သွေးတိုးစမ်းတာလား တရုတ် ၊

မြစ်ဆုံကိစ္စ တရုတ် ရုပ်မြင်သံကြား ဝေဖန်

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို သမ္မတ ဦးသိန်းစိန်က ဆိုင်းငံ့လိုက်တဲ့ အပေါ် တရုတ် ဘာသာနဲ့ ထုတ်လွှင့်တဲ့ ဟောင်ကောင် အခြေစိုက် Phoenix TV က ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားသွားပါတယ်။
ဟောင်ကောင် အခြေစိုက် Phoenix TV ရဲ့ သတင်းစာ ကောက်နှုတ်ချက် လို အခန်း ကဏ္ဍ ထဲမှာ ဝေဖန် ပြောကြား သွားတာ ဖြစ်ပါတယ်။
ပထမတော့ ဗြိတိန်နိုင်ငံထုတ် Financial Times သတင်းစာကြီးထဲမှာ မြစ်ဆုံဆည် စီမံကိန်း ဆိုင်းငံ့လိုက်တဲ့ အကြောင်း ရေးသားချက်ကို ပြန်လည် ကောက်နှုတ် ပြောပြပါတယ်။
အဲဒီနောက်မှာ အစီအစဉ်တင်ဆက်သူရဲ့ ဝေဖန်ချက် နောက်ဆက်တွဲလိုက်ပါ လာပါတယ်။
သတင်းစာကောက်နှုတ်ချက်လို အစီအစဉ်မျိုးထဲမှာ အစီအစဉ်တင် ဆက်သူက ဝေဖန်သွားတာဆိုတော့ တင်ပြပုံက နည်းနည်းတော့ ထူးခြားတဲ့ အချက် ဖြစ်ပါတယ်။
ဝေဖန်သွားတဲ့အချက်တွေထဲမှာတော့ အခုလို မြစ်ဆုံဆည် စီမံကိန်း ဆိုင်းငံ့လိုက်တာဟာ အများပြည်သူရဲ့ သဘောထား တခုတည်းကြောင့် မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ဘယ်လို သမ္မတမျိုးလဲဆိုတာကိုလည်း ဝေဖန်သွားပါတယ်။ သူ့ကို သမ္မတ အဖြစ် တင်မြှောက်ပေးတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်မှု မရှိတဲ့ ရွေးကောက်ပွဲ ဆိုပြီး အနောက်နိုင်ငံတွေက ဝေဖန်ခဲ့ကြတယ်။ ဒါပေမဲ့ ဦးသိန်းစိန်ကတော့ အနောက်နိုင်ငံတွေ ကျေနပ်နှစ်သက်ဖို့ အတိုက်အခံ နိုင်ငံရေး ပါတီကို နှစ်သိမ့်ဖို့ အတွက် မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ခဲ့တယ်လို့ ဝေဖန်သွား ပါတယ်။
မြန်မာအစိုးရရဲ့ ဒီလို ဆောင်ရွက်မှုတွေဟာ မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံရေး အတွက် နာမည်ပျက်စေတယ်။ ယုံကြည်မှု ပျက်ပြား စေတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ပြင်းပြင်းထန်ထန် ဝေဖန်သွားတာကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် တုန့်ပြန်ဖို့ လိုအပ်တယ်၊ အဲသလို တုန့်ပြန်မှုမျိုး မလုပ်ခဲ့ရင် တခြားနိုင်ငံတွေကလည်း တရုတ်ကို မထီမဲ့မြင် ဆက်ဆံလိမ့်မယ်၊ မြန်မာနိုင်ငံကို ဒဏ်ခတ်ရလိမ့်မယ်လို့ ဝေဖန်သွား တဲ့ အချက်ဖြစ်ပါတယ်။
ဒါဆိုရင်ဒီသတင်းဌာနရဲ့ အခုလိုပြောဆိုမှုဟာ တရုတ်အစိုးရရဲ့ အာဘော်ကို ထင်ဟပ်တယ်လို့ ဆိုနိုင်မလား။
ဒီသတင်းဌာနဟာ ဟောင်ကောင် မှာ ဌာနချုပ်ထားပြီး အသံလွှင့်တဲ့ သတင်းဌာနတခုပါ။ ဒါပေမဲ့ သူ့မှာ ရုပ်မြင်သံကြားလိုင်း လေးငါးလိုင်းရှိပါတယ်။
ဥရောပအတွက် ရည်ရွယ်ထုတ်လွှင့်ပေးတဲ့ ရုပ်မြင်သံကြားလိုင်း၊ သြစတြေးလျ အတွက် ထုတ်လွှင့်တဲ့ လိုင်း၊ အမေရိကန်ပြည်ထောင်စုအတွက် ထုတ်လွှင့်တဲ့ လိုင်းတွေလည်း ရှိပါတယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ တရုတ်လူမျိုးတွေ အတွက် ရည်ရွယ်ထုတ်လွှင့်တယ်လို့ သူတို့က ပြောပါတယ်။
ဒီသတင်းဌာနရဲ့ အာဘော်ဟာ အစိုးရ အာဘော်ကို ထင်ဟပ်နိုင်သလားဆိုတာနဲ့ ပတ်သက်လို့ကတော့ ဘီဘီစီ ချိုင်းနီးစ် ဒေါ့ကွန်းရဲ့ အယ်ဒီတာ ယုဝမ်ကို မေးကြည့်ရာမှာတော့ "ဒီကိစ္စက နည်းနည်း ရှုပ်ထွေးပါပါတယ်။ ရုပ်မြင်သံကြားဌာနက ဟောင်ကောင်မှာ အခြေစိုက်ပါတယ်။ သူ့ဖာသာ သီးသန့်လွတ်လပ်တဲ့ သတင်းဌာနလို့လည်း ပြောပါတယ်။ ဒါပေမဲ့ အဲဒီရုပ်မြင်သံကြားဌာနရဲ့ အစီအစဉ်တင်ဆက်သူတွေဟာ တော်တော်များများ တရုတ်ပြည်မကြီးက လာတဲ့သူတွေပါ။ တချို့က ထိုင်ဝမ် တချို့က ဟောင်ကောင်က ဆိုတာ ကျမတို့ အားလုံးသိပြီးသားပါ" လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေး အမြင် အရ ဆိုရင် တရုတ်ပြည်မကြီးက အစိုးရ ရုပ်မြင်သံကြားတွေရဲ့ ပြောဆိုသုံးသပ်ပုံနဲ့ အနည်းနဲ့ အများဆိုသလို တူညီပါတယ်လို့လည်း ဖြည့်စွက် ပြောကြားသွားပါတယ်။
ဒီတော့ ဒီအမြင်ဟာ တရုတ်အစိုးရရဲ့ တရားဝင် အာဘော်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ တရုတ်အစိုးရထဲက အမြင်တချို့ကို ရောင်ပြန်ဟပ်နေလိမ့်မယ်လို့တော့ ဆိုရပါလိမ့်မယ်။

No comments: