နောက်မှာပြည်သူ ရှေ့ မှာတရုတ်

တရုတ်ကို ပထမဆုံး အကြိမ် ငြင်းဆန်ကြောင်း မြန်မာ မောင်း ခတ်ကြေညာ

(မြစ်ဆုံတမံ ရပ်ဆိုင်းမှုနှင့် ပတ်သက်၍ လူသိများ ဘာတစ်လ်လင်တနာ၏ မူကွဲ သုံးသပ်ချက် ဆောင်းပါးတပုဒ်ဖြစ်သည်။)


တရုတ်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှု ကြီးထွားလာခြင်းနှင့်ပတ်သက်၍ အာရှနိုင်ငံ များက ပိုမို စိတ်ပူစိုးရိမ်နေချိန်မျိုးတွင် တရုတ်တို့၏ ကြီးမားသော ရေအား လျှပ်စစ်တမံစီမံကိန်းကို မြန်မာနိုင်ငံက ဖယ်ချလိုက်ခြင်းကြောင့် မေးခွန်း သစ်များ ပေါ်ထွက်လာသည်။ အဖိနှိပ်ခံနိုင်ငံမှ အရပ်ဘက်အသိုင်းအဝိုင်း၏ ရှားရှားပါးပါး အောင်ပွဲတခုအလား (သို့မဟုတ်) တရုတ်နိုင်ငံအပေါ် မှီခိုနေရ ခြင်းနှင့်ပတ်သက်၍ ပြည်တွင်းအငြင်းပွားမှုကို ရည်ညွှန်းသလားဆိုသည့် မေး ခွန်းများ၏ အဖြေများနှင့် သက်ဆိုင်ခြင်းမရှိဘဲ အိမ်နီးချင်း မဟာမိတ်နိုင်ငံ ကြီး၏ စီမံကိန်းအပေါ် ပြည်သူတို့၏ အမြင်ကွဲလွဲမှု က မြန်မာ-တရုတ်ဆက် ဆံရေးတွင် ကဏ္ဍသစ်တခု ရေးထိုးလိုက်ပြီဖြစ်သည်။
စ က်တင်ဘာလ ၃၀ ရ က်တွင် မြန်မာသမ္မတသစ် ဦးသိန်းစိန်က လွှတ်တော်သို့ စာတစောင် ပေးပို့ကာ နိုင်ငံ မြောက်ပိုင်း၌ အကြီးစား ရေလှောင်တမံ တည်ဆောက်ရန် တရုတ်နိုင်ငံနှင့် ဖက်စပ်ဆောင်ရွက်နေေ သာ စီမံ ကိန်းသည် ပြည်သူတို့၏ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့် ရပ်ဆိုင်းထားလိုက်ကြောင်း ကြေညာလိုက်သည်။ အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံ ကုန်ကျမည့် မြစ်ဆုံရေလှော င်တမံကြီးသည် ကမ္ဘာ့ ၁၅ ခုမြောက် အမြင့်ဆုံး တမံကြီးဖြစ်၍ စင်ကာပူနိုင်ငံ ဧရိယာခန့်ရှိသော ၇၆၆ စတုရန်းကီလိုမီတာ မြေပြင်ကို ရေမြှပ်သွားစေမည်ဖြစ် သည်။

ယ င်းဆုံးဖြ တ်ချ က်ကို မကြေ ညာမီ တရုတ်အာဏာပိုင်များကို တိုင်ပင်ခဲ့သလား ဆိုသည့်အချက်မှာ မသဲကွဲ သေးပါ။ ၁၉၈၈ ဒီမိုကရေစီဆန္ဒပြပွဲများကို အကြမ်းဖက် နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရကို အနောက်နိုင် ငံများက ဝိုင်းပယ်ထားခဲ့ချိန်မှစ၍ မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ နိုင်ငံရေးအရ အားပေးထောက်ခံမှုနှင့် စစ် လက်နက်ပစ္စည်းများ ရရှိရေးအတွက် မြောက်ဘက်အိမ်နီးချင်း အင်အားကြီးနိုင်ငံကို မှီခိုနေခဲ့ရသည်။

ယခုကိစ္စတွင်ြ
ပည်သူလူထု၏ သဘောထားကလည်း တစိတ်တပိုင်း ပါဝင်ပါလိမ့်မည်။ ၂၀၀၆ ခုနှစ်က သ ဘောတူစာချုပ်အရ မြစ်ဆုံမှ ထုတ်လုပ်သော ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဖြစ် သည့်အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပေါ် ဒေါသထွက်မှုဖြင့် တုန်လှုပ်နေသော ပြည်သူများက နှစ် ပေါင်းများစွာအတွင်း မမြင်ခဲ့ဘူးသောပုံစံဖြင့် အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၎င်းရေလှောင်တမံ သည် ကချင်လူမျိုးတို့၏ နှလုံးသားကို ဓားမြှောင်စိုက်လိုက်ခြင်းဖြစ်၍ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကလည်း ရေလှောင်တမံဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံရပ်တည်ခဲ့သည်။ အစိုးရဆန့်ကျင် ရေးလှုပ်ရှားသူများ၏ ကိရိယာသစ်တခုဖြစ်သည့် Facebook ပေါ်တွင်လည်း ပြည်သူတို့၏ အသံများ လျှံထွက် နေသည်။

မြန်မာနိုင်ငံအတွင်း၌ ပြည်သူတို့ ပွင့်လင်းစွာ ဆန္ဒပြနိုင်ခြင်းမရှိသော်လည်း ‘ဧရာဝတီ ကယ်တင်ရေး’ အစည်း အဝေးများကိုမူ ရန်ကုန်မြို့ပေါ်တွင် ကျင်းပခဲ့သည်။ ပြည်ပရောက် မြန်မာများကလည်း နိုင်ငံရပ်ခြားရှိ မြန်မာ သံရုံးများ၏ အပြင်ဖက်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း တ ရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားလျက်ရှိရာ အထူးသဖြင့် တရုတ်လွှမ်းမိုးမှုကြီးမားသော မြောက်ပိုင်း ဒေသတွင် ပိုမိုပြင်းထန်လာသည်။ ကချင်ပြည်နယ်မှ ရရှိသော သတင်းများအရ ကေအိုင်အေနှင့် အစိုးရတပ် များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပြည်နယ်အတွင်း အလုပ်လုပ်နေသော တရုတ်လူမျိုး အလုပ်သမား များနှင့် ကုန်သည်များ တရုတ်နိုင်ငံသို့ ပြန်ထွက်ပြေးသွားကြသည်ဟု သိရှိရသည်။

သို့သော် ပြည်သူတို့၏ သဘောထားသည် မြန်မာအစိုးရအပေါ် လွှမ်းမိုးနိုင်လောက်အောင် အားကောင်းခဲ့ခြင်း မရှိပါ။ အစိုးရကလည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားကာ အနောက် နိုင်ငံများ၏ပြစ်တင်မှု၊ အရေးယူပိတ်ဆို့မှုများကို ထပ်မံဖိတ်ခေါ်ရာရောက်မည့်အဖြစ်ကို လိုလားမည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် တရုတ်သြဇာလွှမ်းလာခြင်းကို လက်နက်ကိုင်တပ်ဖွဲ့ (တပ်မတော်) အတွင်း မကျေနပ်မှုက ရေလှောင်တမံစီမံကိန်း ရပ်ဆိုင်းသည့်ကိစ္စ၏ အကြောင်းရင်းဖြစ်ဖို့ အလားအလာ ပိုများနေသည်။

သမိုင်းကြောင်းအရ မြန်မာနိုင်ငံသည် ၎င်း၏မြောက်ဘက်အိမ်နီးချင်းနိုင်ငံအား ခပ်စိမ်းစိမ်း ဆက်ဆံခဲ့သည်ကို တွေ့ရသည်။ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ ဝန်ကြီးချုပ် ဦးနု၏ ဘက်မလိုက် ဒီမိုကရေစီအစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ဘီဂျင်းက ကြိုးစားခဲ့သည်။ မြန်မာနိုင် ငံသည် ဘီဂျင်းကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုသော ပထမဆုံး (ကွန်မြူနစ်အုပ်စုပြင်ပ) နိုင်ငံတခုဖြစ်ခဲ့ သည်။

၁၉၆၂ တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်တွင်မူ ရည်မှန်းချက်ကြီး၍ မှန်းဆရန်ခက်သော ဗိုလ်ချုပ် ကြီးနေဝင်းကို တရုတ်တို့က စိုးရွံ့ပူပန်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီ သူပုန်များကို အလုံးစုံ ထောက်ပံ့ကူ ညီရန် ပြင်ဆင်လာကြတော့သည်။

၁၉၆၇ တွင် စီးပွားရေးယိုယွင်းလာမှုကြောင့် ဒေါသထွက်နေသော ပြည်သူလူထုကို အာရုံပြောင်းရန် တပ်မ တော် ခေါင်းဆောင်များက စနစ်တကျ လျှို့ဝှက်စီစဉ်သော တရုတ်-မြန်မာအဓိကရုဏ်း ရန်ကုန်မြို့တွင် ဖြစ် ပွားသောအခါ မြန်မာပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ရန် တရုတ်တို့ အကြောင်းပြချက် ရသွားခဲ့လေသည်။ ၁၉၆၈ နှစ်သစ်ကူးနေ့တွင်မူ တရုတ်ပြည် ယူနန်ပြည်နယ်မှ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တပ်များ မြန်မာပြည်မြောက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ နောက်ထပ် ဆယ်စုနှစ်တစုလုံးလုံး အင်ဒိုချိုင်းနား ကျွန်း ဆွယ်အပြင်ဘက် ကွန်မြူနစ်လှုပ်ရှားမှုများထက် ဗမာပြည်ကွန်မြူနစ်ပါတီကိုသာ တရုတ်နိုင်ငံက အကူအညီ များ ပိုမိုပုံအောလောင်းထည့်ခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ “ပြည်သူ့အသံ” ဝါဒဖြန့် ရေဒီယိုအသံလွှင့်မှု အစီအစဉ်ကိုလည်း ၁၉၇၁ တွင် ယူ နန်ပြည်နယ်ဘက်အခြမ်းမှနေ၍ စတင်ထုတ်လွှင့်ပေးခဲ့ပြန်သည်။ ထို့အပြင် ထောင်ပေါင်းများစွာသော တရုတ် လူမျိုးများ (ဝလူမျိုးများ အပါအဝင်) နယ်စပ်ကို ဖြတ်ကျော်စီးဝင်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီကို အလုံးစုံ ကူညီဖြည့်ဆည်းပေးခဲ့သည်။

၁၉၇၆ ခုနှစ် မော်စီတုန်း ကွယ်လွန်ပြီးနောက် မရှေးမနှောင်းတွင် လက်တွေ့ဝါဒီ တိန့်ရှောက်ဖိန် အာဏာရရှိ သွားသည့် အချိန်တွင်မူ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့ ပုံအောကူညီမှု ဇာတ်သိမ်းခန်းအစ ဖြစ် လာခဲ့သည်။ ဒေသတွင်း ကွန်မြူနစ်တော်လှန်ရေးလှုပ်ရှားမှုများကို ဆက်လက်အားပေးရန် ဘီဂျင်းက စိတ်ဝင် စားခြင်းမရှိတော့ပါ။ ထိုအချိန်ကစ၍ မြန်မာတို့၏ ကြွယ်ဝသော သစ်တောများ၊ သတ္တုသယံဇာတများ၊ သဘာ ဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ် အလားအလာတို့ကို ဘီဂျင်းက အာသာငမ်းငမ်း မက်မောတောင့်တလာခဲ့ခြင်း ဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့၏ ပံ့ပိုးမှု အဆုံးသတ်လိုက်ခြင်းသည် တရုတ်-မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်လာသော ခေတ်သစ်တခုကို အစပျိုးလိုက်ခြင်းဖြစ်ပြီး ၁၉၈၈ သွေးစွန်းသော ဒီမိုကရေစီ အရေး တော်ပုံအပြီးတွင်မူ တဆင့်ပြီးတဆင့် ခုန်ပျံကျော်လွှား ကြီးထွားလာခဲ့တော့သည်။ ၁၉၉၁ မှစ၍ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းမြောက်မြားစွာကို ထောက်ပံ့ကူညီခဲ့သည့်အပြင် အခြေခံအဆောက်အဦ စီမံကိန်းများစွာ တွင်လည်း တရုတ်ပညာရှင်များ လာရောက်ကူညီခဲ့ကြသည်။

၁၉၅၀ ခုနှစ်များနောက်ပိုင်း မြန်မာနိုင်ငံ၌ ပထမဆုံး နိုင်ငံခြားစစ်ဘက်အရာရှိများ အခြေချမှုအဖြစ် တရုတ် စစ်ဘက်အကြံပေးများလည်း တသုတ်ပြီးတသုတ် လာရောက်ခဲ့ကြသည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ် ရေးသည်လည်း တဟုန်ထိုး ဖွံ့ထွားလာတော့သည်။

မကြာသေးမီကပင် တရုတ်နိုင်ငံက အတိုးနည်းချေးငွေများ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီခဲ့သည်။ အနောက် ပိတ်ဆို့မှုဒဏ်ခံ မြန်မာစီးပွားရေးတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် အလွန်အရေးပါပြီး အထူးသဖြင့် စွမ်းအင် ကဏ္ဍတွင် ပုံအောစီးဝင်လာသည်။ ဘင်္ဂလားပင်လယ်အော်မှ သဘာဝဓာတ်ငွေ့ကို တရုတ်သို့ ပို့မည့် ပိုက် လိုင်းစီမံကိန်းတွင် အရှေ့အလယ်ပိုင်းရေနံများကို ယာဉ်ကြောပိတ် မလက္ကာရေလက်ကြားကို ရှောင်ရှားသယ် ယူမည့် ရေနံစိမ်းပိုက်လိုင်းတခု ယှဉ်တွဲ တိုးချဲ့ခံခြင်းသည် ထင်ရှားသော သာဓကတခုပင် ဖြစ်သည်။

ထိုသို့ တရုတ်နိုင်ငံအပေါ် ကြီးမားစွာ မှီခိုနေရခြင်းသည် မြန်မာစစ်ဘက်ခေါင်းဆောင်များစွာအကြား စိုးရိမ် ကြောင့်ကြမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ခေါင်းဆောင်များသည် သူတို့ တချိန်က တရုတ်နောက်ခံ ဗကပ တပ်များနှင့် တိုက်ခဲ့ရသောစစ်ပွဲကို မမေ့နိုင်သလို ဗကပအသွင်ဆောင် တရုတ်နှင့် ဝတပ်ဖွဲ့များ၏ လက်ချက် ဖြင့် သူတို့၏ ရဲဘော်ရဲဘက်များ ကျဆုံးခဲ့ရခြင်းကိုလည်း မမေ့ကြပါ။ အဆိုပါ မမေ့နိုင်စရာ အတိတ်ကို ၂၀၀၅ ခုနှစ်က ဝါရှင်တန်တွင် နိုင်ငံရေးခိုလှုံခဲ့သော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြည်ပ ရောက် မြန်မာများ၏ သတင်းဝက်ဘ်ဆိုက်တခုတွင် ပြန်လည်တူးဆွထားသည်။

သမ္မတ ဦးသိန်းစိန်၏ တမံရပ်ဆိုင်းမှု ကြေညာချက်အပြီးတွင် တရုတ်တို့က ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုထားကြသော်လည်း မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်သူ CNPC ကုမ္ပဏီက ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်သော ပြည်တွင်းအစီရင်ခံစာတွင် တမံအရွယ်အစားသည် လိုသည်ထက် ပို၍ ကြီးမားလွန်းကြောင်း တင်ပြကာ စီမံကိန်းကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ခြင်းကို အကဲခတ် စောင့်ကြည့်သူများက ထောက်ပြထား သည်။ တရုတ်နိုင်ငံသည် ဧရာဝတီ၏ အခြား မြစ်လက်တက်များပေါ်တွင်လည်း အကြီးစားတမံ ၆ ခု တည် ဆောက်ရန် ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုးထားသည်။

ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်က ရဲရဲဝင့်ဝင့် ကြေညာချက် ထုတ်ပြန်လိုက်ခြင်းသည် တရုတ်-မြန်မာ ဆက်ဆံ ရေးယိုယွင်းလာခြင်းနှင့် မြန်မာနိုင်ငံက နိုင်ငံတကာဆက်ဆံရေး ဟန်ချက်ညီအောင် ကြိုးစားနေခြင်းကို ထုတ် ဖော်ပြသနေသည်။ ယခင်က ကျင့်သုံးခဲ့ဖူးသော ဘက်မလိုက်မူဝါဒကို ပြန်လည်ချဉ်းကပ်ခြင်းလည်း ဖြစ် ကောင်းဖြစ်နိုင်ပေသည်။

အချို့အကဲခတ်စောင့်ကြည့်သူ ပညာရှင်များကမူ မြန်မာအစိုးရအပေါ် ဘီဂျင်း၏ လွှမ်းမိုးမှုသည် ပုံကြီးချဲ့ထား ခြင်းသာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ အစီရင်ခံစာများတွင် မကြာခဏ ဖော်ပြနေကြသည့် “မြန် မာနိုင်ငံ၏ ယုံကြည်စိတ်ချ အားကိုးမှု” ဆိုသည်ကို ဘီဂျင်းက အမှန်တကယ် ရခဲ့ခြင်းမဟုတ်ပါဟု မဟာဗျူ ဟာလေ့လာရေး သုတေသနပညာရှင် စာရေးဆရာ Andrew Selth က တင်ပြခဲ့သည်။ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချပေးနေသူများက ပြသနေသော အထောက်အထားတခုမှာ တရုတ်နိုင်ငံသည် ၁၉၈၉ မှစ၍ မြန်မာနိုင်ငံအား ဒေါ်လာ ၁.၆ ဘီလျံ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ရောင်းချ ကူညီပေးခဲ့သော်လည်း လတ်တလောတွင် မြန်မာအစိုးရက ရုရှား၊ ယူကရိန်းနှင့် မြောက်ကိုးရီးယားနိုင်ငံများထံ ပြောင်းလဲဝယ်ယူကာ ယင်း၏ လက်နက်ဖူလုံရေးအစီအစဉ်ကို ခွဲဝေဖြန့်ကျက်ခဲ့သော အချက်ပင်ဖြစ်သည်။

မြန်မာအစိုးရသည် အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးစားရာတွင် ဒီမိုကရေစီကို ပြည့်ဝစွာ အ ကောင်အထည်ဖော်ခြင်းအစား ‘တရုတ်ဝှက်ဖဲ’ ကို ထုတ်သုံးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပုံရသည်။ မြန်မာအစိုးရ တာဝန်ရှိသူတဦး ရေးသားကာ နေပြည်တော်ထိပ်ပိုင်းအဆင့်က ခွင့်ပြုခဲ့သည်ဟုကြားသိရသော ဘန်ကောက် ပို့စ်သတင်းစာပါ ‘ရေးသူအမည်မပါ’ ဆောင်းပါးတပုဒ်တွင် “ကျနော်တို့နိုင်ငံကို တရုတ်သြဇာခံ ပြည်နယ်တခု မဖြစ်စေလိုပါ။ သို့သော် ကျနော်တို့နိုင်ငံကို ရွေးချယ်စရာမရှိသော ထောင့်ကျဉ်း၌ ပိတ်မိအောင်၊ တရုတ်နိုင်ငံ ကို ပို၍ မှီခိုရအောင် အနောက်နိုင်ငံများက အတင်းအကျပ် မပြုလုပ်သင့်ပါ” ဟု ဖော်ပြထားသည်။

ဤစကားစုတွင် အတင်းအကျပ်ဆိုသည်မှာ စစ်မှန်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်း ဆိုခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အစိုးရဘက်က အမြင်ကို ကြည့်ပါက တရုတ်ခြိမ်းခြောက်မှု ဝှက်ဖဲကို ထုတ် ကစားခြင်းဖြင့် အနောက်နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို အလွယ်တကူ ရရှိနိုင်မည်ဖြစ်ကာ အ နောက်နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှု လျော့ပါးသွားရန် မျှော်လင့်ခြင်းဖြစ်ပေလိမ့်မည်။

သို့သော် နိုင်ငံကို ဘယ်လိုအုပ်ချုပ်သလဲ ဆိုသည်မှာ ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်း၊ မြန်မာအစိုးရက မ ကြာခဏ ထုတ်ဖော်ပြောဆိုလျက်ရှိပေသည်။ မြန်မာအစိုးရ၏ တီးလုံးအတိုင်း လိုက်၍ ကမလား ဆိုသည်ကို အနောက်နိုင်ငံများက ဆုံးဖြတ်ရလိမ့်မည်။

ဘာတစ်လ်လင်တနာ
(Save the Irrawaddy ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
(Yale Global မှ 3 Oct 2011 ရက်စွဲပါ Bertil Lintner ၏ “Burma delivers its first rebuff to China” သတင်းကို ဘာသာပြန်သည်)
မူရင်း Link: http://yaleglobal.yale.edu/content/burma-delivers-its-first-rebuff-china

No comments: