေးပါတယ်၊ ဒီဆုံးဖြတ်ချက်ဟာ သူ့ရဲ့မျက်စိရောနားရောကို ဖွင့်ထားဖို့ အဆက်မပြတ်သတိပေးသလိုပါပဲ။ သူ့အဖေရဲ့အလုပ်ကနေ ရသမျှကိုသင်ယူတယ်၊ ပိုပြီးကောင်းအောင်ဘယ်လိုလုပ်ရ မယ်ဆိုတာ လေ့လာတယ်။ အသက် ၁၆ နှစ်မှာ သူ့အမေဆီကနေ ဒေါ်လာ ၁၀၀ ချေးပြီး မင်ဟက်တန် နဲ့ စတေတန်ကျွန်းကို ပြေးတဲ့ ခရီးသယ်တင်သဘောင်္လိုင်းကို ထောင်ပါတယ်။ တစ်နှစ်အတွင်းမှာ သူ့အမေဆီကချေးထားတဲ့ ဒေါ်လာ ၁၀၀ ကို ပြန်ဆပ်နိုင်ပါတယ်။ နောက်ပိုင်းမှာ ကော်နီးလီးယက်စ် ဟာ အဲဒီခေတ်က အမေရိကန်မှာ အချမ်းသာဆုံးလူတစ်ယောက်ဖြစ်လာပါတယ်။ သူ့ရဲ့ လက်ဆွဲဆောင်ပုဒ်ကတော့ " ဘယ်တော့မှ သူများ အစေခံမဖြစ်စေနဲ့၊ ပိုင်ရှင်ဖြစ် အောင်လုပ်" ဖြစ်ပါတယ်။
 

အချိန်ဆိုတာ ကျတော်တို့ဘ၀မှာ အရေးကြီးဆုံး အရင်းအမြစ်ဖြစ်ပါတယ်။ သူများဆီမှာ အလုပ်လုပ်ရတဲ့ အချိန်ဟာ လုပ်ငန်းအတွေ့အကြုံယူဖို့ အတွက်၊ ပညာရအောင် လုပ်တဲ့ အချိန်ကလွဲရင် ကျတော်တို့အတွက် အချိန်သေ တွေပါပဲ။
 
ဘ၀မှာ သူများဆီမှာ အလုပ်လုပ်ရတဲ့အချိန်ဆိုတာ ရှိတာပါပဲ။ ကော်နီးလီးယက်စ်ဗန်ဒါဗစ် လိုပဲ ကျတော်တို့ဟာ ကိုယ်လိုချင်တဲ့ ဘ၀အတွက် အချိန်တစ်ခုသတ်မှတ်ပြီးအလုပ်လုပ်သင့်ပါတယ်။ ဒီလိုသတ်မှတ်ပြီး ကျတော်တို့ပတ်ဝန်း မှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေပြောင်းလဲနေတယ်၊ ဘာတွေပြောင်းလဲလာနိုင်တယ် ဆိုတာတွေကို မျက်ချေမပြတ် စောင့်ကြည့်နေဖို့လဲ လိုပါတယ်။ လောကမှာ ရိုးသားခြင်းဟာအကောင်းဆုံးပါ။ ဒါပေမယ့် ရိုးသားဖြောင့်မတ်တာနဲ့ နုံတာ အ,တာ မရောထွေးမိပါစေနဲ့။ ကိုယ့်အတွက် အတွေ့အကြုံယူဖို့ လုပ်လည်းလုပ်ရပါမယ်။ တနေ့မှာ ငါဟာ ကိုယ်ပိုင်အလုပ်တစ်ခုကိုလုပ်နိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိကို ရှိသင့်ပါတယ်။ နောက်ပြီး ရသလောက် အတွေ့အကြုံတွေ၊ သတင်းအချက်အလက်တွေကိုလည်း မှတ်သားစုဆောင်းသင့်ပါတယ်။
 

ဒုတိယအဆင့် - တာဝန်ယူလိုစိတ်မွေးပါ

ကျတော်တို့ဘ၀ တစ်ချိန်ချိန်မှာ သူများဆီမှာ အလုပ်လုပ်ရတဲ့အခါတွေရှိပါတယ်။ ဒီလိုအချိန်တွေဟာ ကျတော်တို့အတွက် အတွေ့အကြုံကောင်းတွေ၊ အလေ့အကျင့်တွေသင်ယူဖို့အကောင်းဆုံးအချိန်တွေပါ။ ကိုယ်လုပ်ရတဲ့အလုပ်ကို ကိုယ့်အလုပ်လို့သဘောထားပါ။ တာဝန်ယူလိုစိတ်မွေးပါ။ ကိုယ်တာဝန်ယူရတဲ့ အပိုင်းကို ဒီထက်ကောင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အမြဲစဉ်းစားပါ။ သူများမလုပ်လိုတဲ့ ပရော့ဂျက်တွေ၊ မပြီးသေးတဲ့ အလုပ်တွေကို ကိုယ်က ပြီးအောင် လုပ်ပါ။ ပြသနာတွေကို အထက်လူကြီးဆီယူသွားတာမျိုးမလုပ်ပါနဲ့။ ပြသနာဖြေရှင်းနည်းတွေကိုသာ အထက်လူကြီးတွေကို တင်ပြပါ။ တကယ်လို့ အထက်လူကြီးဟာ အဲသလောက်မှ လုပ်ပိုင်ခွင့်မပေးဘူး၊ ဆုံးဖြတ်ပိုင်ခွင့်မပေးဘူး ဆိုရင် အဲလိုအလုပ်မျိုး၊ အဲလိုနေရာမျိုးမှာ မနေပါနဲ့။ သတ္တိရှိပါ။ ကျတော်တို့ဟာ သူများအလုပ်ကိုပဲ တစ်သက်လုံးလုပ်သွားမယ့်သူတွေမဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် ကိုယ့်ကိုကိုယ် ကျွန်ဇာတ် မသွင်းပါနဲ့။ ကိုယ်ဟာ ကိုယ့်ဘ၀အတွက် သခင် ပဲဖြစ်ရပါမယ်။ ကိုယ့်ရဲ့ လုပ်နိုင်တဲ့ အရည်အချင်းတွေ၊ ဆုံးဖြတ်ရဲတဲ့သတ္တိတွေကို အတုံး မခံပါနဲ့။
 

အလုပ်တစ်ခုဟာ လခ ရတာနည်းချင်နည်းပါစေ။ တာဝန်ယူရတဲ့အပိုင်းများတယ်၊ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်လည်း ပိုရလာဖို့ရှိတယ်၊ သင်ယူစရာတွေလည်း ရှိတယ်ဆိုရင် အဲသလိုအလုပ်မျိုးကို ရွေးသင့်ပါတယ်။ ပိုက်ဆံတော့ပိုရပါရဲ့ ဘာမှလည်း လုပ်စရာမရှိဘူး၊ သင်ယူစရာလည်းမရှိဘူး၊ တာဝန်လည်းသိတ်မယူရဘူုးဆိုရင် အဲလို အလုပ်မျိုးကို မရွေးသင့်ပါဘူး။ ကျတော်တို့ဦးတည်ရမှာ ပိုက်ဆံ တစ်ခုတည်းမဟုတ်ပါဘူး။ ကျတော်တို့ရဲ့ ကိုယ်ပိုင်အရည် အချင်းတွေတိုးတက် အောင်လုပ်ဖို့၊ ကိုယ့်အစွမ်းအစကို အားကိုး တတ်တဲ့အလေ့အကျင့်တွေရလာဖို့ဟာ ပိုက်ဆံ ရဖို့ထက် အများကြီးအရေးကြီးပါတယ်။ ဒီအချက်တွေဟာကျတော်တို့ ဘ၀ တစ်လျှောက်လုံးသုံးသွားရမှာပါ။
 

တတိယအဆင့် - အစာကွင်းဆက်ရဲ့ထိပ်ဆုံးကို ရောက်အောင်လုပ်ပါ။

၁၄၉၉ မှာ ပုပ်ရဟန်းမင်းကြီးဆဌမမြောက်အလက်ဇန်းဒါး (Pope Alexander VI) ဟာ သူ့သား ချက်ဇရီဘောဂျီးယား (Cesare Borgia) အတွက် အီတလီမှာ နိုင်ငံငယ်လေး တစ်ခု တည်ထောင်ပေးဖို့ကြိုးစားပါတယ်။ ဒါပေမယ့် ဒါဟာလွယ်တဲ့ အလုပ်တော့မဟုတ်ပါဘူး။ အီတလီဟာ အဲဒီအချိန်တုန်းက နိုင်ငံတစ်ခုအနေနဲ့ တစ်စုတစည်းတည်း ရှိတာမဟုတ်ပဲ မြို့ပြနိုင်ငံငယ်လေးတွေ အများကြီး ရှိပါတယ်။ ဘောဂျီးယား ရဲ့ ရိုမဂ်နာ(Romagna)  မြို့ပြ နိုင်ငံလေး ဟာ ရေရှည်ရပ်တည်ဖို့အပြင်းအထန်ရုန်းကန်နေရတဲ့အခြေအနေပါ။ အီတလီနိုင်ငံရေးဇာတ်ခုံကို လွှမ်းမိုးဖို့ကြိုးစားနေတဲ့ မိသားစုဝင်တွေရှိတယ်၊ ဥရောပရဲ့ တခြားအင်အားကြီးနိုင်ငံတွေရှိတယ်၊ ဘေးပတ်ဝန်းကျင်က တခြားမြို့ပြနိုင်ငံတွေရဲ့ အန္တရာယ်ကလည်း လျှော့တွက်လို့မဖြစ်ပါဘူး။ ပုပ်ရဟန်းမင်းကြီးဟာ သူ့သားရဲ့ နိုင်ငံလေး ဘေးကင်းစေဖို့ အီတလီရဲ့ သြဇာအကြီးဆုံး နိုင်ငံရေးမိသားစုတွေနဲ့ အဆင်ပြေအောင်ဆက်ဆံရပါတယ်။ ပြင်သစ်ဘုရင် လူဝီ ၁၂ နဲ့လည်း မဟာမိတ်ဖွဲ့ရပါတယ်။ ပြီးတော့ အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ဖို့ ကြေးစားစစ်တပ် ကိုလည်း ဖွဲ့စည်းရပါသေးတယ်။
 

ဘောဂျီးယားဟာ အလွန်အကွက်မြင်ပြီးထက်မြတ်တဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ရည်မှန်းချက်က သူ့နိုင်ငံသေးသေးလေးကို ကျော်လွန်ပြီး အီတလီတစ်နိုင်ငံလုံးကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အခြေအနေဟာ တခြားသူတွေကို မှီခိုနေရပါတယ်။ ဒီအမှီအခိုတွေဟာ အချိန်မရွေး သူ့အတွက် အန္တရယ်တွေဖြစ်သွားနိုင်ပါတယ်။ ဒါတွေကို တစ်ခုပြီးတစ်ခုဖျက်ဆီးပြီး နောက်ဆုံးမှာ ဘယ်သူ့ကိုမှ မှီခိုအားထားနေစရာမလိုတဲ့ အခြေအနေတစ်ခု ဖန်တီးနိုင်မှသာ သူလိုချင်တဲ့နေရာကို ရောက်မှာပါ။   
 

ပထမဆုံးငွေကြေးအမြောက်အများသုံးပြီး အီတလီနိုင်ငံရေးမိသားစုတွေကြားမှာ သူ့သြဇာကြီးမားလာအောင်လုပ်ပါတယ်။ ပြီးတော့ အဲဒီအထဲက သူ့ကို ယှဉ်ပြိုင်နိုင်လောက်တဲ့သူတွေကို အပြတ်ရှင်းပစ်ပါတယ်။ ကြေးစားစစ်တပ်ကို ဖျက်သိမ်းပြီး သူ့ကိုယ်ပိုင်စစ်တပ်တည်ဆောက်ပါတယ်။ ပြင်သစ်ဘုရင်ရဲ့ ခြိမ်းခြောက်မှု့ကို တွန်းလှန်ဖို့ တခြား ဥရောပရဲ့ အင်အားကြီးနိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ပါတယ်။ အဲဒီနောက်မှာ အီတလီမြို့ပြတွေကို တခုပြီးတစ်ခု သိမ်ယူပါ တယ်။ လူတိုင်းဟာ ကိုယ်လိုချင်တာရဖို့ အမြဲကြံစည်နေကြတယ် ဆိုတာ သူကောင်းကောင်းနားလည်ပါတယ်။ ဒီလိုလောကကြီးမှာ ကိုယ်က သူများကို အလွန်အမင်းအားကိုးမယ်၊ သူများအကူအညီကို အရမ်း မျှော်လင့်ထားမယ်ဆိုရင် ကိုယ့် ဒုက္ခကိုယ်ရှာတဲ့သူနဲ့တူပါတယ်။
 
(*** အီတလီ နိုင်ငံရေးပညာရှင် နီကိုလို မက်ကီယာဗဲလီ (Nicolo Machiavelli ) ဟာ သူ့ရဲ့ နာမည်ကျော်စာအုပ်ဖြစ်တဲ့ The Prince မှာ ချက်ဇရီဘောဂျီးယားကို ထိရောက်တဲ့အုပ်ချုပ်သူတစ်ယောက်အနေနဲ့ အများကြီး ချီးမွမ်းထားပါတယ်။***)
 
သတ္တလောကမှာ အစာကွင်းဆက်ရဲ့ ထိပ်ပိုင်းမှာရှိတဲ့ သတ္တ၀ါတွေ(ဥပမာ- လူ၊ နို့တိုက်သတ္တ၀ါ )ဟာ အသိဥာဏ်အရှိဆုံးနဲ့ အဆင့်အမြင့်ဆုံးသတ္တ၀ါတွေဖြစ်ပါတယ်။ကျတော်တို့ဟာလည်း ဘ၀မှာ အစာကွင်းဆက်ရဲ့ထိပ်ဆုံးကို တတ်နိုင်သလောက် ရောက် ဖို့  ကြိုးစားသင့်ပါတယ်။ ဒါမှ သူများကို သိတ်အားကိုးစရာမလိုပဲ တခြားသူတွေကို ကိုယ်က လွမ်းမိုးနိုင်မှာပါ။  
 

စတုတ္ထအဆင့် -  ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးတွေဟာကိုယ်တည်ဆောက်ထားတဲ့ အဖွဲ့အစည်းမှာ ထင်ဟပ်နေပါစေ။

ကျတော်တို့ဟာ ဘ၀တစ်လျှောက်လုံးမှာ ကိုယ့်အားကိုယ်ကိုး ရပ်တည်ဖို့၊ ကိုယ်တိုင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားရပါမယ်။ ဒီလိုကြိုးစားတဲ့ နေရာမှာ ကျတော်တို့ တစ်ယောက်တည်းနဲ့ မရပါဘူး။ စီးပွားရေးလုပ်သည်ဖြစ်စေ၊ နိုင်ငံရေးလုပ်သည်ဖြစ်စေ၊ လူမှု့ရေးလုပ်သည်ဖြစ်စေ အဖွဲ့အစည်းအသင်းအပင်း တည်ထောင်ရပါတယ်။ ကိုယ် တည်ထောင်လိုက်တဲ့ အဖွဲ့အစည်းတစ်ခုဟာ ကိုယ့်ရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထင်တပ်နေဖို့လိုပါတယ်။ သူများလုပ်သလိုလိုက်လုပ်တယ်ဆိုတာ အစပိုင်းမှာတော့ ကောင်းပါတယ်၊ မကျွမ်းကျင်သေးတဲ့အပေါ်မှာ သူများကို နည်းယူလုပ်တယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် ရေရှည်မှာ သူများလုပ်သလိုချည်းလိုက်လုပ်နေလို့ မဖြစ်ပါဘူး။
လူ့သမိုင်းတလျှောက်လုံးမှာ ကိုယ်နဲ့ထပ်တူကျတဲ့သူဆိုတာ ဘယ်တုန်းကမှမရှိပါဘူး။ ဘယ်တော့မှလည်း ရှိမှာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ မတူညီတဲ့ အရည်အချင်းတွေ အတွေးအခေါ်တွေရှိပါတယ်။ ဒါတွေကို အသုံးချပါ။
 
သမိုင်းမှာ သြဇာအကြီးမားဆုံး ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ် ကိုယ်ပိုင် အရည်အချင်းတွေ ကိုယ်ပိုင်စတိုင် တွေနဲ့သာ လုပ်ဆောင်ခဲ့ကြတာပါ။ အမြဲတမ်း သူများကို လိုက်တုနေ တဲ့သူဟာ အစစ် ဖြစ်မလာနိုင်ပါဘူး။ အတု သာဖြစ်ပါလိမ့်မယ်။ 
 

( Robert Greene ရဲ့ Self - Reliance ကိုမှီငြမ်းပြီး ရေးသားခြင်းဖြစ်ပါသည်။ ကျတော်သူ့စာတွေကို သဘောကျပါတယ်။ သူ့စာတွေဟာ ကျတော်တို့ အမြဲတမ်းတွေ့နေရတဲ့ စာအုပ်တွေလိုမဟုတ်ပဲ လူတွေရဲ့ အကြောင်းကို တည့်တည့်ကြီးရေးထားတယ်လို့ ထင်မိပါတယ်။ နောက်ပြီး သူ့စာတွေကိုဖတ်ရတာ အားရှိတယ်လို့ ခံစားရပါတယ်။ သူ့စာတွေကို မှီငြမ်းပြီး ရေးရတာ နည်းနည်းတော့လန့်မိတယ်။ စာဖတ်တဲ့သူတွေထဲမှာ ဒီလိုစာတွေကို ကြိုက်သူရှိသလို မကြိုက်သူလည်း ရှိကောင်းရှိမှာပါ။ ဘယ်လိုမဆို ကျတော် နှစ်သက်တဲ့ စာတွေကို မျှဝေပေးရတာကို ကျေနပ်ပါတယ်။ ကျတော့်စာတွေကို အချိန်ပေးပြီးဖတ် ကြတဲ့ MMSY ကသူငယ်ချင်းတွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ။)
 

No comments: