ရှင်းရှင်းလဲပြောတတ်တယ် ပြတ်ပြတ်သားသားလဲရပ်တည်တယ်

ကိုဇာဂနာသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နေစဉ် ဇွန် လဆန်းပိုင်း၌စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရသည်။ ၎င်းကို စစ်အစိုးရက နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက် ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက် ထရွန်နစ် အမှု တမှုလျှင် ၈ နှစ်စီ ဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။ ၎င်းသည် ယမန်နေ့ကအထိ ကချင်ပြည်နယ် မြစ်ကြီးနားထောင် တွင် ရှိနေခဲ့သည်။
ယမန်နေ့တွင် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ၍ အကျဉ်းသား ၆ ထောင်ကျော်ကို ယနေ့ သီတင်းကျွတ်လပြည့်နေ့မှ စတင် လွှတ်ပေးခဲ့ရာ ထိုအထဲတွင် ကမ္ဘာသိ လူရွှင်တော် ကိုဇာဂနာလည်း ပါရှိသည်။ မြစ်ကြီးနားမှတဆင့် ရန်ကုန်သို့ လေယာဉ်နှင့် ပြန်လာခဲ့ပြီး ယခု နေအိမ်တွင် ရောက်ရှိနေပြီဖြစ်သော ကိုဇာဂနာကို ဧရာဝတီမဂ္ဂဇင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့ပါသည်။
မေး။     ။ ထောင်ထဲမှာ ကိုဇာဂနာကို ကောင်းကောင်းထားရဲ့လား။ ညှဉ်းပန်းနှိပ်စက်တာတို့ ဘာတို့ကော ခံခဲ့ရလား။
ဖြေ။     ။ မဆိုးဘူးပြောရမယ်၊ အရင်ကထက် အများကြီးကောင်းလာတယ်။ ICRC (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) နဲ့တော့ မတွေ့ခဲ့ရဘူး။ နှိပ်စက်တာတို့ ဘာတို့ မရှိပါဘူး။ ဟိုးအရင် ၁၉၉၄ ခုနှစ်မတိုင်ခင် ကျနော်တို့ ထောင်ထဲရောက်တုန်းက ပုံစံနဲ့ အခုနဲ့တော့ အများကြီး ကွာသွားပါပြီ။ ကျနော်တို့ကို လေနဲ့တောင် မပစ်မှားရဲဘူး။
မေး။     ။ ကိုဇာဂနာ မလွတ်ခင်မှာ အစိုးရဘက်က လာညှိတာ ရှိလား။
ဖြေ။     ။ မရှိပါဘူး။ လွတ်မယ်ဆိုတာတောင် ဒီနေ့ မနက် အစောကြီး ၅ နာရီခွဲလောက်ကမှ လာနှိုးပြီးပြောလို့ သိတာ။ ကိုဇာဂနာ လွတ်ပြီ ဆိုပြီး လာပြောတော့ ကျနော်ကတောင် နောက်လိုက်သေးတယ်၊ ဘာလဲ စိတ်နဲ့ကိုယ်နဲ့ လွတ်တာလားလို့။
မေး။     ။ ထောင်ထဲမှာ ဂျာနယ်တောင် ဖတ်လို့ရတယ်ဆိုတော့ ကိုဇာဂနာ လွတ်ပြီဆိုတဲ့ သတင်းတွေ တကယ် မကြားရဘူးလား။
ဖြေ။     ။ မကြားရဘူးဗျ။ မနေ့ကတော့ ရေဒီယို နားထောင်ရတယ်လေ။ မနေ့က FM မှာ နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့် ပြုမယ်ဆိုပြီး ကြေညာတာတော့ သိတယ်။ ဒါပေမယ့် အဲဒီလွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ကျနော်တို့ မပါဘူးလို့ပဲ ထင်နေတာပေါ့။ ဂျာနယ်တွေဖတ်ရတဲ့ထဲမှာလည်း အဲဒီလို သတင်းတွေ မပါဘူးလေ။
မေး။     ။ အခု လွတ်လာပြီဆိုတော့ ဘာတွေ ဆက်လုပ်မယ် စဉ်းစားထားလဲ။
ဖြေ။     ။ ကျနော်မှာတော့ ကျနော့်ရဲ့ နဂိုလုပ်ထားတဲ့ အစီအစဉ်ရှိတယ်။ ကျနော့်ခံယူချက်က နိုင်ငံရေးနဲ့ အနုပညာဆိုတာ တွဲနေတာ ဆိုတော့ ကျနော် အဲဒါပဲ ဆက်လုပ်ရမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ၁၉၈၈ ခုနှစ်တုန်းက ပါတီစုံ ဒီမိုကရေစီ ရရှိရေး ဆိုပြီး တောင်းခဲ့ကြတာကိုး၊ အဲဒီလို တောင်းခဲ့ပြီးတော့ ကျနော်တို့တောင်းဆိုခဲ့တာတွေ အခု ပြည့်စုံပြီလားလို့ ကျနော့်ကိုယ် ကျနော် မေးကြည့်လိုက်တဲ့ အခါကျတော့ မပြည့်စုံဘူး ဆိုတဲ့ အဖြေပဲရတယ်။ ပါတီစုံဒီမိုကရေစီ မဖြစ်သေးဘူး၊ ဒီမိုကရေစီ ဆိုတာလည်း စစ်စစ်မှန်မှန်မရသေးဘူး။ အဲဒီအချက် နှစ်ချက်ကို ကျနော် စဉ်းစားမိတဲ့အတွက် အနုပညာနဲ့ နိုင်ငံရေး တွဲပြီး ဆက်လုပ်ရဦးမယ်လို့ ပြောတာပါ။
မေး။     ။ မြန်မာပြည် ပြောင်းလဲနေပြီ၊ ဖွံ့ဖြိုးတိုးတက်နေပြီလို့ ကာ့တ် ကမ်းဘဲလ်ကလည်း ပြောတယ်၊ EU ကလည်း ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်နဲ့တွေ့တာကိုလည်း နိုင်ငံတကာက ထောက်ခံကြတယ်။ ကိုဇာဂနာက ထောင်ထဲကနေပြီး အဲဒီလို ပြောတာတွေ ကြားရတော့ ဘယ်လိုခံစားရလဲ၊ ဘာပြောချင်လဲ။
ဖြေ။     ။ မနေ့က ညနေလောက်အထိကတော့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတာကို ယုံချင်သလိုလိုပဲ။ အဲဒါပြီးတော့ ဒီနေ့မနက်ကစပြီး မယုံတော့ဘူး။ တကယ် မလိုလားဘူး ကျနော်ထင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကို လွှတ်တာတောင်မှ တွန့်တိုနေတာ မဟုတ်လား။ လွှတ်လိုက်ပါလား အကုန်လုံး၊ သူတို့ အိတ်ထဲက စိုက်ပေးရလို့လား။ ဒီအမှုတွေအားလုံးက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ချထားတဲ့ ပြစ်ဒဏ်တွေ တခုမှမဟုတ်ဘူး။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တကယ်လိုလားတယ်ဆိုရင် လွှတ်လိုက်ပါလို့ ပြောချင်တယ်။
ကျနော်တို့ ဖြစ်စေချင်တာက အကုန်လုံး အကုန်လုံး လွတ်စေချင်တာ။ မင်းကိုနိုင်မှ မဟုတ်ဘူး အကုန်လုံးပဲ။ လူမသိသူမသိလို့ ပြောလို့ရတဲ့ ကျနော်နဲ့ အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုးတောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။ အဲဒီလိုပဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း လွတ်စေချင်တာပဲ။
မေး။     ။ ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လွတ်စေချင်တာလဲ၊ သူက နိုင်ငံရေးအကျဉ်းသား မို့လို့လား။
ဖြေ။     ။ ကျနော်က နိုင်ငံရေးအကျဉ်းသားလို့ မပြောပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား။
(၎င်းအဖြေ အပြီးတွင် တယ်လီဖုန်းလိုင်း ပြတ်တောက် သွားပါသည်)

No comments: