တပတ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်မည်ဆိုသည့် ကောလာဟလပ်ံ့
Published on October 7, 2011 by အေးနိုင်မြန်မာနိုင်ငံအကျဉ်း ဦးစီးဌာနက အကျဉ်းသားတွေကို မကြာခင်ကာလအတွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့ ကောလဟလတွေ ထောင်အသိုင်းအဝိုင်းမှာ ထွက်ပေါ်နေသလို ပြင်ဆင်မှုတချို့ကိုလည်း ကြားသိနေရပါတယ်။
ထွက်ပေါ် နေချက်တွေအရ လာမယ့် အောက်တိုဘာ ၁၄ ရက်မှာ သမ္မတကြီးဦးသိန်းစိန် အိန္ဒိယနိုင်ငံ ခရီးစဉ်မတိုင်မီ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ပြောဆိုနေကြောင်း အင်းစိန်ထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ကျနော်တို့ ဒီမှာကြားနေတာက ဦးသိန်းစိန် အိန္ဒိယမသွားခင်လို့တော့ အဲလိုကြားနေတယ်။ သွားမယ့်ဟာကလည်း ၁၄ ရက်နေ့လို့ကြားနေတယ်။ ဒါပေမယ့် ကျနော်တို့စောင့်ကြည့်နေတာက တနင်္လာ၊ အင်္ဂါ ဖြစ်နိုင်မလားပေါ့” လို့ ပြောပါတယ်။
ဒီလွတ်ငြိမ်း ချမ်းသာခွင့်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း ပြန်လည် လွတ်မြောက် လာနိုင်ဖွယ်ရှိပြီး စာရင်းကောက်ယူမှုတွေလည်း ရှိတယ်လို့ ဒီကနေ့ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတချို့က ပြောတယ်လို့ သူက ပြောပါတယ်။
“ဒီနေ့ လွတ်ရက်စေ့လွတ်လာတဲ့ မုံရွာကအဖွဲ့တွေ ပြောသွားပုံအရဆိုရင် တချို့လူတွေ ဓာတ်ပုံရိုက်တာတွေတော့ လုပ်ပြီပေါ့နော်။ ဘိုးတော်ခင်ဝင်းဆိုရင် တယောက်ကတော့ ဘယ်နေ့ ဘယ်ရက်ကယ်လို့တော့ ပြောလို့မရဘူးပေါ့နော် ‘အိတ်သာပြင်ထား’ လို့ ဘိုးတော်ခင်ဝင်းကို ပြောသွားတဲ့ ဝန်ထမ်းတွေ တချို့လည်း ရှိတယ်တဲ့” လို့ ပြောပါတယ်။
နိုင်ငံတဝန်း က အကျဉ်းထောင်တွေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ဝန်းကျင်ခန့်ရှိနေတာလို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။
တချို့ ပြောဆိုချက်တွေမှာဆိုရင် လာမယ့်အောက်တိုဘာ ၁၂ရက်နေ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ဆိုပါတယ်။
ဦးခင်ဝင်း (ခ) ဘိုးတော်ခင်ဝင်းဟာ ၁၉ဂဂနဲ့ ၂ဝဝဝပြည့်နှစ်တွေက အကျဉ်းကျခံရဖူးတဲ့ နိုင်ငံရေးလှုပ်ရှားသူတဦး ဖြစ်ပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းချီးမြှင့်တဲ့ အညတြသူရဲကောင်းဆုရှင်တဦးဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ဆွေးနွေးတဲ့အထဲမှာ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ရေးလည်း ပါဝင်ပါတယ်။
No comments:
Post a Comment