မြင်သာတဲ့ အပြောင်းအလဲ ဖြစ်ဖို့ လိုတယ်လို့ ဒေါ်စုပြော
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နိုင်နေပြီလို့ ဆိုပေမယ့် တကယ်တမ်း လက်ဆုပ်လက်ကိုင် ပြနိုင်စရာ အပြောင်းအလဲ ဖြစ်ဖို့တော့ လိုသေးတယ်လို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီကို ပြောပါတယ်။
ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍတွေမှာ တိုးတက်မှုတွေ ရှိတယ် ဆိုတာကို ပြည်သူတွေ တကယ်တမ်း ခံစားနိုင်မှ ရေရှည် အပြောင်း အလဲ ဖြစ်တယ်လို့ ပြောနိုင်ကြောင်း ရန်ကုန် မြို့မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ကိုချိုနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
၂၀၀၈ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ အခြေခံ ဥပဒေထဲမှာ ပါတဲ့ တချို့အချက်တွေဟာ တိုင်းပြည်အတွက် အကျိုးမရှိတဲ့အတွက် သူ့ရဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လက်မခံနိုင်တာ ဖြစ်ပြီး ဒီအချက်တွေကို ပြောင်းလဲနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် လက်နက်ကိုင် တိုင်းရင်းသား အရေး ကြားဝင် ဖြေရှင်းပေးဖို့ သက်ဆိုင်ရာ ကာယကံရှင် တွေက သူ့ကို တောင်းဆိုလာရင် သူ့အနေနဲ့ ကူညီဖို့ အသင့်ရှိတယ်လို့လည်း ပြောပါတယ်။
စီးပွားရေးအရ sanction ဒဏ်ခတ်ပိတ်ဆို့ ခံနေရမှု ဖယ်ရှားရေးကတော့ sanction လုပ်ထားတဲ့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ပဲ ဆိုင်ကြောင်း၊ အဲဒီနိုင်ငံတွေရဲ့ တောင်းဆို ထားချက်တွေကလည်း မြန်မာနိုင်ငံအကျိုးကို ရှေ့ရှုပြီး တောင်းဆိုထားတာမို့ NLD အနေနဲ့ sanction ကို မကန့်ကွက်ခဲ့တာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
No comments:
Post a Comment