ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်

အင်္ဂါနေ့၊ အောက်တိုဘာလ ၁၁၊ ၂၀၁၁

ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်ဟု အမ်အာတီဗီဖိုး ရုပ်သံမှ ကြေငြာ
Photo..AP
ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်ဟု အမ်အာတီဗီဖိုး ရုပ်သံမှ နေ့ခင်း ၁ နာရီတွင် ကြေညာသွားခဲ့သည်။ နိုင်ငံရေး အကျဉ်းသားမည်မျှ ပါဝင်သည်ကိုမူ မသိရှိရသေးပါ။

ယနေ့ နေ့ခင်း ၁ နာရီ ကြေညာချက်အရ “နိုင်ငံတော် အစိုးရသည် ပြစ်ဒဏ်ကျခံနေရသော အသက်အရွယ် ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများနှင့် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသည့် အကျဉ်းသားအားလုံးအနက်မှ ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသည့် အကျဉ်းသား ၆၃၅၉ ဦးအား အောက်တိုဘာလ ၁၂ ရက် နေ့မှ ပြစ်ဒဏ်မှ အသီးသီး လွတ်ငြိမ်းခွင့်ပြုလိုက်သည်” ။ အဓိပ္ပါယ်မှာ မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့မှ စလွှတ်ပေးမည့် သဘောဖြစ်သည်။
အရပ်သား အစိုးရသစ် လက်ထက်တွင် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦး၏ ပြစ်ဒဏ်များကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲ သက်သာခွင့် ပေးခဲ့သည်။
..........................
နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် ၄၉/၂၀၁၁ ကို ၁၃၇၃ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ရက်၊ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၁ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင်ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။

၂။ ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကိုကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊
ကျန်းမာရေးမကောင်းသူများ၊ ကိုယ်လက်အဂါင်္ချို့တဲ့သူများ အပါအ၀င် အကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့်အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ပြုပြင်ပြောင်းလဲပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။

၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန် လာသော အကျင်းသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသော အနေဖြင့် လည်းကောင်း၊
ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင်အတူ တာဝန်ထမ်းဆောင်နိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန် ကျန်ရှိသော အပြစ်ဒဏ်များအပေါ် ၁၃၇၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်မှ စ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ

No comments: